Skip to content

ကမ္ဘာ့ သံလိုက်မြောက်ဝင်ရိုးစွန်း နေရာရွေ့ပြောင်းနေ

  • Earth

ကမ္ဘာ့ သံလိုက် မြောက်ဝင်ရိုးစွန်းဟာ ယခင်က ရှိခဲ့တဲ့ နေရာကနေ အခြား နေရာကို လျင်မြန်စွာ ရွေ့လျား နေတယ်လို့ သိပ္ပံ ပညာရှင် တွေက စာတမ်း တစ်စောင်မှာ တင်ပြ ထားပါတယ်။

ကမ္ဘာ့ သံလိုက် မြောက်ဝင်ရိုးစွန်းဟာ ကမ္ဘာလည်တဲ့ ဝင်ရိုးနဲ့ မတူပါဘူး။ ကမ္ဘာရဲ့ သံလိုက် မြောက်ဝင်ရိုးစွန်းဟာ ကမ္ဘာ့ လည်တဲ့ ဝင်ရိုးနဲ့ဆို လွဲနေပါတယ်။

သံလိုက် မြောက်ဝင်ရိုးစွန်း တည်နေရာကို ပထမဆုံး အကြိမ် ရှာဖွေ တွေ့ရှိခဲ့တာ ၁၈၃၁ ခုနှစ်က ဖြစ်ပါတယ်။ ဗြိတိသျှ လူမျိုး ရှာဖွေစွန့်စားသူ ဂျိမ်းစ် ကလပ်ရော့စ် က ကနေဒါ နိုင်ငံ မြောက်ဖက်စွန်းက ကျွန်းတစ်ကျွန်းမှာ သံလိုက် မြောက်ဝင်ရိုးစွန်း ဦးတည်ရာ နေရာကို ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဲ့သည် အချိန်က စလို့ သိပ္ပံ ပညာရှင် တွေဟာ သံလိုက် မြောက်ဝင်ရိုးစွန်း တည်နေရာကို ပုံမှန် တိုင်းတာ ခဲ့ကြပါတယ်။ သူတို့ရဲ့ တွေ့ရှိချက် အရ သံလိုက် မြောက်ဝင်ရိုးစွန်းဟာ မူလ ကနေဒါ နိုင်ငံ ကနေ ရုရှားနိုင်ငံ ဆိုက်ဘေးရီးယား ဒေသကို တဖြည်းဖြည်း ရွှေ့ပြောင်း သွားနေတယ်လို့ ဆိုပါတယ်။

ဒီလို သံလိုက် မြောက်ဝင်ရိုးစွန်း ရွှေ့ပြောင်းတဲ့ နှုန်းဟာ မူလ ခန့်မှန်းတာထက် ပိုမို လျင်မြန်တဲ့ နှုန်းနဲ့ ရွေ့ပြောင်း နေတယ် ဆိုတာကိုလဲ အံ့ဩဖွယ် တွေ့ရှိခဲ့ ကြပါတယ်။ ဒါပေမယ့် ဘာကြောင့် ဒီလို ခန့်မှန်းချက်ထက် ပိုမြန်တဲ့ နှုန်းနဲ့ ရွေ့သွား ရတာလဲ ဆိုတာကိုတော့ အဖြေရှာ မရခဲ့ ပါဘူး။

၂၀၂၀ ခုနှစ်မှာ အင်္ဂလန် နဲ့ ဒိန်းမတ် နိုင်ငံတွေက သုတေသီ တွေဟာ ဒီလို သံလိုက် မြောင်ဝင်ရိုးစွန်း ရွှေ့ပြောင်း သွားရတဲ့ အကြောင်းရင်းကို ရှာဖွေ တွေ့ရှိခဲ့ ကြပါတယ်။ 

ကမ္ဘာ့ သံလိုက် ဝင်ရိုးဟာ ကမ္ဘာလည်တဲ့ ဝင်ရိုးနဲ့ လွဲနေပါတယ်
ကမ္ဘာ့ သံလိုက် ဝင်ရိုးဟာ ကမ္ဘာလည်တဲ့ ဝင်ရိုးနဲ့ လွဲနေပါတယ် Credits: Peter Reid, The University of Edinburgh

သူတို့ရဲ့ သုတေသန အရ ကမ္ဘာ့ ဗဟိုချက် အူတိုင်ကနေ ဆူထွက်နေတဲ့ သံလိုက် စက်ကွင်း ပူပေါင်းကြီး နှစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ ကြပါတယ်။ ဒီ သံလိုက် ပူပေါင်းကြီး နှစ်ခုဟာ သံလိုက် မြောက်ဝင်ရိုးစွန်း နေရာရွှေ့သွားစေတဲ့ အဓိက အကြောင်းရင်း ဖြစ်တယ်လို့ ခန့်မှန်း ကြပါတယ်။

ဆက်စပ်ဆောင်းပါး – ကမ္ဘာ့သံလိုက်စက်ကွင်း ပြောင်းပြန်ဖြစ်တော့မည်

သံလိုက် မြောက်ဝင်ရိုးစွန်း ရှိတဲ့ အရပ်မှာ ဆိုရင် သံလိုက် စက်ကွင်းတွေဟာ ရေပြင်ညီ မသွားပဲ ကမ္ဘာမြေ အောက်တည့်တည့်ကို စိုက်ဆင်း သွားကြပါတယ်။ ဒီနေရာမှာ သံလိုက် အိမ်မြှောင် ထားကြည့်ရင် သံလိုက်အိမ်မြှောင်ရဲ့ လက်တံဟာ အောက်တည့်တည့်ကို ညွှန်ပြနေမှာ ဖြစ်ပါတယ်။

ကမ္ဘာ့သံလိုက် စက်ကွင်းဟာ ကမ္ဘာမြေ အတွင်းပိုင်းက အရည်ပျော် နေတဲ့ သံရေပူတွေရဲ့ ရွေ့လျားမှုကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီ သံရည်ပူတွေ ရွေ့လျား စီးဆင်းတဲ့ လမ်းကြောင်းတွေဟာ ကမ္ဘာ့ သံလိုက် စက်ကွင်းရဲ့ လားရာ တွေကို အများကြီး သက်ရောက်မှု ရှိနေပါတယ်။

ကမ္ဘာ့ သံလိုက် ဝင်ရိုးတွေဟာ အောက်က သံရည်ပူ စီးကြောင်းတွေကို လိုက်ပြီး နေရာ ပြောင်းကြသလို တောင် – မြောက် ပြောင်းပြန် ဖြစ်သွားတာ မျိုးလဲ မကြာခန ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အခု သံလိုက် မြောက်ဝင်ရိုးစွန်း ရွေ့လျားမှုဟာ ယခင် ရွေ့လျားမှု တွေထက် အဆများစွာ ပိုမြန်နေတာကတော့ အတော်လေး ထူးဆန်း နေပါတယ်။

ဒီလို ရွေ့လျားမှုဟာ ၁၉၉၅ ကနေ ၂၀၀၅ ခုနှစ် အထိ ၁၀ နှစ်တာ ကာလ အတွင်းမှာ အမြန်ဆုံး ဖြစ်ခဲ့တာပါ။ ဒီ့အရင်က တစ်နှစ်ကို အမြန်ဆုံး ၉ မိုင်ထက် ပိုမရွေ့ ခဲ့ပေမယ့် ဒီ ၁၀ နှစ်တာ ကာလအတွင်း မှာတော့ တစ်နှစ်ကို ၃၇ မိုင် လောက်အထိိတောင် အလျင်အမြန် ရွေ့ပြောင်း ခဲ့ပါတယ်။

အခု သုတေသနကို လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း ဂြိုဟ်တုကနေ တိုင်းတာ ထားတဲ့ သံလိုက်စက်ကွင်း မှတ်တမ်းတွေကို အသေးစိတ် လေ့လာပြီး အဖြေထုတ် ခဲ့တာ ဖြစ်ပါတယ်။ 

သံလိုက် မြောက်ဝင်ရိုးစွန်း ရွေ့လျားသွားတာကို မှတ်တမ်းတင် ထားတဲ့ မြေပုံ
သံလိုက် မြောက်ဝင်ရိုးစွန်း ရွေ့လျားသွားတာကို မှတ်တမ်းတင် ထားတဲ့ မြေပုံ (Credit: Nature Geoscience)

၁၉၇၀ ကနေ ၁၉၉၉ အကြားမှာ ကမ္ဘာ့ အတွင်းပိုင်းက သံရည်ပူ တွေရဲ့ စီးဆင်းတဲ့ လမ်းကြောင်း ပြောင်းလဲ သွားခဲ့ပါတယ်။ ဒီလို ပြောင်းလဲမှုကြောင့် ကမ္ဘာ့ အတွင်းပိုင်းမှာ ရှည်မျောမျော သံရည်ပူ ပူပေါင်း တစ်ခု ဖြစ်ပေါ် လာခဲ့ပါတယ်။ ဒီ ပူပေါင်းဟာ မူရင်း သံလိုက် မြောက်ဝင်ရိုးစွန်း အောက်က သံလိုက်စက်ကွင်းကို အားလျော့ သွားစေ ခဲ့တယ်လို့ ဆိုပါတယ်။

ဆက်စပ်ဆောင်းပါး – နေမှာ သံလိုက်စက်ကွင်း ရှိလား

နောက်ဆုံးမှာတော့ ဒီ ပူပေါင်းဟာ နှစ်ခြမ်း ကွဲထွက် သွားတယ်လို့ ပညာရှင် တွေက ဆိုပါတယ်။ ပိုကြီးတဲ့ ပူပေါင်းက ကနေဒါ နိုင်ငံ အောက်ကနေ ဆိုက်ဘေးရီးယား ဒေသကို တဖြည်းဖြည်း မျောသွားပါတယ်။

ဒီ ပူပေါင်း အကြီးကနေ ဆွဲသွားတာမို့ ကမ္ဘာ့ သံလိုက် မြောက်ဝင်ရိုးစွန်း ဟာလဲ ဆိုက်ဘေးရီးယား ဖက်ကို တဖြည်းဖြည်း ရွေ့လျား သွားတာလို့ ပညာရှင် တွေက သုံသပ် ကြပါတယ်။

၂၀၁၇ ခုနှစ်မှာ သံလိုက် မြောက်ဝင်ရိုးစွန်းဟာ ကမ္ဘာ လည်တဲ့ မြောက်ဝင်ရိုးစွန်းကနေ မိုင် ၂၄၀ အထိ နီးကပ်လို့ လာခဲ့ပါတယ်။ ဒီ့နောက်မှာတော့ တစ်နှစ်ကို ပျမ်းမျှ ၂၇.၃ မိုင်ခန့် နဲ့ ဆိုက်ဘေးရီးယား ဓေသကို ရွေ့လျားသွားတယ်လို့ ဆိုပါတယ်။

ဒီနှုန်းအတိုင်း ဆက်ရွေ့သွားရင် သိပ်မကြာမီ နှစ်များ အတွင်းမှာ မြောက်ဝင်ရိုးစွန်းဟာ ဆိုက်ဘေးရီးယား ဒေသရဲ့ အောက်ကို ရောက်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အတိအကျ ပြောဖို့ကတော့ ခက်ခဲနေ သေးတယ်လို့ ဆိုပါတယ်။

ဒီလို သံလိုက် မြောက်ဝင်ရိုးစွန်း နေရာ ရွှေ့ပြောင်း သွားခြင်းရဲ့ အကျိုးရလဒ်ကတော့ သံလိုက် အိမ်မြောင် အသုံးပြုပြီး တည်နေရာ ရှာဖွေ သူတွေအတွက် တည်နေရာ အတိအကျ ရဖို့ ခက်ခဲသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Reference: The Magnetic North Pole Is Rapidly Moving Because of Some Blobs | Popular Mechanics

error: