Skip to content

ထူးဆန်းတဲ့ အယ်လ်နတ်ဆလာ ကျောက်တုံးကြီးရဲ့ ပဟေဠိ

  • Earth
ဆော်ဒီ သဲကန္တာရ ထဲက ထူးဆန်းတဲ့ အယ်လ်နတ်ဆလာ ကျောက်တုံးကြီး

ဆော်ဒီ သဲကန္တာရ ထဲက အယ်လ် နတ်ဆလာ (Al Naslaa) ကျောက်တုံးကြီးဟာ သဘာဝ အတိုင်း ဖြစ်နေတာပါလို့ ပြောရင် ယုံကြမယ် မထင်ပါဘူး။ ဒါပေမယ့် ဒီကျောက်တုံးကြီး အလယ်က တိတိရိရိ ထက်ခြမ်း ဖြစ်နေတာဟာ တကယ့် ပဟေဠိ တခု ဖြစ်နေပါတယ်။

ဆော်ဒီ အာရေးဗီးယား နိုင်ငံ သဲကန္တာရ ထဲက အယ်လ်နတ်ဆလာ ကျောက်တုံးကြီးဟာ ဘူမိဗေဒ ပညာရှင် တွေအတွက် တကယ့်ကို ပဟေဠိ တစ်ပုဒ် ဖြစ်နေပါတယ်။

ဒီကျောက်တုံးကြီးဟာ အလယ်ကနေ တိတိရိရိ ထက်ခြမ်း ပြတ်နေတာပါ။ ဒီ ပြတ်ကြောင်းဟာ တကယ့်ကို အဆင့်မြင့် နည်းပညာတွေ အသုံးပြုပြီး တိုက်ဖြတ်ထားတဲ့ အတိုင်း တိတိရိရိ ညီညီ ညာညာ ပြတ်နေတာဟာ ဘူမိဗေဒ ပညာရှင် တွေအတွက် တကယ့် အံ့အား သင့်စရာ တစ်ခု ဖြစ်နေပါတယ်။

Al Naslaa ကျောက်တုံးကြီးရဲ့ ပြတ်ကြောင်းဟာ စက်နဲ့ဖြတ်ထားသလို တိတိရိရိ ဖြစ်နေပါတယ်
Al Naslaa ကျောက်တုံးကြီးရဲ့ ပြတ်ကြောင်းဟာ စက်နဲ့ဖြတ်ထားသလို တိတိရိရိ ဖြစ်နေပါတယ် (Photo: Disdero/Wikimedia Commons)

ဒီ ကျောက်တုံးကြီးဟာ အမြင့်ပေ ၂၀ လောက် မြင့်တဲ့ ဧရာမ ကျောက်တုံးကြီး ဖြစ်ပါတယ်။ နောက်ပြီး ဒီ ကျောက်တုံး နှစ်ခြမ်းရဲ့ တစ်ခြမ်းချင်းစီဟာလဲ သူ့ဟာသူ သီးခြား အောက်ခြေ ထောက်နဲ့ ရှိနေတာပါ။

ပြတ်ရာ ကလဲ ဒီ ကျောက်တုံး နှစ်ခြမ်း ကြားမှာ တိတိရိရိ အကွာအဝေး ညီညီညာညာ ပြတ်ပြီး ကွဲထွက်နေတာ ဖြစ်ပါတယ်။

ဒီ ကျောက်တုံး ပေါ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄,၀၀၀ ကျော်လောက်က ထွင်းထုခဲ့တယ်လို့ ယူဆရတဲ့ အရုပ်တွေနဲ့ အမှတ်အသား အချို့ကိုလဲ တွေ့ကြရ့ပါတယ်။

Al Naslaa  ကျောက်တုံးကြီးရဲ့ အရှေ့တောင်ဖက် မျက်နှာမှာ နှစ် ၄၀၀၀ ကျော် သက်တမ်းရှိတဲ့ ကျောက်ထွင်း အရုပ်တွေနဲ့ အမှတ်အသားတွေ ရှိပါတယ်
Al Naslaa ကျောက်တုံးကြီးရဲ့ အရှေ့တောင်ဖက် မျက်နှာမှာ နှစ် ၄၀၀၀ ကျော် သက်တမ်းရှိတဲ့ ကျောက်ထွင်း အရုပ်တွေနဲ့ အမှတ်အသားတွေ ရှိပါတယ် (Photo: Disdero/Wikimedia Commons)

နောက်ပြီး ဒီ ကျောက်တုံးကြီး ဘယ်လိုလုပ် အလယ်ကနေ တိတိရိရိ ပြတ်နေတာလဲ ဆိုတာကိုလဲ အခုထိ ဘူမိဗေဒ ပညာရှင်တွေ အဖြေရှာ နိုင်ခြင်း မရှိကြ သေးပါဘူး။

ဒီ ကျောက်တုံးကြီးရဲ့ ပဟေဠိကို မဖြေရှင်းနိုင် သေးပေမယ့် ဒီလို ထူးထူးဆန်းဆန်း ကျောက်တုံးတွေ ကတော့ ကမ္ဘာ အနှံ့မှာ တွေ့ကြရမှာ ဖြစ်ပါတယ်။ ဥပမာ မြန်မာနိုင်ငံက နာမည်ကျော် ကျိုက်ထီးရိုး စေတီ တည်ထားတဲ့ ကျောက်တုံးကြီး ဟာလဲ​ ဒီလို ပဟေဠိ တစ်ခုထဲမှာ အပါအဝင် ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုက Balanced Rock ကျောက်တုံးကြီး ဟာလဲ ဒီလိုပဲ ထူးဆန်းတဲ့ ကျောက်ဖွဲ့စည်းမှု ပုံစံ တမျိုး ဖြစ်ပါတယ်။ ဒီ Balanced Rock ကျောက်တုံးကြီး ကတော့ သဲကန္တာရ ထဲမှာ တိုက်ခတ်တဲ့ သဲပါတဲ့ လေတွေရဲ့ တိုက်စားမှုကြောင့် ဖြစ်ပေါ်လာတာ လို့ ပညာရှင် တွေက ယူဆကြ ပါတယ်။

အမေရိကန် ပြည်ထောင်စုက Balanced Rock
အမေရိကန် ပြည်ထောင်စုက Balanced Rock (Credit: Jean-Christophe BENOIST | Wikipedia)

အီဂျစ် သဲကန္တာရဖြူ (White Desert) ထဲက မှိုပွင့်သဏ္ဍာန် ကျောက်တုံးကြီးတွေဟာလဲ ဒီလိုပဲ သဲပါတဲ့ လေတွေ တိုက်ခတ် တိုက်စားမှုကြောင့် ဖြစ်လာတဲ့ ကျော်တုံးကြီး တွေ ဖြစ်ပါတယ်။ ဒီလို လေရဲ့ တိုက်စားမှုကြောင့် နှစ်သန်းပေါင်း များစွာ ကြာတဲ့ အခါ ကျောက်သားတွေ စားသွားပြီး ပုံသဏ္ဍာန် အမျိုးမျိုး ဖြစ်လာကြတာပါ။

အီဂျစ် White Desert သဲကန္တာရ ထဲက မှိုပွင့်ပုံ ကျောက်တုံးကြီး
အီဂျစ် White Desert သဲကန္တာရ ထဲက မှိုပွင့်ပုံ ကျောက်တုံးကြီး (Photo: Wikipedia)
အီဂျစ် White Desert သဲကန္တာရ ထဲက မှိုပွင့်ပုံ ကျောက်တုံးကြီး
အီဂျစ် White Desert သဲကန္တာရ ထဲက မှိုပွင့်ပုံ ကျောက်တုံးကြီး (Photo: Wikipedia)

လေတိုက်စားမှု အပြင် ရေတိုက်စားမှုနဲ့ အပူဒါဏ်တွေ၊ ရေခဲမြစ်တွေ တိုက်စား မှုတွေ ကြောင့်လဲ ပုံသဏ္ဍာန် အမျိုးမျိုး ရှိတဲ့ ထူးထူး ဆန်းဆန်း ကျောက်တုံး တွေ ဖြစ်လာကြပါတယ်။ ဥပမာ နယူးဇီလန်က ပန်းသီးကွဲ ကျောက်တုံးကြီး (Split Apple Rock) ဟာဆို ပင်လယ်လှိုင်းတွေရဲ့ ရိုက်ခတ်မှုကြောင့် ကွဲထွက်သွားတဲ့ ကျောက်တုံးကြီး ဖြစ်ပါတယ်။

နယူးဇီလန် ကျွန်းက ထက်ခြမ်းကွဲနေတဲ့ ကျောက်တုံးကြီး
နယူးဇီလန် ကျွန်းက ထက်ခြမ်းကွဲနေတဲ့ ကျောက်တုံးကြီး (Credit: Wikipedia)

အယ်လ်နတ်ဆလာ ကျောက်တုံးကြီး ကွဲသလို တိတိရိရိ ကွဲထွက်နေတဲ့ ကျောက်သား တွေကို ရေခဲဖြစ်တွေ တိုက်စားတဲ့ ဥရောပ မြောက်ပိုင်းမှာ တွေ့ရမှာ ဖြစ်ပါတယ်။ ဥပမာ ဆွီဒင် နိုင်ငံ အာဘစ်စကို ဒေသမှာ တွေ့ရတဲ့ ကျောက်တုံးတွေဟာ တိတိရိရိ ပြတ်နေတာ တွေ့ကြရမှာပါ။

ဆွီဒင်က ရေခဲမြစ် တိုက်စားမှုကြောင့် ကွဲထွက်သွားတဲ့ ကျောက်တုံး
ဆွီဒင်က ရေခဲမြစ် တိုက်စားမှုကြောင့် ကွဲထွက်သွားတဲ့ ကျောက်တုံး (Credit: Chiton magnificus/Wikimedia Commons)

အခု အယ်လ်နတ်ဆလာ ကျောက်တုံးကြီးရဲ့ အနောက်ဖက်ကို ကြည့်ရင်လဲ ပင်မ ပြတ်ကြောင်း နဲ့ အပြိုင် အခြား အက်ကွဲကြောင်း တစ်ခု ဖြစ်ပေါ်နေတာ တွေ့ကြရ ပါတယ်။ ဒီ အက်ကွဲကြောင်းဟာလဲ အတော်လေး ညီညာ နေပါတယ်။ ဒီအချက်က ပင်မကွဲကြောင်း ဘယ်လို ဖြစ်လာလဲ ဆိုတာနဲ့ ပါတ်သက်လို့ သဲလွန်စ တစ်ခု ဖြစ်နိုင်ပါတယ်။

Al Naslaa  ကျောက်တုံးကြီးရဲ့ နောက်ဖက်မှာ နောက်ထပ် အက်ကွဲကြောင်း တစ်ခု ရှိပါတယ်။
Al Naslaa ကျောက်တုံးကြီးရဲ့ နောက်ဖက်မှာ နောက်ထပ် အက်ကွဲကြောင်း တစ်ခု ရှိပါတယ်။ (Credit: 3rdeyegem/Instagram)

အချို့ ပညာရှင် တွေကတော့ သဲကန္တာရရဲ့ လေတိုက်စားမှု၊ အပူအအေး လျင်မြန်စွာ ပြောင်းလဲမှု တွေအပြင် မြေအောက် ပြတ်ရွှေ့ကျောတွေရဲ့ တုန်ခါမှုက ဒီ ကျောက်တုံးကြီးကို တိတိရိရိ ပြတ်ထွက်သွားစေတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အခုထိတော့ ဒီ အယ်လ်နတ်ဆလာ ကျောက်တုံးကြီးရဲ့ ပြတ်ကြောင်း ဘယ်လို ဖြစ်လာလဲ ဆိုတာကို စိတ်ကျေနပ်လောက်အောင် တိကျတဲ့  အဖြေကို ပေးနိုင်စွမ်း မရှိကြ သေးပဲ ယခုထိတိုင် ပဟေဠိ တစ်ပုဒ် ဖြစ်နေဆဲ ဖြစ်ပါတယ်။

Reference: The Al Naslaa rock formation is Earth’s most bizarre geological feature | FreeThink

error: