Skip to content

ကမ္ဘာ့ရေချိုကန်များ အလျှင်အမြန် ခမ်းခြောက်လာနေ

  • Earth
Fresh water lake

ကမ္ဘာပေါ်မှာ ရှိတဲ့ ကုန်းတွင်း ရေချိုကန် တွေဟာ ရေညှိတွေ ထိန်းမနိုင် သိမ်းမရ ပေါက်ပွားလာမှု ပြဿနာနဲ့ အောက်ဆီဂျင် ဆုံးရှုံးမှု ပြဿနာ တွေနဲ့ ကြုံတွေ့နေ ခဲ့ရတာ နှစ်ပေါင်းများစွာ ကြာမြင့် ခဲ့ပါပြီ။ အခုအခါ သုတေသန တစ်ခုအရ ဒီ ရေချိုကန်တွေက ရေတွေဟာ အလျှင်အမြန် အငွေ့ပျံ ခမ်းခြောက်လို့ လာနေတယ်လို့ သိရပါတယ်။

အခု သုတေသနကို အမေရိကန် ပြည်ထောင်စု တက္ကဆတ် ပြည်နယ် တက္ကသိုလ်က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီ ဖြစ်စဉ်ဟာ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှု အပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ သုတေသီ တွေက ယုံကြည် ကြပါတယ်။

ကုန်းတွင်း ရေချိုကန် တွေဟာ ကမ္ဘာ့ မျက်နှာပြင် ဧရိယာ စတုရန်း ကီလိုမီတာ ၅ သန်း ခန့်ကို ဖုံးလွှမ်း ထားပါတယ်။ ဒီ ရေချိုကန်တွေဟာ ကမ္ဘာ့ ရေချို ထဲက အရည် အဖြစ် ရှိနေတဲ့ (ရေခဲအဖြစ် မရှိနေတဲ့) ရေချို ပမာဏ ရဲ့ ၉၀% လောက်ကို သိမ်းဆည်းပေး ထားတာပါ။

ဒီ ရေချိုကန် တွေကို မှီတင်းပြီးလဲ ရေချို ငါး ပုဇွန်တွေ အများအပြား မှီတင် နေထိုင် ကြပါတယ်။ အခြား ရေချိုမှာ ပေါက်ပွားတဲ့ အပင် အမျိုးစုံလဲ ရှင်သန် နေထိုင် ကြပါတယ်။

ဒါပေမယ့် ကမ္ဘာကြီး ပိုမို ပူနွေး လာမှုနဲ့ နေရာင်ခြည် ပိုမို ကျရောက် လာမှုတွေက ဒီ ရေချိုကန် တွေရဲ့ ရေငွေ့ပျံ နှုန်းကို ပိုမို မြင့်မား လာစေပါတယ်။ ကမ္ဘာ့ အပူချိန် တက်လာတာနဲ့ အတူ တိမ်ဖြစ်ပေါ်မှုလဲ နည်းပါးလာ ပါတယ်။ ဒီအခါ နေရောင်ကို ကာကွယ်ပေးနိုင်စွမ်း နည်းပါး လာတာမို့ ရေချိုကန် တွေအပေါ် ကျရောက်တဲ့ နေရောင် ပမာဏလဲ ပိုမို များပြား လာခဲ့ပါတယ်။

ဒီ အချက်တွေ အားလုံးက ရေချိုကန် တွေထဲက ရေငွေ့ပျံနှုန်းကို ပိုမြန်လာ  စေပါတယ်။

အရင်တုန်းက ဒီ ရေချိုကန်တွေက ရေငွေ့ပျံ နှုန်းကို ရေမျက်နှာပြင် အကျယ်အဝန်းနဲ့ အပူချိန်ပေါ် မူတည်ပြီး တွက်ချက်ခဲ့ ကြပါတယ်။ ဒါပေမယ့် ဒီလို တွက်ချက်ရာမှာ ရေငွေ့ပျံ နှုန်းကို အပြောင်းအလဲ ဖြစ်စေနိုင်တဲ့ ပတ်ဝန်းကျင် အခြေအနေ တွေကို ထည့်တွင်း တွက်ချက်တာ သိပ်မရှိ ခဲ့ပါဘူး။

ဒါ့ကြောင့်လဲ ဒီလို ရရှိလာတဲ့ ရလဒ်တွေဟာ သိပ်ပြီး တိကျမှု မရှိခဲ့ ပါဘူး။ အထူးသဖြင့် ကမ္ဘာပေါ်က ကန် တစ်ခုချင်း စီရဲ့ သဘာဝ ပတ်ဝန်းကျင် အခြေအနေ တွေကို ထည့်သွင်းပြီး အသေးစိတ် တွက်ချက်တာမျိုး မလုပ်ခဲ့ ကြပါဘူး။

အခု တက္ကဆတ် တက္ကသိုလ်က ပညာရှင် တွေကတော့ ကမ္ဘာပေါ်က ရေချိုကန်ပေါင်း ၁.၄၂ သန်း ရဲ့ ရေငွေ့ပျံ နှုန်းကို ကန် တစ်ခုချင်း စီအလိုက် အသေးစိတ် တွက်ချက် ထားခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ လိုအပ်တဲ့ အချက်အလက်တွေ ရရှိဖို့ ၁၉၈၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ် အထိ မိုးလေဝသ ဂြိုဟ်တု တွေကနေ ရိုက်ယူ ထားတဲ့ ကန်တစ်ခုချင်းစီရဲ့ လစဉ် ရေဆုံးရှုံးမှု ပမာဏကို အသုံးပြု ခဲ့ကြပါတယ်။

ဒီ အချက် တွေကို မူတည်ပြီး အပူချိန် အလိုက် ရေငွေ့ပျံနှုန်း၊ ကန်ရေမျက်နှာပြင် အကျယ်အဝန်း၊ ရေခဲမှု ကာလ၊ အပူ ထိန်းသိမ်းနိုင်မှု အစရှိတဲ့ အချက်တွေ ကို ထည့်သွင်းစဉ်းစားပြီး တကယ်လက်တွေ့ ရေငွေ့ပျံတဲ့ ပမာဏကို ကန် တစ်ခုချင်း စီအလိုက် တွက်ချက်ခဲ့ ကြပါတယ်။

သူတို့ရဲ့ တွက်ချက်မှု အရ နှစ်စဉ် ပျမ်းမျှ ရေငွေ့ပျံ မှုဟာ ၁,၅၀၀ ကုဗကီလိုမီတာ ပမာဏခန့် ရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ လီတာ နဲ့ဆို ၁,၅၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀ လီတာ ခန့် ပမာဏ ရှိပါတယ်။

ဒီ ရေငွေ့ပျံ နှုန်းဟာ ယခင် တွက်ချက် ခန့်မှန်းထားခဲ့ တာထက် ၁၅.၄ % ခန့် ပိုပြီး များနေပါတယ်။ 

ဒီလို ရေငွေ့ပျံမှု ပိုများလာ သလို ကမ္ဘာ့ လေထုထဲကို ဝင်ရောက်သွားတဲ့ ရေငွေ့ ပမာဏ ကလဲ နှစ်စဉ် ပိုတိုးပွားလို့ လာနေပါတယ်။

ဒီလို လေထုထဲ ဝင်ရောက်သွားတဲ့ ရေငွေ့ပမာဏရဲ့ ၁၆% ဟာ ကုန်းတွင်း ရေချိုကန် တွေကနေ လာတဲ့ ရေတွေ ဖြစ်ကြပါတယ်။ (ကျန်တာတွေက အဓိက ပင်လယ် သမုဒ္ဒရာ တွေကနေ လာတာပါ။)

ဒီလို ရေငွေ့ရဲ့ ၁၆% ကို ကုန်းတွင်း ရေချိုကန်တွေက ရပေမယ့် ဒီ ရေချိုကန် တွေထဲမှာ ရှိတဲ့ ရေပမာဏ ကတော့ ကမ္ဘာ့ ရေ ပမာဏ ရဲ့ ၅% တောင်မှ မှရှိပါဘူး။

 တနည်းအားဖြင့် ပြောရရင် ဒီ ကုန်းတွင်း ရေချိုကန် တွေဟာ သူတို့မှာ ရှိတဲ့ ရေပမာဏ အချိုးထက် ပိုပြီး ရေငွေ့ပြန် ဆုံးရှုံးနေတယ် ဆိုတာပဲ ဖြစ်ပါတယ်။

တကမ္ဘာလုံး အတိုင်းအတာ နဲ့ဆို ရေကန်တွေက ရေငွေ့ပျံ နှုန်းဟာ ဒီထက်တောင်မှ ပိုဆိုး နိုင်တယ်လို့ ဆိုပါတယ်။ နောက်ပြီး ဒီလို ရေငွေ့ပျံ ဆုံးရှုံးရမှု နှုန်းဟာ ဒီ ရေချိုတွေကို လူတွေက သောက်သုံးမှု၊ နေ့စဉ် သုံးစွဲမှု၊ စိုက်ပျိုးရေးနဲ့ စက်မှု လုပ်ငန်းတွေမှာ သုံးစွဲမှု အားလုံးပေါင်း ထက်တောင် ပိုများတယ်လို့ ပညာရှင် တွေက ခန့်မှန်း ကြပါတယ်။

အခု ပညာရှင် တွေက သူတို့ရဲ့ တွက်ချက်ထားတဲ့ အချက်အလက် တွေကို ကမ္ဘာ တဝန်းက ရေ အရင်းအမြစ် ပညာရှင်တွေ အသုံးချ နိုင်ဖို့ ဖြန့်ဝေ ပေးထားပါတယ်။ ဒီ အချက်အလက် တွေကို အသုံးချပြီး ရေကန် တစ်ကန်ချင်းရဲ့ ရေအရင်းအမြစ် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ အထောက်အကူ ပြုနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီ သတင်း အချက်အလက် တွေကို အသုံးချပြီး ရာသီဥတု ကြိုတင် ခန့်မှန်းမှု၊  မိုးခေါင်ရေရှား နဲ့ ရေလွှမ်းမိုးမှု ကြိုတင် ပြင်ဆင်ရေး နဲ့ သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှု ခန့်မှန်းခြင်း တွေမှာ အကျိုးရှိစွာ အသုံးချ နိုင်မှာ ဖြစ်တယ်လို့ သုတေသီ တွေက ဆိုကြပါတယ်။

Ref: A Disturbing Process Has Been Accelerating in Freshwater Lakes Worldwide, Study Finds | Science Alert

error: