Skip to content

ကမ္ဘာ့ ဗဟိုအူတိုင် လည်ပတ်မှု ရပ်ဆိုင်းတော့မည်လော

  • Earth
earth-core

ကမ္ဘာ့ ဗဟိုအူတိုင်ဟာ အလွန် ပူပြင်းတဲ့ သံထည်ထု လုံးကြီး တစ်လုံး ဖြစ်ပါတယ်။ ဒီ ဗဟိုအူတိုင်က သံလုံးကြီးရဲ့ အရွယ်အစားဟာ ပလူတို ဂြိုဟ်ငယ် ရဲ့ အရွယ်သာသာလောက် ရှိပါတယ်။ 

ဒီ ဗဟိုအူတိုင် သံလုံးကြီးဟာ ပုံမှန် ကမ္ဘာ လည်နေ သလိုမျိုး အလားတူပဲ​သူ့ ဝင်ရိုးပေါ်မှာ သူလည်ပတ်နေပါတယ်။ ဒါပေမယ့် ဒီ အူတိုင်ရဲ့ လည်ပတ်မှုဟာ တဖြည်းဖြည်း နှေးလာ နေတယ်လို့ သိပ္ပံ သုတေသန တစ်ခုက တင်ပြ လာပါတယ်။

ဒီ ဗဟိုအူတိုင်ဟာ ပုံမှန်ဆိုရင် ကမ္ဘာ လည်ပတ်တဲ့ နှုန်းထက် ပိုမြန်တဲ့ နှုန်းနဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ ကမ္ဘာလည်တဲ့ နှုန်းထက် နှေးလာနေပြီး တဖြည်းဖြည်း လည်ပတ်မှု ရပ်ဆိုင်း သွားလိမ့်မယ်လို့ ဆိုပါတယ်။ 

ဒီ အူတိုင်ဟာ ကမ္ဘာ့ မျက်နှာပြင်အောက် ကီလိုမီတာ ၅,၀၀၀ ခန့် (မိုင် ၃,၁၀၀ ခန့်) အနက်မှာ ရှိပါတယ်။ သူ့ကို ကမ္ဘာ ထဲက ကမ္ဘာငယ်လေး လို့လဲ တင်စား ခေါ်ကြပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီအူတိုင်ဟာ ကမ္ဘာ လည်တာနဲ့ ဆက်စပ်မှု မရှိပဲ​သူ့ဟာသူ တသီးသန့်သန့် လည်ပတ် နိုင်လို့ပဲ ဖြစ်ပါတယ်။

ဒီလို တသီးသန့်သန့် လည်ပတ် နိုင်တာကလဲ ကမ္ဘာ့ မြေပြင်နဲ့ အူတိုင် ကြားထဲမှာ အရည်ပျော် နေတဲ့ အလွှာ တစ်ခု ရှိနေလို့ ဖြစ်ပါတယ်။ ဘာနဲ့ တူလဲဆိုတော့ ရေပေါ်မှာ ပေါ်လောပေါ် နေတဲ့ ဘော်လုံး တစ်လုံးလိုပေါ့။ ဒီတော့ အပြင် ကမ္ဘာက ဘယ်လို လည်နေနေ ဒီ ချော်ရည်ပူ တွေထဲ ပေါ်လောမျော နေတဲ့ အူတိုင်ကတော့ သူ့ဟာသူ လည်ချင်သလို လည်ပတ်နေတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဗဟို အူတိုင် ဘယ်လို လည်ပတ်နေသလဲ​ဆိုတာနဲ့ ပတ်သက်လို့ အတိအကျတော့ သိပ္ပံ ပညာရှင်တွေ သိကြတာ မဟုတ်ပါဘူး။ ဒီတော့ အခုနောက်ဆုံး တင်ပြလာတဲ့ သုတေသန စာတမ်းကလဲ​ ပညာရှင် တွေအကြားမှာ အငြင်းပွားစရာ ဖြစ်မလာ ဘူးလို့ ပြောလို့ မရ ပြန်ပါဘူး။

ကမ္ဘာမြေကို အဓိက အလွှာ ၄ လွှာနဲ့ ဖွဲ့စည်းထားပါတယ်။
ကမ္ဘာမြေကို အဓိက အလွှာ ၄ လွှာနဲ့ ဖွဲ့စည်းထားပါတယ်။ (Photo: Wikipedia)

အခုထိ ကမ္ဘာ့ ဗဟို အူတိုင်နဲ့ ပတ်သက်လို့ သိထား သမျှတွေဟာ အူတိုင်ဆီက ဖြတ်လာတဲ့ ငလျှင်လှိုင်တွေကို ဖမ်းယူရရှိ ရာက သိရှိ ထားတာတွေ ဖြစ်ပါတယ်။ ဒီ ငလျှင်လှိုင်း တွေဟာ မူရင်းက ငလျှင်လှုပ်ရာက (သို့) အဏုမြူဗုံး စမ်းသပ် ဖေါက်ခွဲ ရာကနေ ထွက်ပေါ်လာတဲ့ ငလျှင်တုန်ခါလှိုင်း (seismic waves) တွေ ဖြစ်ကြပါတယ်။ 

ဒီ ငလျှင်လှိုင်းကို အူတိုင် ကို ဖြတ်တဲ့ အချိန်မှာ မသိမသာ ပြောင်းလဲ သွားပါတယ်။ ဒါကို မူရင်းလှိုင်းနဲ့ တိုက်ဆိုင် စစ်ဆေး ကြည့်ပြီး အူတိုင်ရဲ့ အခြေအနေကို မှန်းဆ ထားကြတာ ဖြစ်ပါတယ်။

အခု သုတေသန အသစ် တွေ့ရှိချက် တွေကို Nature Geoscience သုတေသန ဂျာနယ်မှာ တင်ပြထားတာ ဖြစ်ပါတယ်။ ဒီ သုတေသနမှာ လွန်ခဲ့တဲ့ နှစ် ၆၀ ခန့်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ငလျှင်လှိုင်း တွေကို အသေးစိတ် ခွဲခြမ်း စိတ်ဖြာ ကြည့်ပြီး ကောက်ချက်ဆွဲ ထားတာ ဖြစ်ပါတယ်။ 

“ကမ္ဘာ့ ဗဟိုအူတိုင်ဟာ ကမ္ဘာ့ မျက်နှာပြင် ကနေ ကြည့်ရင် လက်ဝဲရစ် လည်လိုက် လက်ယာရစ် လည်လိုက် ဖြစ်နေတယ်လို့ ယုံကြည် ရပါတယ်” လို့ ဒီ သုတေသကို ဦးဆောင်တဲ့ ဘူမိဗေဒ ပညာရှင် တွေ ဖြစ်ကြတဲ့ Xiaodong Song နဲ့ Yi Yang တို့က ရှင်းပြပါတယ်။ ဒီ ပညာရှင် နှစ်ဦးဟာ တရုတ်ပြည် ပီကင်း တက္ကသိုလ်က ပညာရှင်တွေ ဖြစ်ကြပါတယ်။

ဒီလို တစ်ပတ် ရှေ့နောက် (လက်ဝဲရစ် – လက်ယာရစ်) လွှဲဖို့ အချိန် နှစ် ၇၀ လောက် ကြာမယ်လို့ သူတို့က ဆိုပါတယ်။

သူတို့ရဲ့ သုတေသန အရ ကမ္ဘာ့အူတိုင်ရဲ့ လည်ပတ်နှုန်းဟာ ၁၉၇၀ ခန့်တုန်းက ကမ္ဘာ့လည်နှုန်းထက် အနည်းငယ် ပိုပြီး မြန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီ လည်ပတ်နှုန်းဟာ တဖြည်းဖြည်း နှေးလာပြီး သက္ကရာဇ် ၂၀၀၉ ခန့်အရောက်မှာတော့ ကမ္ဘာလည်နှုန်းနဲ့ အတူတူလောက် ဖြစ်သွားတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ အတွင်းပိုင်း အူတိုင် (Core) နှင့် အကာ (Mantle) နှစ်ခု ဆုံတဲ့ နေရာမှာ အပူကူးမှု ဖြစ်ပေါ်ပါတယ်
ကမ္ဘာ့ အတွင်းပိုင်း အူတိုင် (Inner Core) ဟာ အခဲအဖြစ် ရှိနေမယ်လို့ ယူဆ ကြပါတယ် ( Credit: Sanne Cottaar)

၂၀၀၉ နောက်ပိုင်းမှာတော့ ဗဟိုအူတိုင်ရဲ့ လည်နှုန်းဟာ ကမ္ဘာ လည်နှုန်းထက် နှေးသွားပါတယ်။ ဒီလို ဗဟိုအူတိုင် လည်ပတ်မှု ရပ်ဆိုင်းသွားပြီး ပြောင်းပြန် ပြန်လည်မှုဟာ၂၀၄၀ ခန့်မှာ ဖြစ်ပေါ်မယ်လို့ ဒီ ပညာရှင် တွေက ခန့်မှန်း ကြပါတယ်။

သူတို့ရဲ့ တွက်ချက်မှု အရ ဒီလို ပြောင်းလဲမှု တွေဟာ ကမ္ဘာ့ နေ့တာ အတိုအရှည် ပြောင်းလဲမှုနဲ့ ထပ်တူ ညီတယ်လို့ ဆိုပါတယ်။ ကမ္ဘာ လည်ပတ်မှုဟာ တသမတ်ထဲ မဟုတ်ပဲ ဆယ်စုနှစ် အပိုင်းအခြားကို လိုက်ပြီး အနည်းငယ် အတိုးအလျော့ ရှိနေတာကို သူတို့က ဆိုလိုတာ ဖြစ်ပါတယ်။ (ကမ္ဘာ လည်ပတ်နှုန်းဟာ နည်းနည်း မြန်လာလိုက်၊​နည်းနည်း နှေးသွားလိုက် ဖြစ်နေပါတယ်။)

အခုထိတော့ ဒီ ဗဟိုအူတိုင်ရဲ့ ပြောင်းလဲမှုဟာ ကမ္ဘာ့ မျက်နှာပြင်က သက်ရှိတွေ အပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိမလဲ ဆိုတာနဲ့ ပတ်သက်တဲ့ အချက်အလက် ဘာတစ်ခုမှ မတွေ့ရ သေးပါဘူး။  ဒါပေမယ့် အခု သုတေသီ တွေကတော့ ဒီ အူတိုင်နဲ့ ကမ္ဘာ့ မျက်နှာပြင်နဲ့ အကြားမှာ ဆက်စပ်မှုတွေ ရှိနေတယ်လို့ ယုံကြည် ကြပါတယ်။

ဒီ သုတေသနမှာ မပါဝင်တဲ့ ပညာရှင် တွေကတော့ အခု သုတေသန ရလဒ်တွေနဲ့ ပတ်သက်လို့ သတိထား ပြောဆို မှတ်ချက် ပေးကြပါတယ်။ သူတို့က အလားတူ အခြား သီအိုရှိတွေကိုလဲ ထောက်ပြပြီး ကမ္ဘာ အူတိုင်နဲ့ ပတ်သက်လို့ မရှင်းလင်း တာတွေ အများကြီး ရှိနေတယ် ဆိုတာကိုလဲ ထောက်ပြ ကြပါတယ်။

အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ် University of Southern California က ငလျှင်လှိုင်း ဆိုင်ရာ ကျွမ်းကျင်သူ ဘူမိဗေဒ ပညာရှင် ဂျွန် ဗီဒေးလ် (John Vidale) က မှတ်ချက် ပေးရာမှာ “ဒီ သုတေသနဟာ ထူးချွန်တဲ့ ပညာရှင်တွေက မြောက်များလှစွာသော data အချက်အလက် တွေကို သေချာ ဂရုတစိုက် လေ့လာပြီး ပြုလုပ်ထားတဲ့ သုတေသန တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ သီအိုရီက ဒီ data အချက်အလက် တွေ အားလုံးကို ကျေနပ်လောက် တဲ့အထိတော့ ရှင်းလင်ချက် မပေးနိုင်ပါဘူး” လို့ သူ့အမြင်ကို ရှင်းပြပါတယ်။

ဗီဒေးလ် ရဲ့ အယူအဆ အရ ကမ္ဘာ့ ဗဟိုအူတိုင်ဟာ ဒီထက် ပိုမြန်အောင် လက်ဝဲရစ် – လက်ယာရစ် လှည့်ပတ် နေတယ်လို့ ဆိုပါတယ်။ သူက ဒီလို အူတိုင် လည်ပတ်မှု အပြောင်းအလဲဟာ ၆ နှစ်ကို တစ်ကြိမ်လောက် ဖြစ်ပေါ်တယ်လို့ ယူဆပါတယ်။

သူက သူ့အယူအဆကို ၁၉၆၀ နဲ့ ၁၉၇၀ ခုနှစ်တွေ တုန်းက ပြုလုပ်ခဲ့တဲ့ အဏုမြူ စမ်းသပ် ဖေါက်ခွဲမှုတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ငလျှင်လှိုင်းတွေကို အခြေတည်ပြီး တင်ပြခဲ့တာ ဖြစ်ပါတယ်။

ဗဟိုအူတိုင်နဲ့ ပတ်သက်ပြီး အတော်အတန် ခိုင်မာတဲ့ နောက်ထပ် သီအိုရီ တစ်ခုလဲ ရှိပါသေးတယ်။ အဲ့သည် သီအိုရီ အရဆိုရင် ဗဟို အူတိုင်ဟာ ၂၀၀၁ နဲ့ ၂၀၁၃ အကြားမှာပဲ သိသိသာသာ လှုပ်ရှားမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၃ နောက်ပိုင်းမှာတော့ ဗဟိုအူတိုင် ဟာ သိသာတဲ့ လှုပ်ရှား မှု မရှိပဲ ငြိမ်နေ ခဲ့တယ်လို့ ဆိုပါတယ်။

ဩစတြေးလျ အမျိုးသား တက္ကသိုလ် (Australian National University) က ဘူမိဗေဒ​ ပညာရှင် Hrvoje Tkalcic ရဲ့ သုတေသန အရတော့ ဗဟိုအူတိုင်ဟာ ဒီ စာတမ်းမှာ တင်ပြ သလိုမျိုး နှစ် ၇၀ တခါ အပြောင်းအလဲ ဖြစ်တာ မဟုတ်ပဲ နှစ် ၂၀ နဲ့ ၃၀ ကြား တခါ အပြောင်းအလဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သူက ဒီ ယူဆချက်တွေ အားလုံးဟာလဲ ခန့်မှန်း တွက်ဆ မှုတွေသာ ဖြစ်လို့ အကုန်လုံး မှားယွင်း နေနိုင်တယ် ဆိုတာကိုတော့ ဝန်ခံပါတယ်။

ဒီတော့ အခု တွေ့ရှိချက် အသစ်နဲ့ ပတ်သက်လို့ ဘူမိဗေဒ ပညာရှင် တွေအကြား လက်ခံသူ နဲ့ လက်မခံ သူတွေ ကွဲနေမှာ သေချာပါတယ် လို သူက ဆက်ပြောပါတယ်။

ကျွန်တော်တို့က ကမ္ဘာ့ အူတိုင် အတွင်းကို တိုက်ရိုက် ကြည့်မြင်လို့ ရတာ မဟုတ်ပါဘူး။ သူ့ အကြောင်းကို သွယ်ဝိုက်ပြီး လေ့လာရတာ ဖြစ်ပါတယ်။ ဒီတော့ အားလုံးက ဝေဝေဝါးဝါး မှန်းဆ နေ ကြရတာပေါ့ လို့ သူက ဆက်ရှင်းပြပါတယ်။

ဗီဒေးလ် ကတော့ “တခုခု ကတော့ ဖြစ်နေတာ သေချာပါတယ်။ ဘာဖြစ်နေလဲ ဆိုတာကိုလဲ ကျွန်တော်တို့ မကြာခင် အဖြေရှာနိုင်မှာပါ” လို့ ယုံကြည်ချက် အပြည့်နဲ့ ပြောပါတယ်။

“ဒါပေမယ့် အဖြေရဖို့က ဆယ်စုနှစ်နဲ့ ချီပြီးတော့တော့ ကြာကောင်း ကြာမှာပေါ့ဗျာ” လို့တော့ သူက အဆုံးသတ် အနေနဲ့ ပြောကြား ခဲ့ပါတယ်။

Ref: Earth’s inner core rotating slower than surface, study suggests | phys.org

error: