Skip to content

ကြယ်ပေါက်ကွဲမှု ဖြစ်စဉ် အစအဆုံး မှတ်တမ်းတင်နိုင်ခဲ့

  • Space
ဆူပါနိုဗာ ကြယ်ပေါက်ကွဲမှု ဖြစ်စဉ်ကို အစအဆုံး မှတ်တမ်းတင်နိုင် ခဲ့ပါတယ်

ကြယ်တစ်စင်း ရဲ့နောက်ဆုံး ပေါက်ကွဲသွားတဲ့ ဖြစ်စဉ်ကို ပထမဆုံး အနေနဲ့ အစဆုံး မြင်တွေ့ပြီး လေ့လာ မှတ်တမ်းတင်နိုင် ခဲ့တယ်လို့ သိရပါတယ်။

ဧရာမ ကြယ်နီကြီး တစ်စင်း (Red super giant) ရဲ့ နောက်ဆုံး အသက်ငင် နေတဲ့ ဖြစ်စဉ်ကနေပြီး ဆူပါနိုဗာ ကြီးအဖြစ် ပေါက်ကွဲ ထွက်သွားတဲ့ ဖြစ်စဉ် အထိ ကို အသေးစိတ် လေ့လာ မှတ်တမ်း တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ နက္ခတ် သိပ္ပံ သုတေသန သမိုင်းမှာ ဒီလို ဖြစ်စဉ်ကို ပထမဆုံးအကြိမ်အဖြစ် အပြည့်အဝ မှတ်တမ်းတင်နိုင်ခြင်းလို့ သိပ္ပံ ပညာရှင်တွေက ပြောပါတယ်။

အခု ဖြစ်စဉ်ကို အမေရိကန် ပြည်ထောင်စု ဟာဝိုင်ရီ ကျွန်းမှာ ရှိတဲ့ ဟာဝိုင်ရီ တက္ကသိုလ်ရဲ့ နက္ခတ်ဗေဒ ဌာနက ပညာရှင်တွေက ရှာဖွေ တွေ့ရှိ လေ့လာ မှတ်တမ်းတင် နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ဟာ ဟာဝိုင်ရီ ကျွန်းစုထဲက မာဥူဝီ ကျွန်းပေါ် ဟာလီအာကာလာ တောင်ထိပ်က Pan-STARRS နက္ခတ်မျှော်စင် (Haleakalā, Maui) နဲ့ မာအူနာကီယာ ကျွန်းပေါ်က ကက် နက္ခတ်မျှော်စင် (W.M. Keck Observatory on Maunakea) တွေကနေ လေ့လာ ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီ ဖြစ်စဉ်ကို တွေ့ရှိခဲ့တဲ့ ပညာရှင် တွေဟာ သက်တမ်းနု ဆူပါနိုဗာ ကြယ်ပေါက်ကွဲမှု ဖြစ်စဉ် သုတေသန (Young Supernova Experiment (YSE) transient survey) ကို ပြုလုပ်နေကြတဲ့ ပညာရှင် တစ်စု ဖြစ်ပါတယ်။ သူတို့ဟာ ဒီ ဧရာမ ကြယ်နီကြီး ရဲ့ နောက်ဆုံး အသက်ငင်နေတဲ့ ရက်ပေါင်း ၁၃၀ ကြာ ကာလကို အသေးစိတ် လေ့လာ မှတ်တမ်း တင်နိုင်ခဲ့ ကြပါတယ်။

“အခု တွေ့ရှိချက်က ဧရာမ ကြယ်ကြီးတွေရဲ့ နောက်ဆုံး မသေဆုံးမီ ကာလမှာ ဘာတွေ ဖြစ်သလဲ ဆိုတာကို သိဖို့ အရေးပါတဲ့ တွေ့ရှိချက် ဖြစ်ပါတယ်” လို့ ဒီ သုတေသန စာတမ်းကို ဦးစီး တင်ပြခဲ့တဲ့ ဘာကလေ တက္ကသိုလ် (UC Berkeley) ဘွဲ့လွန် သုတေသီ ပညာရှင် ဝိန်း ဂျက်ကော့ဘ်ဆန်-ဂယ်လန် (Wynn Jacobson-Galán) က ရှင်းပြပါတယ်။

“အရင်က ဒီလို ဧရာမ ကြယ်နီကြီး တစ်လုံးရဲ့ မပေါက်ကွဲမီ ကာလကို တိုက်ရိုက် လေ့လာနိုင်ခြင်း မရှိခဲ့ ဖူးပါဘူး။ ပထမဆုံး အကြိမ်အနေနဲ့ ဧရာမ ကြယ်နီကြီး တစ်လုံး အသက်ငင်နေတဲ့ အချိန်ကနေ နောက်ဆုံး တစ်စစီ ပေါက်ကွဲ ထွက်သွားတာ အထိကို ကြည့်ရှုနိုင် ခဲ့တာ ဖြစ်ပါတယ်” လို့လဲ ဆက်ရှင်းပြပါတယ်။

သူတို့ရဲ့ တွေ့ရှိချက် တွေကို ဒီလထုတ် နက္ခတ်ရူပဗေဒ ဂျာနယ် (The Astrophysical Journal) မှာ တင်ပြထားပါတယ်။

 ဒီ ကြယ်နီကြီး အသက်ငင်နေတာကို ၂၀၂၀ နွေရာသီမှာ စတင် သတိထားမိ ခဲ့ကြတာလို့ ဆိုပါတယ်။ ဒီ ကြယ်ကနေ အလင်းရောင်တွေ အရမ်း တောက်ပနေတာကို သတိထားမိ ခဲ့ရာကနေ စပြီး တွေ့ရှိခဲ့ ကြတာပါ။

နောက်လအနည်းငယ် အကြာ ဆောင်းဦး ကာလမှာတော့ ဒီကြယ်ကြီးဟာ ဆူပါနိုဗာ ကြီးအနေနဲ့ ပေါက်ကွဲ ထွက်သွားပါတယ်။

ဒီ ပေါက်ကွဲမှုက ထွက်လာတဲ့ တောက်ပတဲ့ အလင်းရောင်တွေရဲ့ ရောင်စဉ် (spectrum) ကိုလဲ ပေါက်ကွဲမှု အဆင့်တိုင်းမှာ အသေးစိတ် ဖမ်းယူနိုင်လိုက်ပါတယ်။ (နေရဲ့ အလင်းရောင်က အရောင် ၇ မျိုးနဲ့ ပေါင်းစပ်ထားသလိုပဲ ကြယ်တွေရဲ့ အလင်းကလဲ အရောင်စုံ ပေါင်းစပ် ထားတာပါ။ ဒီလို ပင်ရင်း အရောင်တွေ အဖြစ် ပြန်ခွဲပြီး စစ်ဆေးတာကို ရောင်စဉ် စစ်ဆေးမှု (Spectrograph)  လို့ ခေါ်ပါတယ်။) 

ဒီ ရောင်စဉ် ခွဲခြမ်း စိတ်ဖြာ စမ်းသပ်မှု အရ ပေါက်ကွဲစဉ် ကာလမှာ ကြယ်ရဲ့ ပတ်ခြာလည်ကို အလွန် ထူထပ်သိပ်သည်းတဲ့ ဒြပ်ပစ္စည်းတွေနဲ့  လွှမ်းခြုံ ဖုံးလွှမ်းထားတယ်လို့ ဆိုပါတယ်။ ပညာရှင် တွေကတော့ ဒီ ပစ္စည်းတွေဟာ ကြယ်ကြီး မပေါက်ကွဲမီ ကာလမှာ ကြယ်ထဲကနေ လွင့်ထွက်လာတဲ့ ဓါတ်ငွေ့တွေ ဖြစ်မယ်လို့ ယူဆကြပါတယ်။

“အခု ဖြစ်စဉ်ကို စောင့်ကြည့်ရ တာက ရုပ်ရှင်တွေ ထဲမှာ ချိန်ကိုက်ဗုံး တစ်လုံး ပေါက်ခါနီး ဆဲဆဲ အချိန်နဲ့ ခပ်ဆင်ဆင်ပါပဲ” လို့ ဒီ သုတေသနမှာ ပါဝင်တဲ့ ပညာရှင် တစ်ဦးဖြစ်တဲ့ ရာဖေယဲလာ မာဂတ္တီ (Raffaella Margutti) က ပြောပါတယ်။

သူက ဆက်ပြီး “အရင်တုန်းက ဒါမျိုး ဧရာမ ကြယ်နီကြီး တစ်စင်း ကနေ တောက်ပတဲ့ အလင်းတွေ ထွက်လာပြီး ရုတ်တရက် ပေါက်ကွဲ ထွက်သွားတာ မျိုးကို တခါမှ မြင်တွေ့ခဲ့ရခြင်း မရှိပါဘူး” လို့ ပြောပါတယ်။

Red Giant ဧရာမ ကြယ်နီကြီး ပေါက်ကွဲသွားပုံကို ကွန်ပြူတာဖြင့် ပြန်လည် သရုပ်ဖော်ထားပုံ

အခု ပေါက်ကွဲမှုကို Supernova SN2020tlf  လို့ အမည် ပေးထားပါတယ်။ သုတေသီ တွေဟာ ကြယ် ပေါက်ကွဲမှု ဖြစ်စဉ် အပြီးမှာလဲ ဆက်လက်ပြီး စောင့်ကြည့် လေ့လာ ခဲ့ကြပါတယ်။

တိုင်းထွာ ရရှိတဲ့ အချက်အလက် တွေကို ခွဲခြမ်း စိတ်ဖြာ သုတေသန ပြုအပြီးမှာတော့ ဒီ ကြယ်နီကြီးရဲ့ အကွာအဝေးနဲ့ ဒြပ်ထုတွေကို တွက်ချက်နိုင်ခဲ့ပါတယ်။

သူတို့ရဲ့ တွက်ချက်မှု အရ ဒီကြယ်နီကြီးဟာ ကမ္ဘာကနေ အလင်းနှစ် သန်း ၁၂၀ အကွာမှာ ရှိတဲ့ NGC 5731 ဂလက်ဆီ ထဲမှာ ရှိတယ်လို့ ဆိုပါတယ်။ ဒီ ကြယ်ကြီးရဲ့ ဒြပ်ထု ပမာဏဟာ နေ ရဲ့ ဒြပ်ထု ပမာဏထက် ၁၀ ဆ ခန့် ပိုများတယ်လို့ ဆိုပါတယ်။

ဆက်စပ် ဆောင်းပါး – အလင်းနှစ် ဆိုတာဘာလဲ

အခု တွေ့ရှိချက်ဟာ ဧရာမ ကြယ်နီကြီးတွေရဲ့ နောက်ဆုံး အသက်ငင် နေတဲ့ ကာလ မှာ ဖြစ်ပေါ်တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်တဲ့ ယခင် အယူအဆ ဟောင်းတွေကို တော်လှန် ပြောင်းလဲ ပစ်လိုက်တာ ဖြစ်ပါတယ်။

အရင်ကတော့ ဒီလို ဧရာမ ကြယ်နီကြီးတွေ မပေါက်ကွဲမီ ကာလဟာ အများအားဖြင့် ငြိမ်သက် အေးချမ်း နေတဲ့ ကာလတွေ ဖြစ်မယ်လို့ ယူဆခဲ့ ကြတာပါ။ 

ဒါပေမယ့် အခုလို မပေါက်ကွဲမီ တောက်ပတဲ့ အလင်းရောင်တွေ ထွက်လာတာကို မြင်ရခြင်း အားဖြင့် ဒီလိုကြယ်ကြီးတွေ အထဲက အချို့ ကြယ်တွေရဲ့ အတွင်းပိုင်းမှာ ပေါက်ကွဲကာနီး အရေးပါတဲ့ အပြောင်းအလဲ တချို့ ဖြစ်လာတယ် ဆိုတာ ညွှန်ပြနေပါတယ်။ ဒီလို အလင်းရောင် တောက်ပလာ တာဟာ ကြယ် ပေါက်ကွဲကာနီးမှာ ကြယ်ရဲ့ အတွင်းပိုင်း ကနေ ဓါတ်ငွေ့တွေကို အရှိန်အဟုန်နဲ့ မှုတ်ထုတ် လိုက်တာကြောင့်လို့ ယူဆကြပါတယ်။

အခုတွေ့ရှိချက် တွေကို အခြေခံပြီး ဒီလို ပေါက်ကွဲခါနီး ကြယ်တွေကို ရှာဖွေဖို့ အချက်အလက် အသစ်တွေ ရရှိလာတယ်လို့ ဆိုပါတယ်။ နောက်ထပ် ထပ်မံ လေ့လာ ရရှိလာမယ့် ကြယ်ပေါက်ကွဲမှု အကြို ဖြစ်စဉ်တွေကို လေ့လာခြင်း အားဖြင့် ဧရာမ ကြယ်ကြီး တွေ ပေါက်ကွဲတော့မယ့် လက္ခဏာ တွေကို ရှာဖွနိုင်မှာ ဖြစ်ပါတယ်။

ဒီ သုတေသနကို ဦးစီးတဲ့ ပညာရှင်တွေ ကတော့ အခု တွေ့ရှိချက်က ရရှိလာတဲ့ အချက်အလက် တွေနဲ့ ပါတ်သက်လို့ စိတ်လှုပ်ရှား နေကြပါတယ်။ ဒီလို ကြယ်ပေါက်ကွဲမှု အကြိုကာလ ဖြစ်စဉ်တွေကနေပြီး ဧရာမ ကြယ်ကြီးတွေရဲ့ နောက်ဆုံး နေ့ရက်တွေမှာ ဘာတွေ ဖြစ်သလဲ ဆိုတဲ့ ပဟေဠိ ကို အဖြေရှာနိုင် ကြတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Reference: Astronomers witness a dying star reach its explosive end | phys.org

error: