Skip to content

အင်္ဂါဂြိုဟ် ပေါ်မှာ ရေအမြောက်အများ ရှာတွေ့

  • Space
အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင် အောက်မှာ ရေအမြောက်အများ ရှိတယ်ဆိုတဲ့ အထောက်အထား ရှာတွေ့ထားပါတယ်

အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင်မှာ ကန့်လန့်ကြီး ဖြစ်နေတဲ့ ကြီးမားတဲ့ ချောက်ကြီး ထဲမှာ ရေအမြောက်အများ ရှိနေနိုင်တယ်လို့ သိပ္ပံ ပညာရှင်တွေက ကြေငြာလိုက်ပါတယ်။

အခု တွေ့ရှိချက်ကို ဥရောပ အာကာသ အေဂျင်စီ (European Space Agency) နဲ့ ရုရှား အာကာသ အေဂျင်စီ (Roscosmos) တို့က ပူးတွဲ လွှတ်တင်ထားတဲ့ ExoMars Trace Gas Orbiter အင်္ဂါဂြိုဟ် လေ့လာရေး ဂြိုဟ်တုကနေ တိုင်းတာရရှိတဲ့ အချက်အလက်တွေကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြီး ကောက်ချက်ချ ခဲ့ကြတာ ဖြစ်ပါတယ်။

အခု တွေ့ရှိချက် အရ မားစ် ဂြိုဟ်ရဲ့ မြေသားထု အနက် တမီတာ (၃ ပေ) လောက် အနက်အထိ အတွင်းမှာ ရေ အမြောက်အများ ရှိနေတယ်လို့ ဆိုပါတယ်။ ဒီရေဟာ ရေခဲအဖြစ် သော်လည်းကောင်း၊ ဒါမှမဟုတ် အခြား သတ္တုတွေနဲ့ ပေါင်းစပ်ပြီး သော်လည်းကောင်း ရှိနေတယ်လို့ ဆိုပါတယ်။

အခု သုတေသန ဂြိုဟ်တုမှာ တပ်ဆင်ထားတဲ့ ကိရိယာတွေကို အသုံးပြုပြီး အင်္ဂါဂြိုဟ်ရဲ့ မြေအောက် ၁ မီတာ အနက်အထိ ရှာဖွေ တိုင်းထွာ ထောက်လှမ်း နိုင်ပါတယ်။ အထူးသဖြင့် မြေအောက်မှာ ရှိတဲ့ ရေကို ရှာဖွေ ထောက်လှမ်းနိုင်ပါတယ်။ ဒီလို ရှာဖွေမှုမျိုးကို အရင်က ပြုလုပ်နိုင်စွမ်း မရှိခဲ့ပါဘူး။

အခု တိုင်းထွာရရှိတဲ့ အချက်အလက် တွေအရ မားဂြိုဟ်ရဲ့ ချောက်ကြီးတွေ ထဲက မြေအောက်မှာ ဟိုက်ဒြိုဂျင် အမြောက်အများ တွေ့ရှိခဲ့ ရပါတယ်။ ဒီ ဟိုက်ဒြိုဂျင်တွေဟာ အောက်ဆီဂျင်နဲ့ ပေါင်းစပ်ပြီး ရေအဖြစ် တည်ရှိနေတာ ဖြစ်လိမ့်မယ်လို့ သုတေသီ တွေက ယူဆကြပါတယ်။ 

မားစ်ပေါ်မှာ ရေအမြောက်အများ ရှာတွေ့ခဲ့တဲ့ Valles Marineris ချောက်ကြီးဟာ နေအဖွဲ့အစည်းထဲမှာ အကြီးဆုံး ချောက်ကြီး ဖြစ်ပါတယ်
မားစ်ပေါ်မှာ ရေအမြောက်အများ ရှာတွေ့ခဲ့တဲ့ Valles Marineris ချောက်ကြီးဟာ နေအဖွဲ့အစည်းထဲမှာ အကြီးဆုံး ချောက်ကြီး ဖြစ်ပါတယ် ESA/DLR/FU Berlin (G. Neukum)

ဒီယူဆချက်သာ မှန်ကန်မယ် ဆိုရင် ဒီ ချောက်တွေရဲ့ အောက်ခြေက မြေအောက်မြေသားရဲ့ ၄၀% လောက်က ရေဖြစ်နေပါလိမ့်မယ်။

မားစ်ဂြိုဟ်ပေါ်မှာ ရေရှိကြောင်း သိခဲ့တာကတော့ ကြာခဲ့ပါပြီ။ ဒါပေမယ့် မားစ် မှာ တွေ့ရသမျှ ရေက ဂြိုဟ်ရဲ့ ဝင်ရိုးစွန်း ဒေသတွေရဲ့ မျက်နှာပြင်မှာ ရေခဲ အဖြစ် တည်ရှိနေကြတာ ဖြစ်ပါတယ်။ မားစ်ရဲ့ အခြား ဒေသ တွေမှာတော့ ရာသီဥတု အပူချိန်က ပူပြင်းတာမို့ မျက်နှာပြင်မှာ ရေခဲအဖြစ် ဖြစ်ပေါ်ဖို့ အခွင့်မသာ ခဲ့ပါဘူး။

သိပ္ပံ ပညာရှင်တွေကတော့ မားစ်ရဲ့ အီကွေတာ ရပ်ဝန်းမှာလဲ ရေ ဟာ မြေအောက်ရေ အဖြစ်ရှိနေလိမ့်မယ်လို့ ယူဆခဲ့ ကြပါတယ်။ ဒါပေမယ့် မြေအာက်ရေ ကို ရှာဖွေဖို့ ကြိုးစားမှုတွေ အားလုံးက မအောင်မြင် ခဲ့ပါဘူး။

အခု ဒီ မားစ် သုတေသန ဂြိုဟ်တုမှာ တပ်ဆင်ထားတဲ့ ကိရိယာ ကတော့ နျူထရွန် အမှုန်တွေကို ရှာဖွေပေးနိုင်တဲ့ ကိရိယာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လဲ​ဒီ ကိရိယာက ဂြိုဟ် မျက်နှာပြင်အောက် တမီတာလောက် အနက်အထိမှာ ရှိတဲ့ ဟိုက်ဒြိုဂျင် တွေကို ရှာဖွေနိုင်တာ ဖြစ်ပါတယ်။ အခု တိုင်းထွာမှုကိုတော့ ၂၀၁၈ ခုနှစ် မေလကနေ  ၂၀၂၁ ဖေဖော်ဝါရီလ အထိ ကာလအတွင်းမှာ တိုင်းထွာခဲ့ကြတာ ဖြစ်ပါတယ်။

အာကာသ ထဲကလာတဲ့ အာကာသလှိုင်းတွေ မားစ်ဂြိုဟ်ရဲ့ မျက်နှာပြင်ကို ရိုက်ခတ်တဲ့ အခါမှာ ဒီ လှိုင်းတွေရဲ့ စွမ်းအင်ကြောင့် အရိုက်ခတ် ခံရတဲ့ မော်လီကျူး တွေကနေ နျူထရွန် မှုန်တွေ ထွက်လာပါတယ်။ ခြောက်သွေ့တဲ့ မြေကြီးက ထွက်တဲ့ နျူထရွန် အရေအတွက်ဟာ စိုစွတ်တဲ့ မြေကြီးက ထွက်တဲ့ နျူထရွန် အရေအတွက်ထက် ပိုများပါတယ်။

ဒီအချက်ကို အခြေခံပြီး မားစ်ရဲ့ မျက်နှာပြင်အောက်နားမှာ ရေဘယ်လောက် ရှိမလဲ ဆိုတာကို တွက်ချက်လို့ ရပါတယ်။ 

ဥရောပ အာကာသ အေဂျင်စီနဲ့ ရုရှား အာကာသ အေဂျင်စီတို့ ပူးတွဲ လွှတ်တင်ခဲ့တဲ့ ESA-Roscosmos ExoMars Trace Gas Orbiter
ဥရောပ အာကာသ အေဂျင်စီနဲ့ ရုရှား အာကာသ အေဂျင်စီတို့ ပူးတွဲ လွှတ်တင်ခဲ့တဲ့ ESA-Roscosmos ExoMars Trace Gas Orbiter (Photo: ESA/ATG medialab)

ဒီနည်းနဲ့ တွက်ချက် ကြည့်တဲ့အခါမှာ မားစ်ရဲ့ ချောက်ကြီး ဖြစ်တဲ့ Valles Marineris ရဲ့ အလယ်ပိုင်းမှာ ရေအမြောက်အများ ရှိနေတယ် ဆိုတာကို ပညာရှင်တွေ တွေ့ရှိခဲ့ ကြပါတယ်။ ဒီ တွေ့ရှိရတဲ့ ရေ ပမာဏဟာ သိပ္ပံ ပညာရှင်တွေ မူလက မျှော်လင့်ထားတဲ့ ပမာဏထက် အများကြီး ပိုများနေပါတယ်။

မားစ်က မြေအောက်ရေဟာ ကမ္ဘာပေါ်က ဝင်ရိုးစွန်းနဲ့ နီးတဲ့ အရပ်တွေရဲ့ မြေအောက်မှာ တွေ့ရလေ့ ရှိတဲ့ မြေအောက်ရေခဲလွှာနဲ့ ခပ်ဆင်ဆင် တူပါတယ်။ ဒီအလွှာရဲ့ အပေါ်ယံ မြေသားက ခြောက်သွေ့နေ ပေမယ့် မြေအောက်မှာတော့ ရေက ရေခဲ အနေနဲ့ ၁၂ တစ်နှစ်ပါတ်လုံး ရှိနေတာပါ။

အခု တွေ့ရတဲ့ မြေအောက် ဟိုက်ဒြိုဂျင် အမြောက်အများ ရှိရာ ဒေသရဲ့ အကျယ်အဝန်းဟာ နယ်သာလန် နိုင်ငံလောက် အကျယ်အဝန်း ရှိပါတယ်။ (မြန်မာမှာဆို မန္တလေးတိုင်း အရွယ်လောက် ရှိပါတယ်။) ဒီအရပ်က မြေကြီးထဲမှာ သတ္တုဓါတ်တွေ သိပ်များများစားစား မရှိပါဘူး။ ဒါ့ကြောင့် တွေ့ရတဲ့ ဟိုက်ဒြိုဂျင် တွေဟာ မြေအောက် ရခဲ အနေနဲ့ ရှိနေတာ ဖြစ်လိမ့်မယ်လို့ ပညာရှင် တွေက ယူဆကြပါတယ်။

ဒီ အရပ် ဒေသမှာ ဒီလောက်များတဲ့ရေတွေ ဘယ်က ရောက်လာပြီး အခုအချိန်ထိ ရှိနေရတာလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေကိုတော့ သိပ္ပံ ပညာရှင်တွေ ဖြေကြားနိုင်ခြင်း မရှိသေးပါဘူး။ ဒီ အီကွေတာ ရပ်ဝန်းရဲ့ ပူပြင်းတဲ့ အပူရှိန်နဲ့ ဖိအားတွေဟာ အခုလို များပြားတဲ့ မြေအောက်ရေတွေ စုဆောင်းမိလာ တာမျိုးကို မဖြစ်လာအောင် တားဆီး ပေးနေတာမို့ပါ။ 

ပညာရှင်တွေ ယူဆတာ ကတော့ ဒီအရပ်ရဲ့ မြေအောက် ဘူမိဗေဒ ဖွဲ့စည်းပုံမှာ ယခင်က ရှာဖွေ တွေ့ရှိခဲ့ခြင်း မရှိခဲ့တဲ့ ထူးခြားမှု တခုခု ရှိနေတာကြောင့် မြေအောက်မှာ ရေတွေ လာစု နေနိုင်တာ ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။ 

အခု တွေ့ရှိချက်ကို အတည်ပြုနိုင်ဖို့ အတွက်တော့ နောက်ထပ် သုတေသန စမ်းသပ်မှုတွေ ဆက်လက် ပြုလုပ်သွားဖို့ လိုအပ်နေပါသေးတယ်။ ဒီ သုတေသန တွေမှာ ရေရှိတယ် ဆိုတာကို သေချာ အတည်ပြု ပေးနိုင်ဖို့ အပြင် ဒီလို မြေအောက်ရေ အမြောက်အများ စုဝေးနေ စေတဲ့ အကြောင်းတွေနဲ့ ပါတ်ဝန်းကျင် ဘူမိဗေဒ အခြေအနေ တွေကိုပါ အသေးစိတ် လေ့လာဖို့ လိုအပ်ပါတယ်။

အခုတွေ့ရှိချက်က မားစ် ပေါ်မှာ သက်ရှိတွေ ရှာဖွေနေတဲ့ သုတေသီ တွေအတွက်လဲ သတင်းကောင်း တရပ် ဖြစ်ပါတယ်။ ဒီလို မြေအောက်မှာ ခဲနေတဲ့ ရေခဲထဲမှာ တချိန်က မားစ်မှာ ရှင်သန်နေနိုင်ခဲ့တဲ့ သက်ရှိတွေရဲ့ ရုပ်ကြွင်းတွေ (သို့) သက်ရှိ မော်လီကျူးတွေ အကောင်းပကတိ ရှိနေ နိုင်ပါသေးတယ်။ 

နောက်ပြီး မာစ်ကို လူဆင်းမယ့် စီမံကိန်း အတွက်လဲ အားတက်စရာ ဖြစ်ပါတယ်။ မားစ်ကို ဆင်းမယ့် အဖွဲ့တွေ အနေနဲ့ အီကွေတာ ရပ်ဝန်းမှာ ဆင်းပြီး အခြေခံ စခန်း ထူထောင်ကြမှာမို့ မြေအောက်မှာ အလွယ်တကူ ရနိုင်တဲ့ ရေ အရင်းအမြစ်ဟာ အရေးပါလာမှာမို့ပါ။ ဒါဟာ သုတေသန အတွက်လဲ အရေးပါသလို့ မားစ် အဖွဲ့သားတွေ အသက်ရှင်သန် ရေးအတွက်လဲ အလွန် အရေးပါပါတယ်။

“လက်ရှိ အင်္ဂါဂြိုဟ်ပေါ်မှာ ဘယ်နေရာမှာ ရေရှိလိုဆိုတာ နဲ့ ဒီနေရာကို ရေဘယ်လို ရောက်လာလဲ ဆိုတာ သိဖို့ အရေးကြီးပါတယ်။ ဒါကို သိခြင်းအားဖြင့် ယခင်က အင်္ဂါဂြိုဟ်ပေါ် အမြောက်အများ ရှိခဲ့တဲ့ ရေတွေ ဘာဖြစ်သွားလဲ ဆိုတာကို ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။ ဒီကတဆင့် ယခင်က သက်ရှိတွေ ရှင်သန်နိုင်တဲ့ အခြေအနေ ရှိမရှိ၊ သက်ရှိတွေ ရှိခဲ့ဖူးတဲ့ အထောက်အထားနဲ့ သက်ရှိရုပ်ကြွင်း အကြွင်းအကျန်တွေကို ရှာဖွေရေးမှာ အများကြီး အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်” လို့ ဒီ သုတတေသနမှာ ပါဝင်တဲ့ ပညာရှင် တစ်ယောက်က ပြောပါတယ်။

Reference: Astronomers Detect Secret Water Reserves in The Largest Canyon in The Solar System | Science Alert

error: