Skip to content

အလင်းထက် မြန်အောင် သွားနိုင်မယ့် Tachyons

  • Science
Tachyons တွေဟာ အလင်းလျင်ထက် မြန်အောင် ရွေ့လျားနိုင်မယ်လို့ ယူဆကြပါတယ်

အလင်းထက် မြန်တဲ့ အလျင်နဲ့ သွားတာတို့ အချိန် နောက်ပြန် ခရီးသွား တာတို့ဟာ တက်ခီယွန် (tachyons) ခေါ်တဲ့အမှုန်လေးတွေ အတွက်တော့ အိမ်မက် မဟုတ်ပါဘူး။ သိပ္ပံ ဝတ္ထုတွေ ထဲမှာ အမြဲ တွေ့ရလေ့ ရှိတဲ့ အလင်းလျှင်ထက် မြန်တဲ့ အလျင်နဲ့ ခရီးသွားတာတို့၊ အချိန် နောက်ပြန် သွားတာတို့ဟာ လက်တွေ့ ဘဝမှာတော့ မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။ ဒါပေမယ့် ဒီ တက်ခီယွန် အမှုန် လေးတွေ အတွက်ကတော့ ဖြစ်နိုင်ပါတယ်တဲ့။ 

နောက်ပြီး ဒီ တက်ခီယွန် တွေဟာ သိပ္ပံ စိတ်ကူးယဉ် ဇါတ်လမ်းတွေ ထဲက အရာဝတ္ထုတွေ မဟုတ်ပဲ ရူပဗေဒ ပညာရှင်တွေရဲ့ တွက်ချက် ဟောကိန်းထုတ် ထားတဲ့ အရာဝတ္ထုတွေ ဖြစ်ကြပါတယ်။

တက်ခီယွန်ဆိုတာဘာလဲ

 တက်ခီယွန် တွေဟာ အိုင်းစတိုင်းရဲ့ရီလေတီ ဗတီ သီအိုရီ ခေါ် နှိုင်းယ နိယာမ ကနေ ပေါက်ဖွားလာတဲ့ အမှုန်လေးတွေ ဖြစ်ကြပါတယ်။ အိုင်းစတိုင်း ၁၉၀၅ ခုနှစ်မှာ တင်ပြခဲ့တဲ့ ဒီ နှိုင်းရ သီအိုရီဟာ အရ ဘယ်အရာမှ အလင်းထက် မြန်အောင် မသွားနိုင်ဘူး ဆိုထားပါတယ်။ နောက်ပြီး ဒီ သီအိုရီမှာ အချိန်နဲ့ ဟင်းလင်းပြင် (time and space) ကို သီးသန့်အနေနဲ့ မယူဆပဲ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတယ်လို့ ယူဆထားပါတယ်။ ဒါ့ကြောင့် အမှုန် တစ်ခုရဲ့ အလျင်ဟာ သူ့ရဲ့ အချိန်နဲ့ ဆက်စပ် နေပါတယ်။

“တက်ခီယွန် (Tachyon)” ဆိုတဲ့ စကားလုံးကို ပထမဆုံး စတင် အသုံးပြု ခဲ့တာ ၁၉၆၇ ခုနှစ်က ဖြစ်ပါတယ်။ ကိုလံဘီယာ တက္ကသိုလ်က သုတေသီ ဂျရယ်လ် ဖိန်းဘာခ် (Gerald Feinberg) က သူ့ရဲ့ “အသံထက် မြန်တဲ့ အမှုန်တွေရဲ့ ဖြစ်နိုင်ခြေ (Possibility of faster-than-light particles)” စာတမ်းမှာ စတင်ပြီး တင်ပြခဲ့တာပါ။ 

သူ့ရဲ့ အယူအဆ အရ ဒီ တက်ခီယွန် အမှုန်တွေဟာ ကိန်းယောင် (imaginary mass) တန်ဖိုးရှိတဲ့ ဒြပ်ထု တွေနဲ့ ဖွဲ့စည်းထားတဲ့ ကွမ်တမ် အတိုင်းအတာ တွေကနေ ပေါက်ဖွားလာတယ်လို့ ဆိုပါတယ်။ ဒီလို ကိန်းယောင်တွေနဲ့ ဖွဲ့စည်းထားတာမို့ သူတို့ဟာ နှိုင်းရ သီအိုရီရဲ့ ကန့်သတ်ချက်တွေကို လိုက်နာစရာ မလိုပါဘူးတဲ့။

(ရှင်းလင်းချက်။ ဒီနေရာမှာ imaginary mass ဆိုတာက သင်္ချာနည်းနဲ့ တွက်ချက်လိုက်တဲ့ အခါ ရလာတဲ့ ဒြပ်ထုဟာ imaginary တန်ဖို့း ရှိနေတာကို ဆိုလိုတာပါ။ imaginary တန်ဖိုး ဆိုတာက အနှုတ်ကိန်းတွေကို နှစ်ထပ်ကိန်းရင်း ရှာရင် ရလာတဲ့ တန်ဖိုးပါ။ ဥပမာ √-1 လို ကိန်းမျိုးပါ။ ဒီကိန်းဟာ လက်တွေ့မှာ မရှိပဲ စာရွက်ပေါ်မှာပဲ ရှိလို့ သူတို့ကို စိတ်ကူးထဲက ကိန်းများ ဆိုပြီး နာမည် ပေးထားတာပါ။)

ဒီ အယူအဆ အရ စကြာဝဠာ ထဲက အမှုန်တွေကို နှစ်မျိုး ခွဲခြား နိုင်ပါတယ်။ ပထမ တခုက ဘရက်ဒ်ယွန် (Bradyons) ခေါ်တဲ့ အနှေးမှုန်တွေ ဖြစ်ကြပါတယ်။ (လက်တင် ဘာသာမှာ brady ဆိုတာက အနှေး ကို ပြောတာပါ။) သူတို့ဟာ နာမည်နဲ့ လိုက်အောင်ပဲ အလင်းလျင်နှုန်းထက် နှေးတဲ့ နှုန်းနဲ့ပဲ ခရီးသွားနိုင် ကြပါတယ်။

နောက် အမှုန် တမျိုးကတော့ တက်ခီယွန် (tachyons) ခေါ်တဲ့ အမြန်မှုန် တွေ ဖြစ်ပါတယ်။ (လက်တင် ဘာသာမှာ tachy ဆိုတာ အမြန် ကို ပြောတာပါ။) ဒီ အမှုန် တွေကလဲ နာမည်နဲ့ လိုက်အောင်ပဲ အလင်းလျင်ထက် မြန်တဲ့ နှုန်းနဲ့ သွားနိုင် ကြပါတယ်။

ဒီ အမှုန် နှစ်မျိုးမှာ အဓိက ကွာခြားချက် ကတော့ စွမ်းအင် အသုံးပြုပုံပဲ ဖြစ်ပါတယ်။ အနှေးမှုန် တွေကို ပြင်ပက စွမ်းအင် ထည့်သွင်း ပေးလိုက်ရင် သူတို့ရဲ့ အလျင်က ပိုမြန်လာ ကြပါတယ်။ ဒါပေမယ့် အမြန်မှုန် တက်ခီယွန် တွေကတော့ ဒီလို မဟုတ်ပါဘူး။ သူတို့ထဲက စွမ်းအင်ကို  နှုတ်လိုက်ရင် ဒီ အမှုန်တွေရဲ့ အလျင်က ပိုမြန်လာတာပဲ ဖြစ်ပါတယ်။

တက်ခီယွန်နှင့်အချိန်နောက်ပြန်ခရီးသွားခြင်း

အိုင်းစတိုင်းရဲ့ နှိုင်းရ သီအိုရီက ချမှတ်ခဲ့တဲ့ အရေးပါတဲ့ ဥပဒေသ တခုကတော့ စကြာဝဠာ ရဲ့ အမြန်နှုန်းကို ကန့်သတ် ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီ သီအိုရီ အရ ဘယ်အရာ ဝတ္ထုမှ အလင်းလျင်ထက် မြန်အောင် သွားနိုင်မှာ မဟုတ်ပါဘူး။ 

အရာ ဝတ္ထုတွေဟာ အလင်းလျင်နဲ့ နီးလာလေလေ သူတို့ရဲ့ ဒြပ်ထုက ကြီးလာလေလေ ဖြစ်ပါတယ်။ အလင်းလျင်နား အရမ်း ကပ်သွားတဲ့ အခါမှာတော့ သူတို့ရဲ့ ဒြပ်ထုကလဲ တိုင်းလို့မရအောင် (infinity) အထိ ကြီးသွားပါတယ်။ ဒီလောက် ဒြပ်ထုကြီးတဲ့ အရာဝတ္ထု တစ်ခုကို တွန်းဖို့ဆို သူ့လိုပဲ ကြီးမားတဲ့ စွမ်းအင် လိုအပ်မှာ ဖြစ်ပါတယ်။ အနှိုင်းမဲ့ စွမ်းအင် ရဖို့ ဘယ်လိုမှ မဖြစ်နိုင်တာမို့ ဒြပ်ရှိတဲ့ အရာဝတ္ထုတွေ အနေနဲ့ အလင်းလျင်နဲ့ ခရီးသွားဖို့ ဆိုတာ  ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ဒါပေမယ့် တက်ခီယွန် အမှုန်တွေ အတွက်ကတော့ ဒီလို မဟုတ်ပါဘူး။ သူ့ထဲက စွမ်းအင်ကို နှုတ်လိုက်လေလေ အရှိန် မြန်လာ လေလေမို့ တက်ခီယွန် တစ်လုံးဟာ စွမ်းအင် အနိမ့်ဆုံး အခြေအနေမှာ အလင်းလျင် နှုန်းအတိုင်း ခရီးသွားနိုင်မှာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဒီလို အလင်းလျင်နဲ့ သွားတိုင်း အချိန်နောက်ပြန် ခရီးသွား နိုင်မယ်လို့ ဆိုနိုင်လား။

ကျွန်တော်တို့ နေနဲ့ အနီးဆုံး ဖြစ်တဲ့ ပရောစီမာ စန်တော်ရီနဲ့ ကျွန်တော်တို့နဲ့ အကြား ခရီးသွားမယ့် တက်ခီယွန်လေးနဲ့ စဉ်းစားကြည့် ရအောင်ပါ။

ပရော့စီမာ စန်တော်ရီ နဲ့ ကျွန်တော်တို့ဟာ အလင်းနှစ် ၄ နှစ်ကျော် ကွာပါတယ်။ ကမ္ဘာက လှမ်းပို့လိုက်တဲ့ ရေဒီယို အချက်ပေးချက် တစ်ခုဟာ ပရော့စီမာ စန်တော်ရီ ကြယ်ကို ရောက်ဖို့ ၄ နှစ်ကျော် ကြာမှာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဒီ အချက်ပြ ကိုပဲ တက်ခီယွန်နဲ့ လှမ်းပို့မယ်ဆို ရေဒီယို အချက်ပြလှိုင်း မရောက်မီမှာ တက်ခီယွန် အချက်ပြက ကြိုရောက်နေမှာ ဖြစ်ပါတယ်။ ဒီအခါ ရေဒီယို အချက်ပြလှိုင်း ဖမ်းတဲ့ ရေဒီယို အော်ပရေတာ အတွက် တက်ခီယွန် အချက်ပြ လှိုင်းတွေဟာ ရေဒီယို အချက်ပြလှိုင်းတွေ ထွက်မလာခင် အချိန်ကတဲက ထွက်လာခဲ့တယ်လို့ မြင်ရမှာ ဖြစ်ပါတယ်။ ဒါကိုပဲ အချိန် ခရီး နောက်ပြန်သွားတယ်လို့ ပြောတာ ဖြစ်ပါတယ်။ (တကယ် နောက်ပြန် သွားတာ မဟုတ်ပဲ တက်ခီယွန်နဲ့ ပို့တဲ့ မက်ဆေ့က မြန်လွန်းလို့ အရင်ရောက်နေတာမို့ ဖမ်းတဲ့ သူဖက်က ထင်ယောင်တာ ဖြစ်ပါတယ်။)

တက်ခီယွန်တွေကိုရှာဖွေဖို့ဖြစ်နိုင်မလား

တက်ခီယွန်တွေဟာ အခြား အမှုန်တွေလိုပဲ အက်တမ်ထက် အရွယ်သေးမယ်လို့ ယူဆရပါတယ်။ နောက်ပြီး သူတို့ဟာ အလင်းထက် မြန်တဲ့ အလျင်နဲ့ ခရီးသွား နေတာမို့ သူတို့ကို ရှာဖွေ တွေ့ရှိဖို့ အလွန်ပဲ ခက်ခဲမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အလင်းထက် မြန်တဲ့ အလျင်နဲ့ ရွှေ့လျား နေတာမို့ ယခုလက်ရှိ ထောက်လှမ်း ရှာဖွေတိုင်းတာတဲ့ နည်းလမ်းတွေနဲ့ ရှာဖွေဖို့ မဖြစ်နိုင်ပါဘူး။

တက်ခီယွန် တွေမှာ ဆန့်ကျင်ဖက် ဒြပ်ထု ရှိတယ်လို့ ဆိုပါတယ်။ ဆန့်ကျင်ဖက် ဒြပ် ဖြစ်ပေမယ့် တနည်းအားဖြင့်တော့ ဒြပ် ဆိုတဲ့ အတွက် ဆွဲငင်အားရဲ့ သက်ရောက်မှု ကိုတော့ အနည်းနဲ့ အများ ခံကြရမှာ ဖြစ်ပါတယ်။ ဒီ အလွန် သေးငယ်တဲ့ ဆွဲငင်အား ပြောင်းလဲမှုကို တိုင်းထွာနိုင်တဲ့ ကိရိယာတွေ အနေနဲ့ တက်ခီယွန် တွေကို ရှာတွေ့ကောင်း ရှာတွေ့နိုင်မှာ ဖြစ်ပါတယ်။

နောက်နည်းလမ်း တခုကတော့ သူတို့က ထွက်တဲ့ ရေဒီယေးရှင်း ဓါတ်ရောင်ခြည်တွေကို ထောက်လှမ်းတာပဲ ဖြစ်ပါတယ်။

အမှုန်တွေ အနေနဲ့ ဟင်းလင်းပြင် ထဲမှာ အလင်းထက် မြန်အောင် မသွားနိုင် ပေမယ့် အလင်းသွားတာ နှေးတဲ့ ရေလို ကြားခံနယ် ထဲမှာတော့ ဒီ ကန့်သတ်ချက်က အကျုံး မဝင်ပါဘူး။ ဥပမာ လျှပ်စစ်ဓါတ်အား ဝင်နေတဲ့ အမှုန်တွေကို ရေထဲမှာ အလင်း (ရေထဲ အလင်း သွားတဲ့နှုန်း) ထက် ပိုမြန်တဲ့ အလျင်နဲ့ သွားအောင် လက်တွေ့ စမ်းသပ် အောင်မြင်မှု ရခဲ့ပြီး ဖြစ်ပါတယ်။

ဒီလို အလင်းလျင်ထက် မြန်တဲ့နှုန်းနဲ့ သွားတဲ့အခါ ဒီ အမှုန်တွေကနေ ရေဒီယေးရှင်း  ရောင်ခြည်တွေ ထုတ်ပေးပါတယ်။ ဒါကို ချာရင်ကော့ဗ် (Cherenkov radiation) ရေဒီယို သတ္တိကြွမှု လို့ အမည် ပေးထားပါတယ်။ 

ဒီတော့ အကယ်လို့ တက်ခီယွန် တွေသာ လျှပ်စစ် အဖို (သို့) အမဓါတ် ဆောင်မယ်ဆိုရင် သူတို့ အလင်းလျှင်ထက် မြန်တဲ့ နှုန်းနဲ့ သွားတဲ့အခါ ရေဒီယေးရှင်း လှိုင်းတွေ ထွက်လာမှာ ဖြစ်လို့ ဒီလှိုင်းတွေကို ရှာဖွေ ထောက်လှမ်းပြီးလဲ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

တက်ခီယွန်တွေတကယ်ရှိသလား

လက်ရှိ အချိန်ထိတော့ တက်ခီယွန် တွေကို ရှာဖွေ တွေ့ရှိခြင်း မရှိသေးသလို တက်ခီယွန်တွေ ရှိတယ်ဆိုတဲ့ အထောက်အထားလဲ မတွေ့ရ သေးပါဘူး။ အခုအချိန် အထိတော့ တက်ခီယွန် တွေဟာ သီအိုရီ အရသာ ရှိနေတဲ့ အမှုန်တွေ ဖြစ်ပြီး လက်တွေ့မှာတော့ မတွေ့ရ သေးပါဘူး။ ဒါပေမယ့် စကြာဝဠာ ကြီးထဲက ထူးဆန်းတဲ့ အရာတွေ အလားလုံး လိုလိုဟာ တချိန်က စိတ်ကူးထဲက (သို့) သီအိုရီ ထဲက အရာတွေ ဖြစ်ခဲ့ ကြတာမို့ တက်ခီယွန် တွေကိုလဲ တချိန်ချိန်မှာ ရှာမတွေ့နိုင်ဘူးလို့ မပြောနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

— မောင်သူရ (သိပ္ပံ) —

Reference: Tachyons: Facts about these faster-than-light particles | Space

error: