Skip to content

အာကာသထဲမှာ အာကာသဝတ်စုံ ပေါက်သွားရင် ဘာဖြစ်လာမလဲ

  • Science
အာကာသ ထဲမှာ အာကာသ ဝတ်စုံ ပေါက်ပြဲသွားခဲ့ရင် ဘယ်လောက်ထိ ကြာအောင် အသက်ရှင်နိုင်မလဲ

အာကာသ သိပ္ပံ ရုပ်ရှင်တွေ ထဲမှာ မကြာခဏ တွေ့နေကြ ဇာတ်ဝင်ခန်း တစ်ခုပါ။ အာကာသယာဉ် နံရံမှာ အပေါက် ပေါက်သွားတယ်၊ လေတွေ ထွက်ကုန်တယ်၊ ဒီ အပေါက်ကို အချိန်မှီ မြန်မြန် ပိတ်မှ ရမယ်။ မပိတ်နိုင်ရင် အတွင်းက (မင်းသား၊ မင်းသမီး အပါအဝင်) သူတွေ သေမယ်။ ဒါပေမယ့် မင်းသားက အချိန်မီ အပေါက် ပိတ်လိုက်နိုင်တယ်။ ဒါနဲ့ အသက် ရှင်သွားရော။

ဒါပေမယ့် အကယ်လို့ များသာ ဒီ အပေါက် မပိတ်နိုင်လို့ လေဖိအား သုည ထိ ကျဆင်းသွားပြီး လေဟာနယ် ဖြစ်သွားမယ် ဆိုရင် ဘာတွေ ဖြစ်လာမလဲ။ အဲ့တာကိုတော့ သိပ္ပံ ရုပ်ရှင်တွေ ထဲမှာ ပြသလေ့ မရှိပါဘူး။ ပြလဲ အမှားတွေပဲ ပြတာ များပါတယ်။

လေဖိအားမဲ့ လေဟာနယ်ထဲကို အာကာသ ဝတ်စုံ မဝတ်ပဲ ရောက်သွားမယ် ဆိုရင် ဘာဖြစ်လာ မလဲ။ မျက်လုံးတွေ ပေါက်ထွက် ကုန်မလား။ သွေးတွေ ဆူပွက်ပြီး အငွေ့ပျံ ကုန်မလား။ 

တကယ့် အဖြစ်မှန်က အဲ့လောက်ထိ မဆိုးပါဘူး။ တကယ် လက်တွေ့ ဖြစ်ပွားခဲ့တဲ့ အာကာသတွင်း မတော်တဆ မှုတွေ၊ အာကာသ ယာဉ်မှူးတွေ မြေပြင်မှာ လေ့ကျင်တဲ့ လေဖိအားမဲ့ အလုံခန်းတွင်း မတော်တဆ မှုတွေ၊ နောက်ပြီး ၁၉၆၀ ပြည့်နှစ်တွေက ပြုလုပ်ခဲ့တဲ့ တိရိစ္ဆာန် တွေနဲ့ စမ်းသပ်မှုတွေ အရ တကယ်တမ်း လေဖိအားမဲ့ အခြေအနေမှာ ဖြစ်ပေါ်လာတာတွေဟာ အချို့ Youtube ဗီဒီယို တွေနဲ့ သိပ္ပံ ဆောင်းပါးတွေမှာ ပြောကြသလောက် စိတ်လှုပ်ရှားစရာ မကောင်းပါဘူးတဲ့။

ရုတ်တရက် လေဖိအား ပျောက်ဆုံးသွားပြီး လေဟာနယ် ဖြစ်သွားရင် ပထမဆုံး သတိပြုမိ မှာကတော့ လေမရှိတော့ တာပဲ ဖြစ်ပါတယ်။ ရှူစရာ လေမရှိတော့ ပေမယ့် ချက်ချင်းတော့ သတိလစ် သွားမှာ မဟုတ်ပါဘူး။ ပြင်ပက အောက်ဆီဂျင် မရတော့ ပေမယ့် လူ့ကိုယ်ခန္ဓာ သွေးထဲက အောက်ဆီဂျင် လက်ကျန်တွေက လူ့ကိုယ်ခန္ဓာ ဆက်လက် အလုပ်လုပ်ဖို့ ခနတာတော့ လုံလောက်နေပါ သေးတယ်။ 

ပျမ်းမျှအားဖြင့်တော့ သွေးထဲက အောက်ဆီဂျင် လက်ကျန်ဟာ ၁၅ စက္ကန့် စာလောက် ကျန်ပါတယ်။ နောက်ပြီး အသက် မအောင့်ထားဘူးဆိုရင် ၂ မိနစ် လောက်အထိ ကိုယ်တွင်းအင်္ဂါတွေကို ပြင်းပြင်း ထန်ထန် ထိခိုက်မှု မရှိအောင် ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။

ဒါဆို ဘာ့ကြောင့် အသက် မအောင့်ထားရတာလဲ။ အကယ်လို့ အသက် အောင့်ထားခဲ့ရင် အဆုတ်ထဲမှာ လေတွေ စုနေပါလိမ့်မယ်။ ဒီအခါ ပြင်ပက ဖိအား သုည ဖြစ်နေတာမို့ အဆုတ်ထဲက လေတွေဟာ ပွလာပြီး အဆုတ်လေအိတ် လေးတွေ ပေါက်ကွဲ ထွက်သွားမှာ ဖြစ်ပါတယ်။ အသက် ရှူထုတ် လိုက်ခြင်းအားဖြင့် ဒီ အဆုတ်ထဲ စုလာတဲ့ လေကို ပြင်ပကို စွန့်ထုတ်နိုင်မှာ မို့ပါ။ (ဒီ လေက ကိုယ်တွင်းက စွန့်ထုတ်လိုက်တဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ် အများစု ဖြစ်ပါတယ်။)

အကယ်လို့ အဆုတ် လေအိတ်လေးတွေ ပေါက်ထွက်သွားရင် ဒီ လေအိတ်လေးတွေ ထဲက လေဟာ သွေးထဲကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ သွေးထဲ ဝင်သွားတဲ့ လေဟာ လေပူစီပေါင်း လေးတွေ အဖြစ်နဲ့ ကိုယ်ခန္ဓာ အနှံ့က အရေးကြီး အင်္ဂါတွေဆီ ရောက်ရှိသွားပါမယ်။ ဒါကို Air Embolism လို့ ခေါ်ပြီး အသက်ဆုံးရှုံးတာ၊ လေဖြတ်တာတွေ ဖြစ်စေနိုင် ပါတယ်။

ဒီတော့ သင်သာ ဖိအားမဲ့ လေဟာနယ်ထဲ ရောက်သွားမယ် ဆိုရင် ပထမဆုံး လုပ်ရမှာက အဆုတ်ထဲမှာ လေစု မနေအောင် အသက်ကို ပုံမှန် ရှူထုတ်နေဖို့ ဖြစ်ပါတယ်။

ကျန် ဆက်ဖြစ်လာ မှာတွေကတော့ သင့်အနေနဲ့ ဘာမှ ကာကွယ်နိုင်စွမ်း ရှိမှာ မဟုတ်ပါဘူး။ 

လေဖိအားမဲ့ လေဟာနယ်ထဲ ရောက်ပြီး ၁၀ စက္ကန့်လောက် အကြာမှာတော့ သင့် ကိုယ်ခန္ဓာထဲက အရေပြားတွေ တစ်ရှူးတွေဟာ ဖေါင်းကား လာမှာ ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ သင့်ကိုယ်တွင်းမှာ ရှိတဲ့ ရေ ဟာ အငွေ့ပျံ သွားလို့ပဲ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာ ထဲမှာ ရေဟာ သွေးထဲမှာ၊ တစ်ရှူးတွေ ကြားထဲနဲ့ ဆဲလ်တွေ အထဲမှာ ရှိကြပါတယ်။ ဒီရေဟာ ဖိအားမဲ့တဲ့ အခြေအနေမှာ အငွေ့အဖြစ် ပြောင်းလဲ သွားပါလိမ့်မယ်။ 

ဒီ အငွေ့ဖြစ်သွားတဲ့ ရေငွေ့တွေဟာ သွေးကြေားတွေ၊ တစ်ရှူးတွေ နဲ့ ဆဲလ်တွေ ထဲမှာ လေပူစီဖေါင်းတွေ ဖြစ်လာပါတယ်။ ဒါ့ကြောင့် တစ်ရှူးတွေ ဖေါင်းလာမယ်။ ဆဲလ်တွေ ဖေါင်းလာမယ်။ လူ့ အရေးပြားက သားရေလို ကြုံ့ဆန့်နိုင်တာမို့ ဒီအချိန်မှာ ပေါက်သွားဦးမှာ မဟုတ်ပါဘူး။ အကယ်လို့ အချိန်မီ ပုံမှန် လေထုဖိအား ပြန်ပေးနိုင်မယ် ဆိုရင် အရေးပြားအောက်က တစ်ရှူးတွေ၊ ဆဲလ်တွေ မူလအတိုင်း ပြန်ဖြစ်နိုင်ပါတယ်။

သွေးကြောထဲက ပူစီဖေါင်းတွေကလဲ အချိန် စက္ကန့် ပိုင်းအတွင်းမှာတော့ ဆိုးရွားတဲ့ ပျက်စီးမှု မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် နဲနဲ အချိန် ကြာလာရင်တော့ air embolism ခေါ်တဲ့ လေပူစီပေါင်း လေးတွေ သွေးကြောလေးတွေထဲ ဝင်ပိတ်တဲ့ ပြဿနာ ကြုံတွေ့ ရနိုင်ပါတယ်။ ဒါမျိုးက ရေနက်ပိုင်းကို ငုပ်တဲ့ ရေငုပ်သမားတွေ ဖိအားနဲတဲ့ ရေပါ် ရုတ်တရက် ပြန်တက်ရင် ကြုံတွေ့ရတဲ့ ပြဿနာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါကို decompression sickness လို့ ခေါ်ပါတယ်။

၁၉၆၅ ခုနှစ်က လေဖိအားမဲ့ အလုံခန်းထဲမှာ လေ့ကျင့်ရင်း ဝတ်စုံ ပေါက်ပြဲ သွားတဲ့ မတောတဆမှု ကြုံတွေ့ခဲ့ရတဲ့ ဂျင်မ် လ’ဘလန့် (Jim LeBlanc) ဟာ အချိန် ၁၄ စက္ကန့်ခန့်ထိ သတိရနေ ခဲ့ပါတယ်။ ဒါပေမယ့် သူ့ကို လေထုဖိအား ဆီကို ၁၅ စက္ကန့်မှာ ပြန်ပြီး ခေါ်ဆောင်နိုင်ခဲ့တာမို့ အသက်ဘေးက ကင်းလွတ်ခဲ့ရပါတယ်။ သူ့ရဲ့ အတွေ့အကြုံအရ သူ့လျှာ ပေါ်က ရေငွေ့တွေ ပွက်ပွက်ဆူလာတယ်လို့ ဆိုပါတယ်။ 

 အာကာသ ထဲမှာ အာကာသ ဝတ်စုံ မပါရင် ကြုံတွေ့ရမယ့် ပြဿနာ တစ်ခုကတော့ ပြင်းထန်တဲ့ အာကာသ ရေဒီရေးရှင်း လှိုင်းတွေရဲ့ ရိုက်ခတ်မှု ခံရတာပဲ ဖြစ်ပါတယ်။ ဒီလှိုင်းတွေကြောင့် သင့်အရေပြားတွေ နေလောင်သလို လောင်ကုန်မှာ ဖြစ်ပါတယ်။

အာကာသ ထဲမှာ အလွန် အေးပေမယ့် သင့်ကိုယ်ခန္ဓာဟာ ချက်ခြင်းတော့ အေးခဲသွားမှာ မဟုတ်ပါဘူး။ ကိုယ်ခန္ဓာက သိမ်းဆည်းထားတဲ့ အပူဟာ ချက်ခြင်း ထွက်သွားမှာ မဟုတ်ပဲ အေးခဲသွားဖို့ အချိန် အနည်းငယ် ကြာမှာမို့ပါ။ သင့် ကိုယ်ခန္ဓာ အေးခဲ မသွားမီ အရင် အောက်ဆီဂျင် ပြတ်ပြီး သေဆုံးသွားမှာမို့ ဒီကိစ္စ အတွက် သိပ်စိတ်ပူစရာ မရှိပါဘူး။

အာကာသထဲ သေရင် ပုပ်သွားမလားလို့ မေးစရာ ရှိပါတယ်။ အကယ်လို့ အာကာသ ဝတ်စုံထဲမှာ အောက်ဆီဂျင် မရှိဘူး ဆိုရင် သင့်ကိုယ်ခန္ဓာဟာ ပုပ်သွားမှာ မဟုတ်ပါဘူး။ ပြင်ပက အပူချိန် ပြင်းတဲ့ အရာဝတ္ထု တစ်ခုခု အနားမှာ သေသွားမယ်ဆို ကိုယ်ခန္ဓာ ထဲက ရေငွေ့တွေ ခန်းခြောက်သွားမှာမို့ သင်ဟာ လူခြောက် (မံမီ) ဖြစ်သွားပါလိမ့်မယ်။ ပတ်ဝန်းကျင်က အေးနေတယ် ဆိုရင်တော့ ခဲသွားမှာ ဖြစ်ပါတယ်။

အကယ်လို့ အာကာသ ဝတ်စုံ မပေါက်မပြဲပဲ ရှိနေမယ် ဆိုရင်တော့ ဒီ ဝတ်စုံထဲက အောက်ဆီဂျင် မကုန်မချင်း ပုပ်သိုးလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အောက်ဆီဂျင် ကုန်သွားတာနဲ့ ပုပ်သိုးတာလဲ ရပ်သွားပါလိမ့်မယ်။ 

အာကာသ ထဲမှာ သင်သေသွားခဲ့ရင် သင့်ကိုယ်ခန္ဓာဟာ မပျက်မစီးပဲ အချိန်အကြာကြီး ရှိနေမှာ ဖြစ်ပါတယ်။ အကယ်လို့ အနှောက်အယှက် တစုံတရာ မရှိခဲ့ဘူး ဆိုရင် သင့်ကိုယ်ခန္ဓာဟာ မပျက်မစီးပဲ နှစ်သန်းပေါင်း များစွာ ကြာအောင် တည်မြဲနေနိုင် လိမ့်မယ်လို့ ပညာရှင်တွေက ပြောကြပါတယ်။

Reference: What happens to the unprotected human body in space? | CNET

error: