Skip to content

လပေါ်မှာ ရေရှိသလား

  • Space
Full Moon

လ ပေါ်မှာ ရေရှိနိုင်မယ်လို့ နာဆာ အဖွဲ့ကြီးက ပညာရှင် တွေက နှစ်ပေါင်း များစွာ ကတဲက ယုံကြည်ခဲ့ ကြပါတယ်။ ဒါပေမယ့် လ ရဲ့ ဝင်ရိုးစွန်း အနီးဝန်းကျင်က သွားလာဖို့ ခက်ခဲတဲ့ အရပ်ဒေသ တွေမှာပဲ ရေ ကို တွေ့နိုင် မယ်လို့ ယူဆခဲ့ ကြပါတယ်။

ဒါဆို လပေါ်မှာ တကယ်ပဲ ရေရှိနိုင် သလား။ လ ပေါ်မှာ ရေရှိတဲ့ အထောက်အထား ရော ရှာတွေ့ ထားပြီလား။ ဘာ အထောက်အထားတွေ ရှိလို့ ရေရှိတယ်လို့ ယူဆကြ တာလဲ။

လ ပေါ်မှာ ရေရှိနိုင်တယ် ဆိုတဲ့ အယူအဆဟာ လ ရဲ့ ဝင်ရိုးစွန်းက နက်ရှိိုင်းတဲ့ ချောက်တွေကို တွေ့ရှိ ခဲ့ရာက အခြေခံ လာခဲ့တာ ဖြစ်ပါတယ်။ လ ရဲ့ အခြား မျက်နှာပြင် နေရာတွေဟာ နေရောင် ကျရောက်တဲ့ အချိန်မှာ အလွန် ပူပြင်း လာပါတယ်။ ဒီတော့ ဒီ အပူချိန် အောက်မှာ ရေဟာ အရည် (သို့) ရေခဲ အနေနဲ့ ရှိနေဖို့ ဆိုတာက မဖြစ်နိုင် ပါဘူး။

ဒီလို ယူဆ ခဲ့ပေမယ့် လပေါ်မှာ ရရှိတယ် ဆိုတာကို ညွှန်ပြတဲ့ ခိုင်လုံတဲ့ အထောက်အထားတော့ ရှာမတွေ့ခဲ့ ပါဘူး။ ဒါပေမယ့် ဒီ နှစ်ပိုင်း ထဲမှာတော့ လပေါ်မှာ ရေရှိကြောင်း ညွှန်ပြတဲ့ အထောက်အထားတွေ ထွက်ပေါ်လို့ လာပါတယ်။

ဒီ နှစ်ပိုင်း အတွင်း ပြုလုပ်ခဲ့တဲ့ သုတေသန နှစ်ခုက ထွက်ပေါ်လာတဲ့ ရလဒ်တွေ အရ လပေါ်မှာ ယခင် ယူဆခဲ့ သလိုမျိုး ဝင်ရိုးစွန်း ဒေသတွေတင် မက အခြား နေရာ တွေမှာပါ ရေရှိနိုင်တယ် ဆိုတဲ့ အထောက်အထားတွေ တွေ့ရှိ ခဲ့ရပါတယ်။

အကယ်လို့ ဒီ သုတေသန နှစ်ခုက တွေ့ရှိချက်တွေကို လက်တွေ့ သက်သေ ပြနိုင်ပြီး လ ပေါ်က ရေကိုသာ ထုတ်ယူ သုံးစွဲ နိုင်မယ် ဆိုရင် ဒါဟာ အနာဂါတ် လပေါ် လူတွေ အခြေချဖို့ ကြိုးပမ်း မှုတွေ အပေါ်မှာ အများကြီး အကျိုး သက်ရောက်မှု ရှိလာမှာ ဖြစ်ပါတယ်။

ပေါ်ကရေ

လ ပေါ်မှာ ရေရှိနိုင်တယ် ဆိုတဲ့ ပထမဆုံး အထောက်အထားကို ၁၉၉၀ ပြည့်နှစ်တွေ ထဲမှာ ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။

ဒါပေမယ့် အဲ့သည် အချိန်က သိပ္ပံ ပညာရှင် တွေဟာ သူတို့ ရှာတွေ့တဲ့ အရာဟာ H2O  ရေ မော်လီကျူး လား ဒါမှမဟုတ် ရေနဲ့ အနီးဆုံး တူတဲ့ ဟိုက်ဒရိုဆိုင်လ် (Hydroxyl HO) လား ဆိုတာကို သေခြား မခွဲခြား နိုင်ခဲ့ ကြပါဘူး။

ရေဆိုရင် သောက်လို့ရပြီး ဟိုက်ဒရိုဆိုင်လ် ဆိုရင်တော့ သောက်လို့ မရပါဘူး။

ဒီ အချက်ကို အဆုံးအဖြတ် ပေးနိုင်ဖို့ နာဆာက သုတေသီ တွေဟာ အသေးစိတ် သုတေသန ပြုခဲ့ပါတယ်။ 

နာဆာ ပညာရှင် တွေဟာ Stratospheric Observatory for Infrared Astronomy (SOFIA) သုတေသန ယာဉ် ပေါ်က ကိရိယာ တွေကို အသုံးပြုပြီး လေ့လာခဲ့တာ ဖြစ်ပါတယ်။ ဒီ သုတေသန ယာဉ်ဟာ ဘိုးအင်း ၇၄၇ (Boeing 747) လေယာဉ်ကြီးကို သုတေသန အတွက် ပြုပြင် ပြောင်းလဲထားတဲ့ လေယာဉ်ကြီး ဖြစ်ပါတယ်။

ဒီ ပေါ်က နက္ခတ်တာရာ မှန်ပြောင်းတွေနဲ့ လက ရောင် ပြန်လာတဲ့ အလင်းကို ဖမ်းယူပြီး ခွဲခြမ်း စိတ်ဖြာ ကြည့်ခဲ့ ကြပါတယ်။ ဒီ အခါအ ရ ရှိတဲ့ အလင်းအရောင်မှာ ရေ ရှိတဲ့ အခါ ထွက်ပေါ်လာတတ်တဲ့ အရောင် တွေကို တွေ့ရှိခဲ့ ကြပါတယ်။

“ဒါဟာ လ ပေါ်မှာ ရေရှိကြောင်း ပထမဆုံး အကြိမ်အဖြစ် တိတိကျကျ ပြောနိုင်တာ ဖြစ်ပါတယ်” လို့ အခု သုတေသနကို ဦးဆောင်ခဲ့သူ ကက်စီ ဟန်နီဘော (Casey Honniball) က ရှင်းပြပါတယ်။

လ ပေါ်မှာ ရေရှိကြောင်း အထောက်အထား ပြနိုင်ရုံတင် မကပါဘူး၊ အခု တွေ့ရှိတဲ့ ရေဟာ နေရောင် အမြောက်အများ ကျရောက်တဲ့ ကလေးဗီးယပ်စ် ဥက္ကာတွင်း ကြီး အထဲမှာ တွေ့ရှိခဲ့တာလဲ ဖြစ်ပါတယ်။ အရင် ထင်ခဲ့ သလိုမျိုး မှောင်မဲ ပြီး နေရောင် မရောက်တဲ့ နေရာမှာ တွေ့တာ မဟုတ်ပါဘူး။

“ကျွန်တော်တို့ အရင်က ဒီလို နေရောင် ကျရောက်တဲ့ လမျက်နှာပြင်မှာ ရေရှိ လိမ့်မယ်လို့ မတွေးထား မိခဲ့ဘူး” လို့ သူက ဆက်ပြောပါတယ်။

ပညာရှင် တွေက ဒီ တွင်းထဲက ရေဟာ ခမ်းခြောက်သွားခြင်း မရှိပဲ ကျန်နေ တာဟာ ဖန်လုံး (သို့) သဲမှုန်တွေ အောက်ထဲမှာ နေရောင်ခြည် တိုက်ရိုက် ကျရောက်မှု ကနေ အကာအကွယ် ရနေခဲ့လို့ ဖြစ်မယ်လို့ ယူဆ ကြပါတယ်။

နာဆာရဲ့ Stratospheric Observatory for Infrared Astronomy (SOFIA) သုတေသန ယာဉ်

မျက်နှာပြင်ပေါ်ကရေ

ကော်လိုရာဒို တက္ကသိုလ်က သုတေသီ အဖွဲ့ကလဲ အလားတူ သုတေသန စာတမ်း တစ်စောင်ကို တင်ပြ ခဲ့ပါတယ်။ ဒီ သုတေသနမှာ သူတို့ သီးခြား ပြုလုပ်ထားတဲ့ သုတေသန တွေ့ရှိချက် တွေကို တင်ပြခဲ့တာ ဖြစ်ပါတယ်။

ဒီ အဖွဲ့ကတော့ နာဆာရဲ့ လပတ် သုတေသနယာဉ် (NASA’s Lunar Reconnaissance Orbiter) ကနေ ရိုက်ကူး ထားတဲ့ ဓါတ်ပုံတွေကို အသုံးပြုပြီး လေ့လာခဲ့တာ ဖြစ်ပါတယ်။ ဒီ လပတ် လေ့လာရေးယာဉ် ဟာ ၂၀၀၉ ခုနှစ် ကတဲက လကို ပတ်နေခဲ့တဲ့ ဂြိုဟ်တု အငယ်စားလေး ဖြစ်ပါတယ်။

သူတို့ရဲ့ သုတေသန အရ လမျက်နှာပြင် ဧရိယာ စတုရန်း မိုင်ပေါင်း ၁၅,၀၀၀ (မန္တလေး တိုင်းလောက် အကျယ်အဝန်း ရှိတဲ့ ဧရိယာ) အကျယ်အဝန်း ဟာ နေရောင် လုံးဝ ကျရောက်ခြင်း မရှိဘူး ဆိုတာကို တွေ့ရှိ ခဲ့ရ ပါတယ်။ 

ဒီ ဧရိယာက တစ်ဆက် တစ်စပ်ထည်း ရှိနေတာတော့ မဟုတ်ပါဘူး။ ဒီ လုံးဝ နေရောင် မရောက်တဲ့ နေရာတွေအနက် အချို့ဟာ တစ် စင်တီ မီတာလောက်ပဲ ကျယ်တဲ့ ပပ်ကြားအက်ကြောင်း လေးတွေ ဖြစ်ကြပါတယ်။ 

ဒီလို နေရောင် လုံးဝ မရောက်တဲ့ နေရာတွေဟာ ရေရှိနိုင်တဲ့ နေရာတွေ ဖြစ်လိမ့်မယ်လို့ သုတေသီ တွေက သုံးသပ်ပါတယ်။

“လက်တစ်ဆုပ်စာ အရေအတွက်ပဲ ရှိတဲ့ ဥက္ကာတွင်း အကြီးကြီးတွေ အောက်ခြေက နေရောင်မရောက်တဲ့ ရပ်ဝန်းတွေထက် ပိုကျယ်ပြန့်တဲ့ နေရာ သေးသေး လေးတွေဟာ လရဲ့ ဝင်ရိုးစွန်း ဒေသ မျက်နှာပြင် အနှံ့အပြားမှာ ပြန့်ကျဲ နေပါတယ်” လို့ ဒီ သုတေသနကို ခေါင်းဆောင်တဲ့ ပေါလ်ဟိန်း (Paul Hayne) က ပြောပါတယ်။

ဒီ ရေ အရင်းအမြစ် တွေဟာ အာကာသ ယာဉ်မှူးတွေ အတွက် ဥက္ကာတွင်း တွေရဲ့ အောက်ခြေက ရေထက် ထုတ်ယူရ ပိုပြီး လွယ်ကူမှာ ဖြစ်ပါတယ်။ ဥက္ကာတွင်း တွေရဲ့ အောက်ခြေ အရပ်တွေဟာ အလွန် အေးခဲ နေပြီး ဒီ တွင်းအောက်ခြေ တွေဟာ နေအဖွဲ့အစည်း ထဲက အအေးဆုံး အရပ်ဒေသ တွေအထဲမှာ အပါအဝင် ဖြစ်တယ်လို့တောင် ပညာရှင် တွေက ဆိုကြပါတယ်။

“ကျွန်တော်တို့ ယူဆချက်သာ မှန်ကန်မယ် ဆိုရင် လပေါ်မှာ သောက်ရေ၊ ဒုံးစက်တွေ အတွက် လောင်စာထုတ်ဖို့ လိုအပ်တဲ့ ရေတွေ ရရှိဖို့ ပိုမို လွယ်ကူမှာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

လပေါ်မှာ ရေတွင်းတူးမယ်

ဒါပေမယ့် လပေါ်က ရေကို တူးဖေါ်ပြီး အသုံးပြုဖို့ အဆင့်ထိ ရောက်ဖို့ ဆိုတာကတော့ နောက်ထပ် သုတေသနတွေ အများကြီး လုပ်ဖို့ လိုပါသေးတယ်။

ကော်လိုရားဒို တက္ကသိုလ် သုတေသန အဖွဲ့ရဲ့ တင်ပြချက်ဟာ လမျက်နှာပြင်ကို ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကနေ သုံးသပ် ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် လပေါ်မှာ တကယ့် ရေကိုတော့ အခုထိ လက်ဆုပ်လက်ကိုင် တူးဖော် ပြသနိုင်ခြင်း မရှိ သေးပါဘူး။

နာဆာ အဖွဲ့က တွေ့ရှိတဲ့ “ရေ” ကလဲ ဘယ်လို ထုတ်ယူ မလဲ ဆိုတဲ့ ပြဿနာ ရှိနေပါတယ်။ သူတို့တွေ့တဲ့ ရေဟာ အကယ်လို့သာ ဖန်သီးလေးတွေ အတွင်းမှာ ပိတ်မိနေတဲ့ ရေစက် ရေပေါက်လေးတွေ ဖြစ်မယ်ဆိုရင် ဘယ်လို ထုတ်ယူမလဲ ဆိုတာက ပြသနာ ဖြစ်လာပါတယ်။

ဒီ ဖန်သီးလေးတွေ ထဲက ရေကို ထုတ်ဖို့ဆို ဖန်ကို အရည်ပျော်အောင် လုပ်ရမှာ ဖြစ်ပါတယ်။ ဒီအတွက် စွမ်းအင် အမြောက်အများ လိုအပ်လာမှာ ဖြစ်ပါတယ်။

ဘာပဲ ပြောပြော လပေါ်မှာသာ တကယ် ရေရှိ တယ် ဆိုတာ အတိအကျ ပြောနိုင်ရင် ဒါဟာ နေအဖွဲ့အစည်း အတွင်း အခြား ဂြိုဟ်နဲ့ လတွေ ပေါ်မှာလဲ ရေ ရှိနေနိုင်တယ် ဆိုတာကို ညွှန်ပြ နေပါတယ်။ ဒီအချက်ဟာ နေအဖွဲ့အစည်းအတွင်းက အခြား ဂြိုဟ်တွေကို လူလွှတ်ဖို့ ကြိုးစားနေတဲ့ နာဆာ အတွက်တော့ သတင်းကောင်းပဲ ဖြစ်ပါတယ်။

“ရေဟာ မရှိမဖြစ် လိုအပ်တဲ့ အခြေခံ သံယံဇာတ တစ်ခုပဲ ဖြစ်ပါတယ်။ အကယ်လို့သာ လပေါ်က ရေကို ထုတ်ယူ သုံးစွဲ နိုင်မယ်ဆို အနာဂါတ် အာကာသ စီမံကိန်းတွေ မှာ ကမ္ဘာကနေ သယ်ဆောင် သွားရမယ့် ရေပမာဏကို လျော့နည်း သွားစေမှာ ဖြစ်ပါတယ်။ ရေ သယ်ရ နည်းသွားတယ် ဆိုတော့ အခြား သုတေသန ပစ္စည်းတွေ ပိုများများ သယ်ဆောင်နိုင်မှာ ဖြစ်ပါတယ်” လို့ အခု သုတေသနနဲ့ ပါတ်သက်တဲ့ နာဆာရဲ့ သတင်းထုတ်ပြန် ချက်မှာ ဖော်ပြ ထားပါတယ်။

Ref: NASA confirms existence of water on the moon

error: