ရုတ်တရက် ကြည့်လိုက်ရင် စမ်းသပ်ဖန်ပြွန် ထဲက ခပ်နောက်နောက် ရေဟာ ရေမြောင်းထဲက ခပ်ထားတဲ့ ရေလို့ ထင်စရာ ရှိပါတယ်။ ဒါပေမယ့် သေသေခြာခြား ကြည့်ရင် ဒီ ရေထဲမှာ ဆံချည်မျှင်လို အမျှင်လေးတွေ အများအပြား မြောပါနေတာကို တွေ့ကြရမှာပါ။ ဒီ ဆံချည်မျှင်လို အမျှင် လေးတွေဟာ တကယ်တော့ ဆဲလ် တစ်လုံးပဲ ပါတဲ့ ဘက်တီးရီးယား တွေ ဖြစ်ပါတယ်။
ဘက်တီးရီးယား တွေဟာ ပုံမှန်ဆို အလွန် သေးတာမို့ သာမန် မျက်စေ့နဲ့ မမြင်နိုင် ပါဘူး။ မိုက်ကရို စကုပ် ခေါ် အဏုကြည့် မှန်ပြောင်းနဲ့ ကြည့်မှသာ မြင်နိုင်တာပါ။ ဒါပေမယ့် အခု ဘက်တီးရီးယား တွေကတော့ သာမန် မျက်စေ့နဲ့ မြင်နိုင်ပါတယ်။
ဘက်တီးရီးယား ဆိုတာက ဆဲလ် တစ်လုံးထဲ ပါတဲ့ သက်ရှိတွေ ဖြစ်ကြပါတယ်။
“ဒီ ဘက်တီးရီးယား တွေဟာ အခြား ဘက်တီးရီးယား အများစုထက် အဆ ၅,၀၀၀ လောက် ပိုပြီး ကြီးပါတယ်။ ဒါကို ဥပမာ ပြရရင် ဧဝရက် တောင်လောက် အမြင့်ရှိတဲ့ လူတစ်ဦးနဲ့ နှိုင်းကြည့်လို့ ရပါတယ်” လို့ အမေရိကန် ပြည်ထောင်စု စွမ်းအင်ဌာန က သုတေသီ တစ်ဦး ဖြစ်သူ ဂျင်းမာရီး ဗိုလန် (Jean-Marie Volland) က ရှင်းပြပါတယ်။
ဗိုလန် ဦးဆောင်တဲ့ သုတေသီ အဖွဲ့ဟာ ဒီ ဘက်တီးရီးယား တွေကို အသေးစိတ် လေ့လာ ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ လေ့လာ တွေ့ရှိမှုကို ဇွန်လ ၂၄ ရက်နေ့ထုတ် Science သုတေသန ဂျာနယ်မှာ စာတမ်း ပြုစု တင်ပြ ထားပါတယ်။ သူတို့ရဲ့ စာတမ်းမှာ ဒီ ဘက်တီးရီးယားရဲ့ သွင်ပြင် လက္ခဏာတွေ၊ ဘဝဖြစ်စဉ် (life cycle) နဲ့ မျိုးရိုးဗီဇ အချက်အလက် (genomic features) တွေကို လေ့လာ တင်ပြ ထားပါတယ်။
ဘက်တီးရီးယာ အများစုရဲ့ မျိုးရီုးဗီဇ ဖြစ်တဲ့ ဒီအင်အေ ဟာ ဘက်တီးရီးယား ဆဲလ်ရဲ့ ဆဲလ်တွင်း ရေကြည် (cytoplasm) ထဲမှာ လွင့်မျောနေလေ့ ရှိကြပါတယ်။ ဒါပေမယ့် အခု အသစ် တွေ့ရတဲ့ ဘက်တီးရီးယား ကြီးကတော့ သူ့ရဲ့ ဒီအင်အေကို ပိုပြီး စနစ်တကျ ထားသို တာကို တွေ့ကြရ ပါတယ်။
“အခု သုတေသနမှာ အံ့ဩဖွယ် ရှာဖွေ တွေ့ရှိမှုကတော့ ဒီ ဘက်တီးရီးယားရဲ့ ဆဲလ်ထဲမှာ ပြန့်နှံ့နေတဲ့ ဒီအင်အေ တွေဟာ တကယ်တမ်းမှာ အမြှေးပါး လေးနဲ့ ကာရံထားတဲ့ အဖွဲ့အစည်း တစ်ခု အတွင်းထဲမှာ ရှိနေတာပဲ ဖြစ်ပါတယ်” လို့ ဗိုလန် က ရှင်းပြပါတယ်။
“ဒါဟာ ဘက်တီးရီးယား တွေအတွက် တကယ့်ကို မမျှော်လင့်တဲ့ တွေ့ရှိမှုပါ” လို့ သူက ဆက်ရှင်းပြပါတယ်။
ဒီရေတောထဲမှာ ရှာတွေ့ခဲ့တယ်
ဒီ ဘက်တီးရီးယား တွေကို ဗိုလန်နဲ့ အဖွဲ့က ရှာတွေ့ ခဲ့တာတော့ မဟုတ်ပါဘူး။ သူတို့ကို ရေကြောင်း ဇီဝဗေဒ ပညာရှင် တစ်ဦးဖြစ်သူ အိုလစ်ဗီယာ ဂရော့စ် (Olivier Gros) က ၂၀၀၉ ခုနှစ်မှာ ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။
သူက တကယ်တော့ ဒီရေတော (mangrove) တွေကို အထူးပြု လေ့လာ ခဲ့တာ ဖြစ်ပါတယ်။ သူ့ သုတေသန ဓါတ်ခွဲခန်းနဲ့ မလှမ်းမကမ်းက ဒီရေတော ထဲက ဆာဖာလ် အသုံးပြုပြီး အောက်ဆီဂျင် ထုတ်ပေးတဲ့ ဘက်တီးရီးယားတွေကို ရှာဖွေရင်း အမှတ်မထင် တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။
“သူတို့ကို စတွေ့စက ကျွန်တော်က ထူးဆန်းတယ်တော့ ထင်မိသားပဲ။ ပထမတော့ စပ်စုစရာ အသစ်အဆန်း တစ်ခု လို့ပဲ မြင်မိတာပါ။ အဖြူရောင် အမျှင်လေးတွေ ရေထဲက သစ်ရွက်တွေမှာ တွယ်ကပ်နေတာ မြင်ရတော့ စိတ်ဝင်စားမိ တာပေါ့” လို့ ပြန်ပြောင်း ပြောပြပါတယ်။
သူဟာ ဒီ အမျှင်လေး တွေကို ဓါတ်ခွဲခန်းမှာ နောက်နှစ် အတန်ကြာအောင် အဏုကြည့် မှန်ပြောင်းအောက်မှာ လေ့လာခဲ့ ပါတယ်။ ဒီအခါမှာ ဒီ အမျှင် လေးတွေဟာ ဆာလ်ဖာကို စားပြီး အောက်ဆီဂျင် ထုတ်ပေးတဲ့ ဘက်တီးရီးယား ပိုးတွေ ဖြစ်နေတာကို တွေ့ခဲ့ရတာပါ။
ဒီ ဘက်တီးရီးယားကို တွေ့မြင်ရတဲ့ အခြား ပညာရှင် များကလဲ ပထမ ဒီအကောင်တွေဟာ ဘက်တီးရီးယားတွေ ဆိုတာကို မယုံကြည် ကြပါဘူး။ ဒီ အကောင် တွေဟာ အရမ်းကို ကြီးလွန်းပြီး အမျှင်တွေ အမြောက်အများနဲ့ ဖွဲ့စည်း ထားတယ်လို့ ထင်ခဲ့ ကြပါတယ်။
ဂရော့စ်ဟာ နှစ်အတန်ကြာ လေ့လာ အပြီးမှာတော့ ဒါတွေဟာ Thiomargarita မျိုးစု (genus) ဝင် ဘက်တီးရီးယား တွေ ဖြစ်ကြတယ် ဆိုတာကို သဘော ပေါက်သွားပါတယ်။ သူက ဒီ ဘက်တီးရီးယား တွေကို Ca. Thiomargarita magnifica လို့ အမည် ပေးခဲ့ ပါတယ်။
Magnifica လို့ အမည် ပေးရ တာကတော့ magnus ဆိုတဲ့ လက်တင် စကားလုံးက “ကြီးမားတယ်” ဆိုတဲ့ အဓိပ္ပါယ် ရလို့ပဲ ဖြစ်ပါတယ်။ နောက်ပြီး ပြင်သစ် စကားလုံး magnifique (ခမ်းနားသော) နဲ့လဲ ခပ်ဆင်ဆင် တူလို့ ဖြစ်ပါတယ်။
ဒီ ဘက်တီးရီးယား ကြီးကို ရှာဖွေ တွေ့ရှိ ခဲ့မှုကြောင့် ဘက်တီးရီးယား တွေရဲ့ ပြင်ပ သွင်ပြင် လက္ခဏာ တွေနဲ့ ပတ်သက်လို့ မေးစရာ မေးခွန်းတွေ အများအပြား ထွက်ပေါ် လာခဲ့ပါတယ်။
ဧရာမ ဘက်တီးရီးယားကြီး၏ လက္ခဏာများအား ရှာဖွေဖော်ထုတ်ခြင်း
ပါမောက္ခ ဂရော့စ် ရဲ့ ဓါတ်ခွဲခန်းကို ဒေါက်တာ ဘွဲလွန် သုတေသီ အနေနဲ့ အသစ် ရောက်ရှိ လာတာကတော့ ဗိုလန် ပဲ ဖြစ်ပါတယ်။ ဒီ ဓါတ်ခွဲခန်း ကနေ အမေရိကန် စွမ်းအင် ဌာန သုတေသန ဓါတ်ခွဲခန်းကို ဗိုလန် ပြောင်းသွားတော့ ပါမောက္ခ ဂရော့စ်က ဗိုလန်ကို ဒီ ဘက်တီးရီးယား တွေကို ဆက်လက် လေ့လာဖို့ ခွင့်ပြု ခဲ့ပါတယ်။
ဗိုလန်နဲ့ အဖွဲ့ဟာ ဒီ ဘက်တီးရီးယားကြီးကို သုံးဖက်မြင် 3D အနေနဲ့ ပုံကြီးချဲ့ပြီး ပုံဖော်ကြည့် ခဲ့ကြပါတယ်။ အဏုကြည့် မှန်ပြောင်း နည်းပညာ မျိုးစုံကို အသုံးပြုပြီး ဒီ ဘက်တီးရီးယား ကြီးကို သုတေသန ပြုခဲ့ ကြပါတယ်။ ဒီနည်းနဲ့ ဘက်တီးရီးယား ဆဲလ် အတွင်းက ဒီအင်အေတွေ ကို ထိန်းသိမ်း ထားတဲ့ အမြှေးပါး အခန်းကို ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒီ ဘက်တီးရီးယား ရဲ့ မျိုးရီုးဗီဇ (genome) ကို လဲ အသေးစိတ် လေ့လာ ခဲ့ကြပါတယ်။ ဒီ ဘက်တီးရီးယား ကြီးရဲ့ ဒီအင်အေ ပမာဏဟာ သာမန် ဘက်တီးရီးယား တွေထက် ၃ ဆ လောက် ပိုများနေ တာကို တွေ့ကြရ ပါတယ်။
မေးခွန်းသစ်များ
ဒီ သုတေသန ရလဒ် ကနေ မေးခွန်းသစ်တွေလဲ အများအပြား ထွက်ပေါ် လာခဲ့ပါတယ်။ ပထမ မေးခွန်းကတော့ ဒီ ဘက်တီးရီးယား က ဒီရေတော အတွင်းမှာ ဘယ်လို အခန်း ကနေ ပါဝင် နေလဲ ဆိုတာပဲ ဖြစ်ပါတယ်။ နောက်မေးခွန်း တစ်ခုကတော့ ဘက်တီးရီးယားရဲ့ ဒီအင်အေ တွေကို ထုပ်ထားတဲ့ အမြှေးပါး အခန်းကြောင့် ဘက်တီးရီးယား ဒီ လို အရွယ်အစား ရောက်အောင် ကြီးလာ တာလား ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။
နောက်ပြီး အခြား ဘက်တီးရီးယား မျိုးနွယ်စု တွေမှာရော ဒီလို အမြှေးပါးနဲ့ ကာထားတဲ့ အခန်းမျိုး ရှိသလား ဆိုတာပဲ ဖြစ်ပါတယ်။
ဒီ အမြှေးပါး အခန်းတွေ ဘယ်လို ဖြစ်လာသလဲ၊ ဘယ်လို ဖွဲ့စည်း ထားသလဲ၊ ဘယ်လို အလုပ်လုပ်လဲ ဆိုတာတွေနဲ့ ပါတ်သက်တဲ့ မေးခွန်း တွေကိုလဲ ပညာရှင်တွေ ဖြေကြားနိုင်စွမ်း မရှိကြ သေးပါဘူး။
အချို့ ဇီဝဗေဒ ပညာရှင် တွေကတော့ ဒီ ဘက်တီးရီးယား တွေကို ဓါတ်ခွဲခန်းမှာ အောင်မြင်စွာ မွေးမြူနိုင် ခဲ့မယ်ဆို ဒီ မေးခွန်း တွေကို အတိုင်းအတာ တစ်ခု အထိ ဖြေကြား ပေးနိုင်မယ်လို့ မျှော်လင့်နေ ကြပါတယ်။
Ref: Giant Bacteria – 5,000 Times Bigger Than Normal – Discovered in Guadeloupe Mangroves | SciTech Daily