Skip to content

ဘာ့ကြောင့် ချိုင်းချွေးနံ့ နံရတာလဲ

  • Health
အချို့သူတွေမှာ ချိုင်းချွေးနံ့ နံ့တာဟာ ပြဿနာ တစ်ရပ် ဖြစ်လာစေနိုင်ပါတယ်

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကိုယ်တွေ့ အဖြစ်အပျက် ကလေးပါ။ အဲ့သည်တုန်းက အခုလို မိုဘိုင်း အင်တာနက်တွေ မရသေးဘူးဗျ။ အင်တာနက် သုံးချင်ရင် အင်တာနက် ကဖေးတွေမှာ သွားသုံးရတယ်။ အဲ့ခေတ်ကို မှီတဲ့ သူတွေ မှတ်မိကြအုံးမှာပါ။ တခါတော့ အင်တာနက်ဆိုင် သွားထိုင်သုံးရင်း ဘေးနားမှာ ကောင်မလေး အလန်းလေး တစ်ယောက် လာထိုင်လေရဲ့။ ကိုယ်ကလဲ ပျော်သွားတာပေါ့။ ကောင်မလေးက စကတ် အတိုလေးနဲ့ အတော်လေး လန်းတာဗျ။

အဲ့ ခနနေတော့ နှာခေါင်းထဲကို အတော် ဆိုးတဲ့ အနံ့ဆိုး တစ်ခု ဝင်လာလေရဲ့။ ဟ .. ငါ့ ချိုင်းနံ့များလားဆို မသိမသာ ကိုယ့်ချိုင်းနံ့ ကိုယ်နမ်းကြည့်သေး။ မဟုတ်ဘူးဗျ။ ခနနေတော့မှ သဘောပေါက်သွားတယ်။ ဘေးက ကောင်မလေး အလန်းလေး ဆီကကိုး (ကျွန်တော့် တခြားတဖက်မှာ ထိုင်နေတဲ့သူ မရှိဘူးဗျ)။ ချိုင်းနံ့က အတော် ဆိုးတာဗျာ။ ကျွန်တော်လဲ အင်တာနက်တောင် ပြီးအောင် ဆက်မသုံးနိုင်တော့ဘူး။ အမြန်ပြန် ပြေးလာခဲ့ရတယ်။

ဒီလို အဖြစ်မျိုး စာဖတ်သူတွေလဲ ကြုံဖူးကြမှာပါ။ မြန်မာပြည်လို ပူအိုက်တဲ့ ရာသီဥတု ရှိတဲ့ ဒေသမှာ နေတဲ့ သူတွေအတွက် ချွေးထွက် များတာ မဆန်းပါဘူး။ ချွေးတစိုစို အိုက်စပ်အိုက်စပ်နဲ့ အတော်လေး နေရခက်တဲ့ အထဲ ချွေးနံ့ဆိုး ထွက်နေရင် ပိုတောင် ဆိုးသေး။ အထူးသဖြင့် ကိုယ်က ကောင်မလေးနဲ့ ချိန်းထားတာ ကိုယ့်ကိုယ်ကနေ ချွေးဆော်နံနေရင် တော်တော် ဒုက္ခရောက်တာဗျ။

ဒါဆို ဘာ့ကြောင့် ချိုင်းချွေးနံ့ နံရတာပါလဲ။ ချိုင်းချွေးနံ့ကလဲ လူတိုင်း မနံဘူးဗျ။ အနံ့ထွက်တဲ့သူ ထွက်ပြီး မထွက်တဲ့သူ မထွက်ဘူးဗျ။ အရေးပြား ဆရာဝန်တွေကတော့ ချွေးနံ့နံတာဟာ ရောဂါတစ်ခု မဟုတ်လို့ စိုးရိမ်စရာ မရှိပါဘူး လို့ ဆိုကြပါတယ်။ ချွေးထွက်တယ် ဆိုတာက ကိုယ်ခန္ဒာရဲ့ အပူချိန်ကို မလွန်ကဲအောင် ထိန်းကြောင်းတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ရာသီဥတု ပူတဲ့ အခါမျိုး၊ စိတ်လှုပ်ရှားတဲ့ အခါမျိုး နဲ့ ကိုယ်လက်လှုပ်ရှားမှု များလာတဲ့အခါမျိုးမှာ ချွေးထွက်တာဟာ ကိုယ်ခန္ဒာရဲ့ ပုံမှန် တုန့်ပြန်မှု တစ်ရပ်ပါလို့ သူတို့က ထောက်ပြကြပါတယ်။

ဆေးပညာရှင်တွေက ဒီလို ပြောပေမယ့်လဲ ချွေးနံ့နံတာက အနံ့ထွက်တဲ့ သူအတွက်ကတော့ အတော်လေး ဆိုးရွားတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဘယ်သူမှ ကိုယ်နံ့နံတာမျိုး မလိုချင် ကြပါဘူး။ ဒါဆို ဘာ့ကြောင့် ချွေးနံ့ နံရတာလဲ။ ချွေးနံ့ မနံအောင် ဘယ်လို လုပ်လို့ ရနိုင်မလဲ။

ဘာ့ကြောင့်ချွေးနံ့နံရတာလဲ

ပုံမှန် ဆိုရင်တော့ ချွေးမှာ အနံ့ မရှိပါဘူး။ ဒါပေမယ့် လူ့ကိုယ်ခန္ဒာ အရေပြားပေါ်မှာ ဘက်တီးရီးယား ပိုးမွှားတွေ အမြောက်အများ ရှိပါတယ်။ ဒီ ဘက်တီးရီးယားတွေက ချွေးမှာပါတဲ့ ဓါတုပစ္စည်းတွေကို ဖြိုခွဲတဲ့ အခါမှာ အနံ့ထွက်လာတာ ဖြစ်ပါတယ်။

ကိုယ်ခန္ဒာပေါ်မှာ ချွေးထုတ်ပေးတဲ့ ဂလင်း (sweat glands) နှစ်မျိုး ရှိပါတယ်။ (ဂလင်း (glands) ဆိုတာ ကိုယ်ခန္ဒာမှာ  အရည် (သို့) ဟော်မုန်း (သို့) ဓါတုပစ္စည်း တစ်ခုခုကို ထုတ်ပေးနိုင်တဲ့ အင်္ဂါ အားလုံးကို ခေါ်တာ ဖြစ်ပါတယ်။  ဥပမာ ချွေးဂလင်း၊ မျက်ရည် ဂလင်း၊ နို့ရည် ဂလင်း၊​ တံတွေးဂလင်း)။  ပထမ တစ်မျိုးကတော့ အက်ခရိုင်း (Eccrine glands) လို့ခေါ်တဲ့ ဂလင်းအမျိုးအစား ဖြစ်ပါတယ်။ ဒီ ဂလင်းတွေကို တစ်ကိုယ်လုံးက အရေးပြားအနှံ့မှာ တွေ့ရပါတယ်။ ဒီဂလင်းက ထုတ်တဲ့ ချွေးဟာ အရောင်မရှိ၊ အနံ့မရှိ ပါဘူး။ နောက်ပြီး ကိုယ်ခန္ဒာ အရေပြားပေါ် ရောက်တာနဲ့ သိပ်မကြာခင်ပဲ အငွေ့ပျံ သွားလေ့ရှိပါတယ်။

နောက်ဂလင်း တစ်မျိုးကတော့ အေပိုခရိုင်း (Apocrine glands) လို့ခေါ်တဲ့ ချွေးဂလင်းတွေ ဖြစ်ပါတယ်။ ဒီ ဂလင်းတွေကိုတော့ ကိုယ်ခန္ဒာပေါ်မှာ အမွှေးထူတဲ့ နေရာတွေမှာ တွေ့ရလေ့ ရှိပါတယ်။ ဥပမာ ချိုင်းကြား၊ ပေါင်ကြား လို နေရာတွေမှာပေါ့။ ဒီဂလင်းတွေက ကြတော့ ချွေးကို အမွှေးရဲ့ အရင်းမှာ ထုတ်ပေးတာ ဖြစ်ပြီး ချွေးရည်က ဒီအမွှေးတလျှောက် စီးထွက်လာတာ ဖြစ်ပါတယ်။

ဒီ အေပိုခရိုင်း ချွေးဂလင်းတွေကနေ ချွေးတွေ ထုတ်ပေးလိုက်တဲ့ အခါ ဒီချွေးတွေက အမွှေးတွေ ပေါ်မှာ မှီတင်းနေထိုင် ကြတဲ့ ဘက်တီးရီးယား တွေနဲ့ တွေ့ပါတယ်။ ဒီအခါ ဒီ ဘက်တီးရီးယားတွေက ချွေးထဲ ပါလာတဲ့ ဓါတုပစ္စည်းတွေကို ဖြိုခွဲလိုက်တဲ့ အခါ အနံ့ထွက် လာတာ လို့ ဆေးပညာရှင်တွေက ယုံကြည်ကြပါတယ်။

ဒီ အေပိုခရိုင်း ဂလင်းတွေဟာ လူတစ်ယောက် စိတ်လှုပ်ရှားတဲ့ အခါမျိုးမှာ ချွေးကို ထုတ်ပေးလေ့ ရှိပါတယ်။ အချို့လူတွေမှာ ဒီ ဂလင်းတွေကို ထိန်းချုပ်တဲ့ အာရုံကြောတွေ ပိုပြီး လှုပ်ရှားမှု များတဲ့ အတွက် ဒီလိုလူတွေမှာ ချွေးထွက်လဲ ပိုများကြပါတယ်။ ဒီလို ချွေးထွက်များတာကို ဖြစ်တာကို ဆေးပညာ သဘောအရတော့ ဟိုက်ပါဟိုက်ဒရိုးစစ် (hyperhidrosis) လို့ ခေါ်ပါတယ်။ ဒီလို ချွေးထွက် များတဲ့ သူတွေမှာ ချိုင်းချွေးနံ့ နံတာ ပိုများတတ်ပါတယ်။

ရုတ်တရက်ချိုင်းချွေးနံ့နံလာတာဘာဖြစ်လို့လဲ

ချိုင်းချွေးနံ့ ထွက်လေ့ရှိတဲ့ သူတွေ မကြာခန သတိထားမိ တာကတော့ ချိုင်းချွေးနံ့က အမြဲ မနံဘူး ဆိုတာပါပဲ။ တခါတလေ ချိုင်းချွေးနံ့ မထွက်ပဲ နေတတ်ပြီး တခါတလေ ကိုယ့်ဟာကိုယ်တောင် မခံနိုင်အောင် ချွေးနံ့နံလာတာမျိုး ကြုံဖူးကြမှာပါ။ ဒါဆို ချိုင်းချွေးနံ့ နံလာတာ ဘာ့ကြောင့်လဲ။ ဘက်တီးရီးယား တစ်ခုထဲ ကြောင့်လား။

အကယ်လို့ သင်အရင်က ချိုင်းချွေးနံ့ မနံခဲ့ဘူး၊ အခုမှ နံလာတယ် ဆိုရင် ဘာ့ကြောင့် ဖြစ်နိုင်ပါသလဲ။

အစားအသောက်ကြောင့်

ချိုင်းချွေးနံ့ ထွက်ရတဲ့ တရားခံတွေထဲက အဓိက တရားခံဟာ အစား အသောက်ပဲ ဖြစ်ပါတယ်။ အချို့အစားအစာ တွေဟာ ချိုင်းချွေးနံ့ နံတာကို ပိုပြီး ဖြစ်စေပါတယ်။ အထူးသဖြင့် ဆာလ်ဖာ (Sulphur) ပါတဲ့ အစားအစာတွေဟာ ချိုင်းချွေးနံ့ နံတာကို ဆိုးရွားစေပါတယ်။ ဒီလိုဘာ့ကြောင့် ဖြစ်ရသလဲ ဆိုတော့ ဒီ ဆာလ်ဖာကို လူ့ကိုယ်ခန္ဒာက အပြည့်အဝ ချေဖျက်နိုင်စွမ်း မရှိလို့ပါ။ ဒီတော့ ဒီ မကြေညက်တဲ့ ဆာလာ်ဖာ ဒြပ်ပေါင်းတွေဟာ ကိုယ်ခန္ဒာကနေ အငွေ့အဖြစ်နဲ့ ထွက်လာကြပါတယ်။ အသက်ရှူလိုက်တဲ့ လေထဲမှာ ပါလာသလို ချွေးပေါက်တွေကနေလဲ စိမ့်ထွက်လာပြီး ကိုယ်နံ့ကို ဖြစ်စေပါတယ်။ 

ဒီလို အနံထွက် စေတဲ့ အစားအစာတွေကို ဥပမာ ပေးရရင် 

  • ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စနွင်း၊ မဆလာနဲ့ ဟင်းခတ် အမွှေးအကြိုင်တွေ
  • ကညွတ်၊ ဒညင်းသီး၊ ဆူးပုပ်ရွက်
  • ဖိုက်ဘာ များတဲ့ ဟင်းရွက်တွေ (မုန့်ညင်း၊ ပန်းဂေါ်ဖီ၊ ဘရိုကိုလီပွင့်)
  • အရက်

စိတ်ဖိစီးမှုကြောင့်

စိတ်ဖိစီးမှု များလာရင် အေပိုခရိုင်း ဂလင်း ကနေ ထုတ်တဲ့ ချွေးထွက်တာလဲ များလာပါတယ်။ ဒီချွေးက အမွှေးပေါ် တိုက်ရိုက် ရောက်သွားတာမို့ ချွေးနံ့ကို ပိုဆိုးစေနိုင်ပါတယ်။

တကိုယ်ရေ သန့်ရှင်းရေး

တကိုယ်ရေ သန့်ရှင်းရေး မကောင်းသူတွေမှာ ကိုယ်ခန္ဒာပေါ်က ဘက်တီးရီးယား ပမာဏလဲ များလာတာမို့ ချွေးနံထွက်တာလဲ ပိုများလာပါတယ်။

ရောဂါကြောင့်

အချို့သော ရောဂါတွေဟာလဲ ချွေးနံကို ပိုမိုဆိုးရွားစေပါတယ်။ ဥပမာ ကျောက်ကပ် မကောင်းတဲ့ သူတွေ၊ အသည်း မကောင်းတဲ့ သူတွေ နဲ့ ဆီးချိုရောဂါ ရှိသူတွေမှာ သာမန်နဲ့ မတူတဲ့ ချွေးနံ့မျိုးတွေ ရှိတတ်ကြပါတယ်။

ချိုင်းချွေးနံ့မနံအောင်ဘယ်လိုကာကွယ်မလဲ

ချိုင်းချွေးနံ့ မနံအောင်၊ အနံ့ သက်သာအောင် ကာကွယ်လို့ ရပါတယ်။

တကိုယ်ရေ သန့်ရှင်းရေး

အရေးအကြီး ဆုံး ကာကွယ်ရေးကတော့ တကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ဖို့ပဲ ဖြစ်ပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေ တစ်ကြိမ် ချိုးပေးပါ။ အထူးသဖြင့် ပူအိုက်ပြီး ချွေးထွက်များတဲ့ ရာသီဥတု မျိုးမှာ တစ်နေ့ကို နှစ်ခါလောက် ရချိုးသင့်ပါတယ်။ ရေချိုးခြင်းဖြင့် ကိုယ်ခန္ဒာက ချွေးတွေကိုလဲ ဖယ်ရှားပေးနိုင်မှာ ဖြစ်သလို ဘက်တီးရီးယားတွေရဲ့ အရေအတွက်လဲ လျော့ကျသွားစေ နိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ခန္ဒာက အနံ့ဆိုးတွေကိုလဲ ဖယ်ရှားပေးနိုင်ပါတယ်။

ဆပ်ပြာ

ပုံမှန် ရေချိုးတာ အနံ့ပျောက်အောင် မစွမ်းဆောင်နိုင် ဘူးဆိုရင် ပိုးသတ်ဆေး ပါတဲ့ ဆပ်ပြာတွေကို ရွေးချယ် သုံးစွဲ နိုင်ပါတယ်။ ဥပမာ အလွယ်တကူ ဝယ်လို့ရနိုင်တဲ့ ဒက်တောဆပ်ပြာ လိုမျိုး အသုံးပြုနိုင်ပါတယ်။

အစားအသောက်

အပေါ်မှာ ပြောခဲ့တဲ့ အနံ့ထွက် စေတဲ့ အစားအသောက်တွေ လျှော့စားတာ၊ ရှောင်တာမျိုးလဲ စမ်းသပ်ကြည့်နိုင်ပါတယ်။ အထူးသဖြင့် အနံထွက် များတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေ အများကြီး ပါတဲ့ အစားအစာတွေ၊ ဒညင်းသီး၊ ဆူးပုတ်ရွက်လို အစားအစာမျိုးတွေနဲ့ မဆလာနဲ့ အခြား ဟင်းခတ် အမွှေးအကြိုင်တွေ အများကြီး ပါတဲ့ အစားအစာတွေကို ရှောင်ကျဉ်သင့်ပါတယ်။

အဝတ်အစား

ပါးလျာတဲ့ ချည်ထည် (100% cotton) အဝတ်အစားတွေဟာ ချွေးထွက်တဲ့ အခါ အလွယ်တကူ အငွေ့ပျံစေလို့ ချွေးနံ့ထွက်တာ လျော့နည်းစေနိုင်ပါတယ်။ နိုင်လွန်တို့ (nylon)၊ ပိုလီယက်စတာ (polyesters) တို့လို အစမျိုးနဲ့ ချုပ်ထားတဲ့ အဝတ်အထည်တွေဟာ ချွေးငွေ့ပျံဖို့ ခဲယဉ်းတာမို့ ချွေးနံနံတာကို ပိုဆိုးစေနိုင်ပါတယ်။

ချိုင်းမွှေးရိတ်ပေးပါ

ဟုတ်ကဲ့ပါ။ ချိုင်းမွှေးတွေ များနေရင် အမွှေးပေါ်မှာ ကပ်နေတဲ့ ဘက်တီးရီးယားတွေကြောင့် ချွေးနံ့နံတာ ပိုဆိုးစေပါတယ်။ ချိုင်းမွှေးတွေနဲ့ဆိုတော့ (အထူးသဖြင့် မိန်းကလေးတွေ) ကြည့်လို့လဲ မကောင်းဘူး ပေ့ါဗျာ။

ချွေးနံ့ပျောက်ဆေး သုံးပါ

ချွေးနံ့ပျောက်ဆေးတွေရဲ့ အဓိက လုပ်ငန်းက ဘက်တီးရီးယား အရေအတွက် လျော့နည်းအောင် ပြုလုပ်ပေးတာပဲ ဖြစ်ပါတယ်။ ဆိုင်တွေမှာ ဝယ်တဲ့ အခါ ရေးထားတာကို သေချာ ဖတ်ကြည့်ဖို့ လိုပါမယ်။ 

Deodorant လို့ ရေးထားရင် ချွေးနံ့ပျောက်အောင်၊ အနံမထွက်အောင် အဓိက တားဆီးပေးတာ ဖြစ်ပါတယ်။ ဒါမျိုးက ချွေးသိပ်မထွက်ပေမယ့် ချွေးနံ့နံတဲ့ သူတွေအတွက် အသုံးပြုဖို့ ဖြစ်ပါတယ်။

အချို့ ချွေးနံ့ပျောက်ဆေးတွေမှာ ချွေးထွက်နဲအောင် လုပ်ပေးတဲ့ ပစ္စည်းတွေ ပါဝင်ပါတယ်။ ဒီပစ္စည်းတွေက ချွေးထွက် ဂလင်းတွေရဲ့ အပေါက်လေးတွေကို ပိတ်အောင် လုပ်ပေးတာ ဖြစ်ပါတယ်။ ဒါမျိုးက ချွေးထွက် များတဲ့ သူတွေ အတွက် အသုံးပြုဖို့ ဖြစ်ပါတယ်။ ဒီ ပစ္စည်းတွေမှာတော့ deodorant လို့ရော Antiperspirant လို့ပါ ရေးထားပါလိမ့်မယ်။ ချွေးသိပ်မထွက်တဲ့ သူတွေကတော့ မသုံးသင့်ပါဘူး။

ဆရာဝန် ပြမယ်

အပေါ်က ပြောခဲ့သလိုမျိုး ကြိုးစားလို့မှ အနံထွက်တာ လျော့မသွားဘူး၊ အနံ့ထွက်တာ ဆိုးရွားနေ တုန်းပဲ ဆိုရင်တော့ အရေပြား ဆရာဝန်နဲ့ ပြသပြီး အကြံဉာဏ် ရယူနိုင်ပါတယ် ခင်ဗျာ။ ဆေးကုသရေး မှာ သုံးတဲ့ ချွေးနံ့ပျောက်ဆေးတွေ၊ ဘက်တီးရီးယား သေအောင် သတ်တဲ့ လိမ်းဆေးတွေ၊ ဆေးထိုးပြီး ဂလင်းတွေကို ပိတ်ပစ်တဲ့ နည်းတွေ အစရှိသဖြင့် သင့်တော်တဲ့ နည်းလမ်းကို အရေပြား ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှု ခံယူနိုင်ပါတယ်။

References:
Why Do My Armpits Smell So Bad? A Dermatologist Weighs In | Women’s Health
Why Do I Have Body Odor? | VeryWell Health

error: