Skip to content

ခြေချောင်း ၁,၃၀၆ ချောင်းပါတဲ့ ကင်းခြေများ ရှာတွေ့

အသစ်တွေ့ရှိတဲ့ Eumillipes persephone ကင်းခြေများဟာ တွေ့ရှိခဲ့ သမျှထဲမှာ ခြေချောင်းရေ အများဆုံး ဖြစ်ပါတယ်

ကမ္ဘာပေါ်မှာ ရှာတွေ့ခဲ့ သမျှ ကင်းခြေများတွေထဲမှာ ခြေထောက်အရေအတွက် အများဆုံး ကင်းခြေများကို ဩစတြေးလျ နိုင်ငံ က မြေအောက်လှိုင်ခေါင်း တစ်ခု အတွင်းမှာ ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။

ကင်းခြေများကို အင်္ဂလိပ်လို millipede (မီလီပိဒ်) လို့ ခေါ်ပါတယ်။ အဓိပ္ပါယ် ကတော့ ခြေချောင်း တစ်ထောင် လို့ အဓိပ္ပါယ် ရပါတယ်။ ဒါပေမယ့် အခုထိ ဘယ်တုန်းကမှ ခြေချောင်း ၁,၀၀၀ ရှိတဲ့ ကင်းခြေများကို ရှာမတွေ့ခဲ့ သေးပါဘူး။

အခုတွေ့ရှိမှု မတိုင်မီ အထိ ခြေချောင်းရေ အများဆုံးနဲ့ စံချိန် တင်ထားခဲ့တဲ့ ကင်းခြေများဟာ ခြေချောင်းပေါင်း ၇၅၀ ရှိပါတယ်။ အခု တွေ့ရှိတဲ့ ကင်းခြေများဟာ ခြေချောင်းပေါင်း ၁,၃၀၆ ချောင်း ရှိတာမို့ အခုတော့ မီလီပိဒ် ဆိုတဲ့ နာမည်နဲ့ ကိုက်ညီ သွားပါပြီ။

အခု တွေ့ရှိတဲ့ ကင်းခြေများ မျိုးစိတ်သစ်ကို Eumillipes persephone လို့ အမည်ပေးထားပါတယ်။ ပထမ စာလုံးရဲ့ အဓိပ္ပါယ်က “တကယ် အစစ်အမှန် ခြေချောင်း ၁,၀၀၀” လို့ အဓိပ္ပါယ် ရပါတယ်။ ဒုတိယ စာလုံးကတော့ မြေအောက်လောကကို အစိုးရသော နတ်ဖုရားရဲ့ ကြင်ယာတော် ဖြစ်တဲ့ ပါဆက်ဖိုနီ နတ်ဖုရားမ ရဲ့ အမည်ကို ပေးထားတာပါ။

(ဘာသာပြန်သူ မှတ်ချက်။ သိပ္ပံ အမည်တွေမှာ စကားလုံး နှစ်လုံး ပါပါတယ်။ ပထမ စကားလုံးက မျိုးစု (Genus) ကိုဖော်ပြတာပါ။ ဒီ ဂျီးနပ်စ် ကို စာလုံးကြီးနဲ့ ရေးရပါတယ် (ဒီမှာ Eumillipes က Genus ဖြစ်ပါတယ်)။ဒုတိယ စကားလုံးက မျိုးစိတ် (species) ကို ပြပြီး စာလုံး အသေးနဲ့ ရေးရပါတယ်။ (ဒီအကောင်မှာ persephone က species ဖြစ်ပါတယ်။)

အခုတွေ့တဲ့ ကင်းခြေများကို ဩစတြေးလျတိုက် အနောက်ပိုင်းက မီတာ ၆၀ (ပေ ၁၉၇ ပေ) အနက်မှာ ရှိတဲ့ မိုင်းတွင်း တတွင်းထဲမှာ မိုင်းတူးရင်း ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ စုစုပေါင်း ၄ ကောင်တိတိကို ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။

အခု ရှာတွေ့တဲ့ ကင်းခြေများ ၄ ကောင်ကို လေ့လာမှုအရ ဒီ ကင်းခြေများမှာ စုစုပေါင်း ကိုယ်ခန္ဓာ အဆက်ပေါင်း ၃၃၀ အထိ ရှိတာကို တွေ့ရှိရပါတယ်။ အကျယ်က ၀.၀၄ လက္မ အထိ ရှိပြီး အရှည်ကတော့ ၃.၇၇ လက္မအထိ ရှိပါတယ်။ ဦးခေါင်းက ကတော့ပုံ ရှိပြီး ခေါင်းမှာ အာရုံခံ အမျှင် (အန်တေနာ) နဲ့ ပါးစပ်ပေါက် ပါပါတယ်။ ဒါပေမယ့် မျက်လုံးတော့ ပါဝင်ခြင်း မရှိပါဘူး။

Eumillipes persephone ကင်းခြေများ
Eumillipes persephone ကင်းခြေများ (A) ကင်းခြေများ အမ (B) ကင်းခြေများ အထီး၏ ဝမ်းဗိုက်အား မြင်ရစဉ် (C) ကင်းခြေများ အထီး၏ ဦးခေါင်း (Marek et al, Scientific Reports 2021)

ကင်းခြေများ တွေဟာ ကမ္ဘာပေါ်မှာ အောက်ဆီဂျင် ရှူတဲ့ သတ္တဝါ တွေထဲမှာ အစောဆုံး ပေါ်ပေါက်ခဲ့တဲ့ သတ္တဝါ တွေထဲ အပါအဝင် ဖြစ်ပါတယ်။ အချို့မျိုးတုန်း ပျောက်ကွယ် သွားခဲ့ပြီဖြစ်တဲ့ ကင်းခြေများ တွေဟာဆို အလျားပေ နှစ်မီတာလောက် အထိ ရှည်ခဲ့ကြပါတယ်။ ပြီးတော့ ကင်းခြေများ တွေဟာ ဒီ ကမ္ဘာပေါ်မှာ နေထိုင်လာ ခဲ့ကြတာ နှစ် သန်း ၄၀၀ တောင် ကျော်ခဲ့ပါပြီ။

ဒီ E. persephone ကို ရှာဖွေ တွေ့ရှိ ခဲ့ကြတဲ့ သုတေသီ တွေက ယခု ရှာဖွေ တွေ့ရှိတဲ့ ကင်းခြေများဟာ ယခင် ခြေချောင်း ၇၅၀ နဲ့ စံချိန်တင်ထားခဲ့တဲ့ Illacme plenipes နဲ့ အမျိုးတော်မယ်လို့ ယူဆကြပါတယ်။ ဒီ ခြေချောင်း ၇၅၀ ပါတဲ့ ကင်းခြေများကို အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ်မှာ တွေ့ရှိခဲ့ ကြတာပါ။ ဒီ ကင်းခြေများဟာ ခြေချောင်း ၇၅၀ ပါပေမယ့် အလျား အနေနဲ့ကတော့ ၂၅ မီလီမီတာ ကနေ ၄၀ မီလီမီတာ လောက်ထိပဲ အရှည် ရှိပါတယ်။

အခု E. persephone မှာ ခြေချောင်းတွေ စံချိန်တင် များပြားတာရယ်၊ မျက်စိတွေ မပါတာရယ် အပြင် သူ့ ပု့သဏ္ဍာန် ကလဲ အပ်ချည်မျှင် လေးနဲ့ တူနေပါတယ်။ သူ့ အရောင်ကလဲ အခြား ကင်းခြေများ တွေလို မနီနေပဲ ခပ် ဖြူဖျော့ဖျော့ ဖြစ်နေပါတယ်။ နောက်ပြီး သူ့အဆစ် တွေကလဲ ညီညီညာညာ နဲ့ ချောမွတ်နေ ပါသေးတယ်။ ဒီအချက်တွေက အခု ကင်းခြေများဟာ အခြား ကင်းခြေများ တွေနဲ့ ကွဲပြားတဲ့ သီးသန့် မျိုးစိတ်သစ် တစ်ခု ဖြစ်တယ် ဆိုတာကို ဖော်ပြနေပါတယ်။

ရှည်လျား သေးသွယ်တဲ့ ကိုယ်ခန္ဓာ၊ အဆစ်အပိုင်း ဖြစ်နေတဲ့ ကိုယ်ခန္ဓာနဲ့ မြောက်များလှတဲ့ ခြေထောက်တွေကြောင့် ဒီ ကင်းခြေများ အတွက် မြေတွင်း တူးဖို့ ပိုမိုလွယ်ကူ စေလိမ့်မယ်လို့ ယုံကြည် ယူဆရပါတယ်။ ခြေချောက်တွေ များပြား တာကလဲ တွင်းတူးတဲ့ အခါ ကုပ်အားကို ပိုကောင်းစေပါတယ်။

အခု ကင်းခြေများနဲ့ ပတ်သက်လို့ မသိသေး တာတွေ အများကြီး ရှိပါသေးတယ်။ ဥပမာ – သူဘယ်လို အစားအစာမျိုး စားသလဲ၊ ဘယ်လို နေရာတွေမှာ နေသလဲ အစရှိသဖြင့် မေးခွန်းတွေ အများကြီး ထွက်ပေါ်လာပါတယ်။

အခု တွေ့ရှိချက်ဟာ ဒီ ဩစတြေးလျ အနောက်ပိုင်း ဒေသမှာ မသိသေးတဲ့ ဇီဝ မျိုးစိတ်တွေ အမြောက်အများ ရှိနေနိုင်တယ် ဆိုတာကို ညွှန်ပြနေပါတယ်။ 

ဒီအရပ်က မြေမျက်နှာပြင်ရဲ့ ရာသီဥတုက လွန်ခဲ့တဲ့ နှစ် ထောင်ပေါင်းများစွာ အတွင်း ပြောင်းလဲသွားခဲ့ပေမယ့် မြေအောက် မြေသားထု ထဲက အခြေအနေ တွေကတော့ သိပ်ပြီး အပြောင်းအလဲ မရှိခဲ့ပါဘူး။ ဒါ့ကြောင့် သိပ္ပံ ပညာရှင်တွေက ဒီအရပ်က မြေအောက်မှာ ယခင် မတွေ့ခဲ့ ဖူးသေးတဲ့ သက်ရှိ ဇီဝ မျိုးစိတ် အများအပြားကို တွေ့နိုင်လိမ့် ဦးမယ်လို့ ယုံကြည်နေ ကြပါကြောင်း တင်ပြလိုက်ရပါတယ်။

Reference: First-Ever ‘True’ Millipede With 1,306 Legs Discovered Deep Underground in Australia | Science Alert

error: