Skip to content

အခြားဂြိုဟ်တွေပေါ် လူသားတွေခြေချနိုင်မယ့်အချိန်ကို နာဆာပညာရှင်တွေ ခန့်မှန်း

  • Space
အခြားဂြိုဟ်တွေပေါ် ခြေချနိုင်မယ့်အချိန်ကို နာဆာပညာရှင်တွေ ခန့်မှန်းထားပါတယ်

အမေရိကန် ပြည်ထောင်စု နာဆာ အာကာသ  အေဂျင်စီက သိပ္ပံ ပညာရှင် တွေက အခြားဂြိုဟ် တွေပေါ်ကို လူသားတွေ စတင် အခြေချ နိုင်မယ့် အချိန်ကို ကြိုတင် ဟောကိန်း ထုတ်လိုက် ကြပါတယ်။

ဒီဟောကိန်း ကို နာဆာရဲ့ ဂျက် တွန်ကန်အား ဓါတ်ခွဲခန်း (NASA’s Jet Propulsion Lab) က သိပ္ပံ ပညာရှင် တွေက ခန့်မှန်း တွက်ချက်ပြီး ဟောကိန်း ထုတ်လိုက်တာ ဖြစ်ပါတယ်။

နာဆာ အဖွဲ့ကြီးဟာ လူသား မျိုးနွယ် မျိုးတုံး ပျောက်ကွယ် သွားမယ့် အရေး ကနေ ကာကွယ်ဖို့ လူသားတွေ အခြား ဂြိုဟ်တွေဆီ ပျံံ့နှံ့ အခြေချ နေထိုင်နိုင်ဖို့ လုံးပမ်းနေပါတယ်။ ဒါပေမယ့် ဘယ်အချိန် ဘယ်ဂြိုဟ်တွေ ပေါ်မှာ အခြေချ နေထိုင် နိုင်မလဲ ဆိုတာကိုတော့ ထုတ်ပြန် ကြေငြာခြင်း မရှိပါဘူး။

အခုလို လူသားတွေ အခြား ဂြိုဟ်တွေပေါ်မှာ ရောက်ရှိ အခြေချ နိုင်မယ့် အချိန် Time line ခန့်မှန်းချက်ကို နာဆာ ပညာရှင် တွေက တွက်ချက်ပြီး သူတို့ရဲ့ ခန့်မှန်းချက်ကို သုတေသန စာတမ်း တစ်စောင်မှာ တင်ပြထားတာ ဖြစ်ပါတယ်။

သူတို့ရဲ့ အဆို အရ လူသားတွေဟာ ဒုတိယ ကမ္ဘာစစ် အပြီး အဏုမြူ လက်နက်တွေကို စတင် တီထွင်ခဲ့တဲ့ အချိန်က စလို့ “အန္တရာယ် ကာလ (Window of Peril)” ကို စတင် ဝင်ရောက် လာခဲ့တယ် လို့ ဆိုပါတယ်။ ဒီ အန္တရာယ် ကာလ ဟာ အခြား ဂြိုဟ်တွေပေါ်မှာ ခိုင်မာတဲ့ အခြေချ လူ့အဖွဲ့ အစည်းတွေ ဖွဲ့စည်း ထူထောင်နိုင်စွမ်း မရှိသရွေ့ ကုန်ဆုံးမှာ မဟုတ်ဘူး လို့ ဆိုပါတယ်။

ဒီ စာတမ်းက ဆက်လက်ပြီး ကမ္ဘာပေါ်ကနေ လူသားတွေ ထွက်ခွာပြီး အခြား ကြယ် အဖွဲ့အစည်းတွေပေါ် အခြေချ နိုင်မယ့် အချိန်ဇယားကို တွက်ချက် ခန့်မှန်း တင်ပြထားပါတယ်။

ဒီလို ခန့်မှန်း တွက်ချက်ရာမှာ နာဆာက ဒီ သိပ္ပံ ပညာရှင် တွေဟာ အနာဂါတ်မှာ ဖွံ့ဖြိုး တိုးတက်လာမယ့် ကွန်ပြူတာ စွမ်းရည်ကို အဓိက ထည့်သွင်း တွက်ချက် ထားပါတယ်။ သူတို့ရဲ့ အဆိုအရ လူသားတွေ အာကာသထဲ ခြေဆန့် နိုင်ဖို့အတွက် အလွန် အားကောင်းတဲ့ စွမ်းရည်မြင့် ကွန်ပြူတာတွေ လိုအပ်မယ်လို့ ဆိုပါတယ်။

သိပ္ပံ ပညာရှင် တွေဟာ “Great  Filter” ဆိုတဲ့ သီအိုရီကို အရင်က တင်ပြခဲ့ ကြပါတယ်။ ဒီ သီအိုရီ အရ အသိဉာဏ် မြင့်မားတဲ့ သက်ရှိ မျိုးနွယ်တွေဟာ တဖြည်းဖြည်း အလုံးစုံ ပျက်စီးရေး ဆီကို ဦးတည်နေကြတယ် လို့ ဟောကိန်း ထုတ်ထားပါတယ်။ 

ဒီ သီအိုရီက နာမည်ကျော် ရူပဗေဒ ပညာရှင် အွန်ရစ်ကို ဖာမီ (Nobel laureate Enrico Fermi) ရဲ့ ဝိရောဓိ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားရင်း ထွက်လာတဲ့ သီအိုရီ ဖြစ်ပါတယ်။ သူက စကြာဝဠာထဲမှာ ဒီ့လောက် ကြယ်တွေ ဂြိုဟ်တွေ မရေမတွက် နိုင်အောင် ရှိနေလျှက်နဲ့ ဘာ့ဖြစ်လို့ အခြား ဂြိုဟ်တွေမှာ သက်ရှိတွေ ရှိနေတဲ့အ ထောက်အထား လုံးဝ ရှာမတွေ့ ရတာလဲ ဆိုပြီး မေးခွန်း ထုတ်ခဲ့ပါတယ်။

ဒီ မေးခွန်းကို ဖြေဖို့ ဒီ “Great Filter” မဟာ စစ်ထုတ်မှုကြီး သီအိုရီနဲ့ ဖြေရှင်းဖို့ ကြိုးစားကြတာပါ။ သက်ရှိတွေဟာ အသိဉာဏ်မြင့်ပြီး အဆင့် မြင့်လာ တာနဲ့ အမျှ မိမိတို့ရဲ့ နေထိုင်ရာ ဂြိုလ်ကို ပြန်လည် ဖျက်စီး ပစ်နိုင်မယ့် အဆင့်မြင့် လက်နက်ဆန်းတွေ တီထွင်လာကြမယ်။ တနေ့နေ့ တချိန်ချိန်မှာ ဒီလက်နက်တွေနဲ့ အချင်းချင်း ပြန်သတ်ပြီး သူတို့ရဲ့ ယဉ်ကျေးမှု အဖွဲ့အစည်းနဲ့ မျိုးဆက် တစ်ခုလုံး မျိုးတုန်းသွားမယ့် အခြေအနေတွေကို မလွဲမသွေ ဖန်တီးလာကြမယ် လို့ ဟောကိန်း ထုတ်ထားပါတယ်။

လက်တွေ့မှာလဲ လူသားတွေဟာ နေ့တဒူဝ မျိုးတုန်းမယ့် ဘေးအန္တရာယ် ဆိုးတွေ ကြုံတွေ့နိုင်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေ ကြရတာပါ။ အဏုမြူ စစ်ပွဲ အန္တရာယ်၊ ရာသီဥတု ပြောင်းလဲမှု၊ ရောဂါကပ်ဆိုး အစ ရှိတာတွေ နဲ့ အချိန်မရွေး ကြုံတွေ့ရ နိုင်ပါတယ်။ နောက်ပြီး ပြင်ပ ကမ္ဘာက ဥက္ကာပျံ ဝင်ရောက် လာနိုင်မှု၊ မီးတောင် ပေါက်ကွဲတာ မြေငလျှင်တွေ အကြီးအကျယ် လှုပ်တာ အစ ရှိတာတွေ ကလဲ အန္တရာယ် တခု အနေနဲ့ ရှိနေပါတယ်။ အခုဆို ပိုဆိုး လာတာက AI ခေါ် ဉာဏ်ရည်တု တွေက တချိန်မှာ လူသားတွေကို ပြန်လည် ရန်ပြုလာနိုင်တဲ့ ပြဿနာလဲ ရှိလာပါပြီ။

ဒီ အန္တရာယ်က လွတ်မြောက်ဖို့ အထင်ရှားဆုံး ထွက်ပေါက်ကတော့ ကမ္ဘာ့အပြင်ဖက်မှာ ကိုလိုနီ နယ်မြေတွေ ထူထောင် အခြေချ နေထိုင်ကြ ဖို့ပဲ ဖြစ်ပါတယ်။

ဒါဆို ကမ္ဘာ ပြင်ပမှာ အခြေချ နေထိုင်နိုင်ဖို့ ဘယ်လောက် ကြာဦးမှာလဲ။

“ကျွန်တော်တို့ရဲ့ တွေ့ရှိချက် တွေအရ လူလိုက်ပါတဲ့ ပထမဆုံး အာကာသ ခရီးစဉ်တွေဟာ အင်္ဂါဂြိုဟ်၊ ဂြိုဟ်သိမ် ခါးပတ် နဲ့ ကြာသပတေး ဂြိုဟ် နဲ့ စနေ ဂြိုဟ် တို့ရဲ့ လ တွေဆီကို ဒီ ၂၁ ရာစု မကုန်မီ ရောက်ရှိ ခြေချနိုင် ကြပါလိမ့်မယ်” လို့ သူတို့ရဲ့ စာတမ်းမှာ ရေးသား ထားပါတယ်။

ဒီစာတမ်းရဲ့ အဆိုအရ လူသား တွေဟာ အင်္ဂါဂြိုဟ် (မားစ် ဂြိုဟ်) ပေါ်ကို သက္ကရာဇ် ၂၀၃၈ ခုနှစ်မှာ ပထမဆုံး စတင် ခြေချ နိုင်မယ်လို့ ဆိုပါတယ်။ သက္ကရာဇ် ၂၀၆၄ ခုနှစ် မှာတော့ အင်္ဂါဂြိုဟ် နဲ့ ကြာသပတေး ဂြိုဟ် နှစ်ခုကြားက ဂြိုဟ်သိမ်ခါးပတ် (ဥက္ကာပျံ ဥက္ကာတုံး အမြောက် အများ နေကို ပတ် နေတဲ့ နေရာ) ကို ရောက်ရှိ လေ့လာ နိုင်မယ် လို့ ဆိုပါတယ်။

ကျွန်တော်တို့ နေနဲ့ အနီးဆုံး ကြယ် ဖြစ်တဲ့ ပရောက်ဆီမာ ဆင်တော်ရီ (Proxima Centauri) ကြယ်ရှိရာ ဆီကိုတော့ သက္ကရာဇ် ၂၂၅၄ ခန့်မှာ ရောက်ရှိ နိုင်မယ်လို့ ဆိုပါတယ်။

အားသွန်ခွန်စိုက်နဲ့ တစိုက်မတ်မတ် ကြိးပမ်း အားထုတ်တဲ့ အာကာသ စူးစမ်း ရှာဖွေရေး စီမံကိန်း တွေဟာ လူသား မျိုးနွယ်စု ဆက်လက် ရှင်သန် နိုင်ရေးအတွက် မရှိမဖြစ် လိုအပ်တယ်လို့ သူတို့ စာတမ်းမှာ ဆက်လက် တင်ပြ ထားပါတယ်။ ဒီလို အာကာသ စူးစမ်း လေ့လာရေး စီမံကိန်းတွေမှာ ကမ္ဘာ ပြင်ပ မှာ အခြေချ နေထိုင်နိုင်ရေး စီမံကိန်းတွေလဲ မရှိမဖြစ် ပါဝင်ဖို့ လိုအပ်တယ်လို့ သူတို့က ပြောပါတယ်။

ကမ္ဘာ့ လူသား မျိုးနွယ်စုကို မျိုးတုန်း ပြောက်ကွယ် သွားစေနိုင်တဲ့ လူလုပ် ဘေးဆိုး ကပ်ဆိုးတွေနဲ့ သဘာဝ ကပ်ဘေး တွေကို ကြံ့ကြံ့ခံပြီး ဆက်လက် ရှင်သန် နေနိုင်ဖို့ ဆိုရင် ကမ္ဘာ ပြင်ပမှာ အကူအညီ မလိုပဲ သီးခြား လွတ်လပ်စွာ ရပ်တည် ရှင်သန် နေနိုင်မယ့် အခြေချ ကိုလိုနီ နယ်မြေတွေ အနည်းဆုံး တစ်ခုတော့ ထူထောင် နိုင်ဖို့ လိုတယ် လို့ သူတို့က သုံးသပ် တင်ပြပါတယ်။ ဖြစ်နိုင်ရင် ကမ္ဘာပြင်ပ ကိုလိုနီ နယ်မြေ တစ်ခုမက ထူထောင်နိုင်အောင် ကြိုးစား ကြရမယ် လို့ အကြံပြုထားပါတယ်။

မူရင်း သုတေသန စာတမ်း ကို ဒီနေရာမှာ ဖတ်ရှု နိုင်ပါတယ် Avoiding the “Great Filter”: A Projected Timeframe for Human Expansion Off-World

Reference: NASA Scientists Predict Settlements on Moons of Saturn, Jupiter | Futurism

error: