Skip to content

ဥက္ကာပျံ ဝင်တိုက်မှုကြောင့် ကမ္ဘာ့ တိုက်ကြီးများ ဖြစ်ပေါ်လာ

  • Earth
လာမယ့်ရာစုနှစ်မှာ ဥက္ကာပျံ တစ်သန်းလောက် ကမ္ဘာဆီဦးတည်လာမယ်ဟု တရုတ်ပညာရှင်များကပြော

အခုထိ ရှာဖွေ တွေ့ရှိ ခဲ့ပြီးသမျှ ဂြိုဟ်တွေထဲမှာ တိုက်ကြီးတွေ ရှိနေတာဟာ ကမ္ဘာ တစ်ခုပဲ ရှိပါသေးတယ်။ 

ကမ္ဘာ့ တိုက်ကြီးတွေ ဘယ်လို ဖြစ်ပေါ်လာ သလဲ၊ ဘယ်လို ပြောင်းလဲ မှုတွေ ဖြစ်ခဲ့သလဲ ဆိုတာနဲ့ ပါတ်သက်လို့ သိပ္ပံ ပညာရှင် တွေအနေနဲ့ အခုထိ ရေရေရာရာ မသိကြ သေးပါဘူး။ 

ဒါပေမယ့် ကျွန်တော်တို့ သေသေချာချာ သိတာ တခုကတော့ လွန်ခဲ့တဲ့ နှစ်သန်း ရာပေါင်း များစွာ တုန်းက ကမ္ဘာ့တိုက်ကြီးတွေ အားလုံးဟာ တနေရာ ထဲမှာ တစုတစည်း တည်း ရှိတဲ့ တိုက်ကြီး တစ်ခု အနေနဲ့ တည်ရှိခဲ့တယ် ဆိုတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အခု ပစ္စုပ္ပန် ကာလမှာတော ကမ္ဘာ့ ကုန်မြေဟာ တိုက်ကြီး ၇ တိုက် အနေနဲ့ တကွဲ တပြားစီ ဖြစ်နေပါတယ်။ ဒါဆို အရင်က တစုတစည်းထဲ ရှိခဲ့တဲ့ ကမ္ဘာ ကုန်းမြေဟာ ဘယ်လို ဖြစ်ပြီး အစိတ်စိတ် ကွဲထွက် သွားခဲ့ ရတာပါလဲ။ ဘယ်လို အကြောင်း တခုခုက ဒီလို ကွဲထွက် သွား စေတဲ့ အကျိုးတရားကို ဖန်တီးပေးခဲ့ တာပါလဲ။

ယခု နောက်ဆုံး ရှာဖွေ တွေ့ရှိတဲ့ အထောက်အထား တွေအရ ဒီလို ကမ္ဘာ့ တိုက်ကြီးတွေ ကွဲထွက်သွားတဲ့ ဖြစ်ရပ်ဟာ ပြင်ပက လာရောက် တိုက်မိ ခဲ့ကြတဲ့ ဥက္ကာခဲ တွေရဲ့ ပယောဂ မကင်းဘူး ဆိုတာကို တွေ့ရှိ လာခဲ့ ကြပါတယ်။

အဓိက အထောက်အထား ကတော့ ဇာကွန် (Zircon) လို့ ခေါ်တဲ့ တွင်းထွက် ပုံဆောင်ခဲပဲ ဖြစ်ပါတယ်။ ဒီ တွင်းထွက် ပုံဆောင်ခဲ (crystal) ဟာ ကမ္ဘာ့ အပေါ်ယံ အခွံ (earth crust) ရဲ့ အစိတ်အပိုင်း တစ်ခုလဲ ဖြစ်ပါတယ်။ ဒီ ပုံဆောင်ခဲရဲ့ ထူးခြားချက် ကတော့ လွန်ခဲ့တဲ့ နှစ် ဘီလီယံပေါင်း များစွာ အတွင်း ပြောင်းလဲမှု မရှိပဲ တည်ငြိမ်နေ ခဲ့တာပဲ ဖြစ်ပါတယ်။

 အခု တွင်းထွက် ပုံဆောင်ခဲကို ဩစတြေးလျ နိုင်ငံ အနောက်ပိုင်း ကနေ တူးဖော် ရရှိခဲ့တာပါ။ အခုထိ တူးဖော် ရရှိ ခဲ့သမျှ ဇာကွန် ပုံဆောင်ခဲ တွေထဲမှာ အခု ပုံဆောင်ခဲ့ဟာ ပျက်စီးမှု အနည်းဆုံး ပုံဆောင်ခဲ ဖြစ်ပါတယ်။

ဒီ ပုံဆောင်ခဲ အတွင်းမှာ ကမ္ဘာ့ တိုက်ကြီးတွေ ကွဲထွက် မသွားမီ အချိန်က ဥက္ကာခဲနဲ့ တိုက်မိခဲ့တဲ့ အထောက်အထားတွေ ရှာဖွေ တွေ့ရှိ ထားကြပါတယ်။

ဒီ ဇာကွန် ပုံဆောင်ခဲ တွေအတွင်းက အောက်ဆီဂျင် အိုင်ဆိုတုပ် တွေကို ပညာရှင် တွေက လေ့လာ ခဲ့ကြပါတယ်။ အောက်ဆီဂျင် အိုင်ဆိုတုပ် ဆိုတာက အောက်ဆီဂျင် အက်တမ်ချင်း တူပေမယ့် အလေးချိန် မတူတဲ့ အက်တမ်တွေကို ခေါ်တာ ဖြစ်ပါတယ်။

ဒီ လေ့လာချက် အရ ဒီ ဇာကွန် ပုံဆောင်ခဲတွေ အတွင်းမှာ ကျောက်တွေ အရည်ပျော် ခဲ့တဲ့ အထောက်အထားတွေ တွေ့ရှိ ခဲ့ကြပါတယ်။ ထူးခြားတာက ဒီ ကျောက်တွေဟာ ကမ္ဘာ့ မျက်နှာပြင် ကနေ စတင် အရည် ပျော်လာပြီး အနက်ပိုင်းကို တဖြည်းဖြည်း တိုးပြီး အရည် ပျော်သွားခဲ့ တာပဲ ဖြစ်ပါတယ်။

ဒီ အချက်ဟာ ကြီးမားတဲ့ ဥက္ကာခဲ တိုက်မိတဲ့ အချိန်မှာ ဖြစ်ပေါ်လာတဲ့ ကျောက်သားတွေ အရည်ပျော် သွားတဲ့ ပုံစံနဲ့ တူညီ နေပါတယ်။

လွန်ခဲ့တဲ့ နှစ်သန်း ၃၀၀ တုန်းက ကမ္ဘာ့မြေပုံ (Credit: Massimo Peitrobon)
လွန်ခဲ့တဲ့ နှစ်သန်း ၃၀၀ တုန်းက ကမ္ဘာ့မြေပုံ (Credit: Massimo Peitrobon)

အခု တွေ့ရှိချက်ဟာ ဥက္ကာပျံကြီး ဝင်တိုက်မိလို့ ကမ္ဘာ့ ကမ္ဘာ့ တိုက်ကြီးတွေ ကွဲထွက်သွားတယ် ဆိုတဲ့ သီအိရီ အတွက် ပထမဆုံး ရှာဖွေ တွေ့ရှိတဲ့ ခိုင်မာတဲ့ အထောက်အထား တခု ဖြစ်ပါတယ်။

အခု သုတေသန အတွက် ကျောက်သား နမူနာ ၂၆ ခုကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ဒီ ကျောက်တွေဟာ လွန်ခဲ့တဲ့ နှစ်သန်း ၂,၉၀၀ နဲ့ ၃,၆၀၀ ကြား ကာလက ဖြစ်ပေါ် ခဲ့တဲ့ ကျောက်တွေပါ။

ဒီ ကျောက်တွေ ထဲက အောက်ဆီဂျင် အိုင်ဆိုတုပ် တွေကို ပညာရှင် များက အသေးစိတ် လေ့လာ ခဲ့ကြပါတယ်။ အထူးသဖြင့် အောက်ဆီဂျင် ၁၈ နဲ့ အောက်ဆီဂျင် ၁၆ (oxygen-18 and oxygen-16) တို့၌ရဲ့ အချိုးကို အထူး စိတ်ဝင်တစား လေ့လာ မှတ်တမ်း ယူ ခဲ့ကြပါတယ်။

ဒီ သုတေသန တွေ့ရှိ ချက်တွေ အရ ဒီ ပုံဆောင်ခဲတွေ ဖြစ်ပေါ်လာ ခဲ့တဲ့ ဖြစ်စဉ် အဆင့် (၃) ဆင့်ကို ဖော်ထုတ် နိုင်ခဲ့ ကြပါတယ်။

ပထမ အဆင့်မှာ ကမ္ဘာ့ အပေါ်ယံ အခွံမာ အလွှာ တဝက်တပျက် အရည်ပျော် သွားပြီး ဇာကွန် ပုံဆောင်ခဲတွေ အများအပြား ဖြစ်ပေါ် လာခဲ့ ပါတယ်။ ဒီ အပေါ်ယံ အခွံမာ တဝက်တပျက် အရည်ပျော် ရတဲ့ ဖြစ်စဉ်ဟာ ကမ္ဘာ့ မျက်နှာပြင်ကို မြောက်များစွာသော ဥက္ကာခဲတွေ ဝင်တိုက် ခဲ့လို့ ဖြစ်မယ်လို့ ယူဆ ကြပါတယ်။

ဒီ ဇာကွန် ပုံဆောင်ခဲ တွေအနက်က သက်တမ်း အရင်းဆုံး ပုံဆောင်ခဲ တွေဟာ အလွန် ကြီးမားတဲ့ ဥက္ကာခဲကြီး တစ်ခု ဝင်တိုက် ခံရမှုကြောင့် ဖြစ်ပေါ်လာတာလို့ သုတေသီ တွေက ယူဆ ကြပါတယ်။ 

ဒုတိယ အဆင့်မှာတော့ ဖြစ်ပေါ်လာတဲ့ ဇာကွန် ပုံဆောင်ခဲတွေ အေးခဲပြီး တည်ငြိမ်မှု ရလာတဲ့ ကာလပဲ ဖြစ်ပါတယ်။ ဒီ့နောက် တတိယ အဆင့်မှာတော့ ဇာကွန် ပုံဆောင်ခဲ အချို့ ပြန်လည် အရည်ပျော်ပြီး နှမ်းဖတ်ကျောက် (granite)  တွေ အဖြစ် ပြောင်းလဲသွားပါတယ် ဖြစ်ပါတယ်။

အောက်ခြေက ဇာကွန် ပုံဆောင်ခဲ တွေဟာ နောင်နှစ်သန်းပေါင်း များစွာ အကြာမှာတော့ အခု ကမ္ဘာ့ တိုက်ကြီးတွေရဲ့ အခြေခံ တွေ ဖြစ်လာကြတယ်လို့ ယူဆ ကြပါတယ်။

တကယ်တော့ ကမ္ဘာ တည်စ ကတည်းက မြောက်များလှ စွာသော ဥက္ကာခဲတွေ အဆက်မပြတ် ဝင်တိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် တိုက်ကြီးတွေ ဖြစ်ပေါ် စေလောက်တဲ့ စွမ်းအင် နဲ့ အပူကိုတော့ အလွန် ကြီးမားတဲ့ ဥက္ကာခဲ တွေကပဲ​ပေးစွမ်းနိုင် ကြပါတယ်။

ဒီ တွေ့ရှိချက်ဟာ ကမ္ဘာ ပတ်လည်မှာ ဇာကွန် ပုံဆောင်ခဲတွေ ပါဝင်တဲ့ မြေထုအလွှာ ဘယ်လို ဖြစ်လာလဲ ဆိုတာကို ရှင်းပြတဲ့ သီအိုရီရဲ့ ခန့်မှန်းချက် တွေနဲ့လဲ​ ကိုက်ညီ နေပါတယ်။ တကယ်တမ်း ပြောရရင် အခု တွေ့ရှိချက်ဟာ ဒီ သီအိုရီ အတွက် အတော်လေး ခိုင်မာတဲ့ ပထမဆုံး အထောက်အထားပဲ ဖြစ်ပါတယ်။ 

အရင်က အထောက် အထားတွေထဲမှာ ဒီလို ခိုင်မာတဲ့ အထောက်အား မတွေ့ရှိ ခဲ့ပါဘူး။ 

ဒါပေမယ့် အခု တွေ့ရှိချက်ဟာ ကမ္ဘာ အနှံ့က ဇာကွန် တွင်းထွက်တွေ ပါဝင်နေတဲ့ ကမ္ဘာ့ အပေါ်ယံ အခွံမာ အလွှာ ၃၅ ခု အနက်က တစ်ခုပဲ ရှိပါသေးတယ်။ ဒီ့ထက် ပိုပြီး ခိုင်မာတဲ့ အထောက် အထားတွေ ရဖို့ဆို နောက်ထပ် အခြား ဒေသတွေ မှာပါ သုတေသနတွေ ထပ်မံ လုပ်ဆောင်သွားဖို့ လိအပ်ပါတယ်။ 

အခုထိတော့ အခြား အရပ်တွေက ရှေး မြေအောက်အလွှာတွေက ရရှိတဲ့ အချက်အလက် တွေဟာ ဒီ ဩစတြေးလျ အနောက်ပိုင်းက မြေအောက် အလွှာရဲ့ ဘူမိဗေဒ အချက်အလက် တွေနဲ့ တူညီ နေပါတယ်။ အခြား ဒေသက မြေအောက် ကျောက်လွှာ တွေကို စမ်းသပ်ခြင်း အားဖြင့် အခု တွေ့ရှိချက်ဟာ အခြား ဒေသတွေ မှာလဲ တူညီနေလား ဆိုတာကို သိပ္ပံ ပညာရှင် တွေက ဆက်လက် စမ်းသပ်ဖို့ လိုလားနေကြောင်း သိရှိ ရပါတယ်။

Ref: Continents on Ancient Earth Were Created by Giant Meteorite Impacts, Scientists Find | Science Alert

error: