Skip to content

အာကာသထဲမှာ ဘယ်လိုအိမ်သာသွားမလဲ

အပြည်ပြည် ဆိုင်ရာ အာကာသ စခန်းမှာ အထူးအိမ်သာ တပ်ဆင်ထားရပါတယ် (Photo: NASA)

အာကာသ ထဲမှာ အာကာသ ယာဉ်မှူးတွေ ဘယ်လို အိမ်သာသွားလဲ ဆိုတဲ့ မေးခွန်းက လူအတော်များများ မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုပါ။ 

ဒီနေရာမှာ အာကာသထဲ ဆိုတာက လေဟာနယ် ထဲကို ပြောတာ မဟုတ်ပါဘူး။ ဆွဲငင်အား မဲ့နေတဲ့ အခြေအနေမှာ ရှိနေတဲ့ အာကာသယာဉ် (သို့) အပြည်ပြည် ဆိုင်ရာ အာကာသ စခန်း ပေါ်မှာ ရှိတဲ့ အာကာသ ယာဉ်မှူးတွေ ဘယ်လို အိမ်သာ သွားမလဲ ဆိုတာ ဖြစ်ပါတယ်။

ကမ္ဘာ မြေပြင်ပေါ်မှာ အိမ်သာသွားရင် အရှေ့တိုင်းကလို ဆောင့်ကြောင့် ထိုင်ရတဲ့အိမ်သာပဲ ဖြစ်ဖြစ်၊ အနောက်တိုင်းကလို ကမုတ်နဲ့ ဗိုလ်ထိုင် အိမ်သာပဲ ဖြစ်ဖြစ်၊ နောက်ဆုံး ရှေးရိုးစဉ်လာ မပျက် တောတိုးတာပဲ ဖြစ်ဖြစ် ဘယ်လို အိမ်သာမျိုးမှာ မဆို ကိုယ်စွန့်ပြစ်လိုက်တဲ့ အညစ်အကျေးကို ကမ္ဘာမြေရဲ့ ဆွဲအားက သင်နဲ့ ဝေးရာကို ဆွဲယူသွားပါတယ်။ 

ဒါပေမယ့် အာကာသ စခန်းပေါ်က အာကာသ ယာဉ်မှူးတွေ အတွက်ကျတော့ ဒီလို မဟုတ်ပါဘူး။ အာကာသ စခန်းပေါ်မှာက ဆွဲအားမဲ့ နေတဲ့ အခြေအနေ ဖြစ်နေတာမို့ အာကာသ ယာဉ်မှူးတွေ စွန့်ပစ်လိုက်တဲ့ အညစ်အကျေးတွေဟာ ကမ္ဘာမြေ ပေါ်မှာလို မြေဆွဲအားက ဆွဲချသွားမှာ မဟုတ်ပါဘူး။ မြေဆွဲအား မရှိတာကြောင့် ဒီ အညစ်အကျေး အပိုင်းအစ လေးတွေဟာ အာကာသ ယာဉ်ထဲမှာ ဝဲပျံနေမှာ ဖြစ်ပါတယ်။

ဒီလို အညစ်အကျေးတွေ အာကာသ စခန်းယာဉ် ထဲမှာ ပျံဝဲနေမယ် ဆိုတဲ့ အခြေအနေကို တွေးကြည့်ရင်ကိုအတော်လေး ထိတ်လန့်စရာ ဖြစ်နေပါပြီ။ အာကာသ ယာဉ်မှူးတွေရဲ့ ကျန်းမာရေး အတွက် မကောင်းလှ သလို အာကာသ စခန်းပေါ်မှာ တပ်ဆင်ထားတဲ့ လျှပ်စစ် ပစ္စည်း တွေနဲ့ အခြား ကိရိယာ ပစ္စည်း တွေ အတွက်လဲ ထိခိုက် ပျက်စီး စေနိုင်ပါတယ်။

ဒီတော့ အာကာသ စခန်းပေါ်က အာကာသ ယာဉ်မှူးတွေ ဘယ်လို အိမ်သာ သွားကြသလဲဗျာ။

အာကာသ စခန်းပေါ်မှာ အသုံးပြုဖို့ အထူး စီစဉ်ထားတဲ့ အိမ်သာ ကို အသုံးပြုကြရပါတယ်။ ဒီအိမ်သာမှာ အညစ်အကျေးတွေ ပြင်ပကို လွင့်ထွက် မကုန်အောင် လေစုပ်စက်နဲ့ အညစ်အကျေး တွေကို စု့ပ်ယူရတာပါ။

ယခင် နာဆာရဲ့ အာကာသ လွန်းပျံယာဉ် တွေမှာ အသုံးပြုခဲ့တဲ့ အိမ်သာ
ယခင် နာဆာရဲ့ အာကာသ လွန်းပျံယာဉ် တွေမှာ အသုံးပြုခဲ့တဲ့ အိမ်သာ

လေစုပ်အိမ်သာ

၁၉၆၁ ခုနှစ်မှာ အမေရိကန် ပြည်ထောင်စုကနေ အာကာသ ထဲကို ပထမဆုံး အကြိမ် လူလွှတ်တင် ခဲ့ပါတယ်။ (ရုရှားက ယူရီ ဂါဂါရင် ပြီးနောက် ပထမဆုံး အမေရိကန် အာကာသ ယာဉ်မှူး ဖြစ်ပါတယ်။) အယ်လန် ရှက်ဖတ် (Alan Shepard) ဟာ အာကာသထဲကို တက်ရောက်ခဲ့တဲ့ ပထမဆုံး အမေရိကန် နိုင်ငံသား ဖြစ်လာခဲ့ ပါတယ်။

သူ့ရဲ့ ခရီးစဉ်ဟာ တကယ်က ခရီးတိုလေး တစ်ခုပဲ ဖြစ်ပါတယ်။ ဒီတော့ ဒီ အာကာသ ခရီးစဉ်ကို စီစဉ်တဲ့ နာဆာက ပညာရှင်တွေက သူ့အတွက် အပေါ့ အလေး စွန့်ဖို့ ဘာမှ မစီစဉ် ထားခဲ့ပါဘူး။ 

ဒါပေမယ့် ဖြစ်ချင်တော့ အယ်လန် အာကာသ ယာဉ် ထိပ်ဖူးထဲကို ဝင်ရောက်ပြီး လွှတ်တင်ဖို့ အချိန်က ၃ နာရီလောက် နောက်ကျသွားပါတယ်။ ဒီမှာ အယ်လန် ဟာ ဆီးအိမ်တင်းလာပြီး မအောင့်နိုင် တော့ပါဘူး။ ဒါနဲ့ လွှတ်တင်ရေး အတွက် တာဝန်ရှိသူတွေကို အပြင်ပြန်ထွက်ပြီး အပေါ့သွားခွင့် ပြုဖို့ ခွင့်တောင်းခဲ့ ပါတယ်။

အချိန်ကုန် မခံချင်ကြတော့တဲ့ လွှတ်တင်ရေး တာဝန်ရှိသူတွေက အပြင်ပြန် ထွက်ခွင့် မပေးတော့ပဲ သူ့ အာကာသ ဝတ်စုံထဲ မှာပဲ ပေါက်ချခိုင်းလိုက် ပါတော့တယ်။ ဒါနဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ပထမဆုံး အာကာသထဲ သွားရောက်ခဲ့တဲ့ အာကာသ သူရဲကောင်းဟာ သေးစိုနေတဲ့ အောက်ခံဘောင်းဘီနဲ့ အာကာသ ထဲကို တက်ရောက် သွားရပါတော့တယ်။

အခုခေတ် အာကာသ သူရဲတွေ ကတော့ အယ်လန်ထက် အများကြီး ကံကောင်းသွားပါပြီ။ အပြည်ပြည် ဆိုင်ရာ အာကာသ စခန်းပေါ်မှာ လုံခြုံ စိတ်ချရတဲ့ အာကာသ အိမ်သာကြီးကို တပ်ဆင်ထားလို့ပါ။

အပြည်ပြည် ဆိုင်ရာ အာကာသ စခန်းပေါ်မှာ ပထမဆုံး တပ်ဆင်ခဲ့တဲ့ အိမ်သာကို သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်မှာ ဒီဇိုင်းဆွဲ ပုံထုတ် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ပြဿနာက ဒီ အော်ရီဂျင်နယ် အိမ်သာကို ဆွဲသူတွေက အမျိုးသား တွေအတွက်ပဲ ဒီဇိုင်းဆွဲ ခဲ့တော့ အမျိုးသမီးတွေ အသုံးပြုရတာ အဆင်ပြေမှု မရှိဘူး ဖြစ်နေခဲ့ပါတယ်။

ဒီ မူရင်း အိမ်သာမှာ အပေါ့သွားဖို့ အသုံးပြုရင် ထိုင်ပြီး အသုံးပြုလို့ မရပဲ ရပ်ပြီး အပေါ့သွားရ လို့ပါ။

အကယ်လို့ အလေးစွန့်မယ် ဆိုရင်တော့ အသုံးပြုတဲ့သူ လေထဲ ပျံမနေအောင် အိမ်သာနဲ့ ပေါင်တွေကို ပူးပြီး ချည်ထားရပါတယ်။ နောက်ပြီး အသုံးပြု သူရဲ့ နောက်ဖက်ပိုင်းနဲ့ အိမ်သာ ပတ်ခြာလည် ထိုင်ခုံနဲ့ ကြားမှာ ကြားလွတ်မရှိပဲ လေလုံနေ အောင်လဲ အတင်းဖိ ထိုင်ထားရပါတယ်။

ဒီအိမ်သာကို လက်တွေ့ အသုံးပြု ကြတဲ့ အခါကြတော့ အသုံးပြုရတာ အတော်လေး ခက်ခဲတာ တွေ့ကြရ ပါတယ်။ နောက်ပြီး အိမ်သာကို သန့်ရှင်းအောင် ထားရတာလဲ သိပ်မလွယ်လှ ပါဘူး။

အပြည်ပြည် ဆိုင်ရာ အာကာသ စခန်းပေါ်မှာ အသစ် တပ်းဆင်ထားတဲ့ ဒေါ်လာ ၂၃ သန်းတန် အိမ်သာ
အပြည်ပြည် ဆိုင်ရာ အာကာသ စခန်းပေါ်မှာ အသစ် တပ်းဆင်ထားတဲ့ ဒေါ်လာ ၂၃ သန်းတန် အိမ်သာ အတွင်းပိုင်းကို မြင်ရပုံ (Photo: NASA)

ဒါနဲ့ ၂၀၁၈ ခုနှစ်မှာတော့ နာဆာ အဖွဲ့ကြီးဟာ အမေရိကန် ဒေါ်လာ ၂၃ သန်း အကုန်အကျခံပြီး အာကာသ အိမ်သာသစ် တစ်လုံးကို တီထွင် ခဲ့ကြပါတယ်။

အာကာသ ထဲမှာ ဆွဲအားမဲ့ အခြေအနေကို ကျော်လွှားနိုင်ဖို့ ဆိုတော့ ဒီ အိမ်သာက တကယ်က အထူး တည်ထွင်ထားတဲ့ လေစုပ်စက် တစ်လုံးလို့တောင် ပြောလို့ရပါတယ်။ 

ဒီအိမ်သာမှာ နှစ်ပိုင်း ပါဝင်ပါတယ်။ ပထမပိုင်းကတော့ ထိပ်မှာ ကတော့လေး ပါတဲ့ ရေပိုက် ဖြစ်ပြီး နောက်တပိုင်း ကတော့ အိမ်သာ ကမုတ်ခွက် အသေးလေး တစ်ခု ဖြစ်ပါတယ်။ ကတော့နဲ့ ဆက်ထားတဲ့ ရေပိုက်က အပေါ့စွန့်ဖို့ ဖြစ်ပါတယ်။ အိမ်သာခုံ အသေးလေးကတော့ အလေးအတွက် ပါ။

အိမ်သာမှာ လက်တွေ ခြေတွေ ချိတ်ထားဖို့ လက်ကိုင်ကွင်းတွေ၊ ခြေကွင်းတွေလဲ အများအပြား တပ်ဆင်ထားပါတယ်။ ဒီတော့မှ အာကာသ ယာဉ်မှူးတွေ ‘လုပ်ငန်း’ မပြီးခင် လေထဲ လွင့်မြောမသွားအောင်ပါ။

အပေါ့စွန့်ဖို့ ဆိုရင် ထိုင်လျက် ဖြစ်စေ ရပ်လျက်ဖြစ်စေ အသုံးပြုနိုင်ပါတယ်။ အပေါ့စွန့်ဖို့ ပိုက်နဲ့ ဆက်ထားတဲ့ ကတော့ကို မိမိရဲ့ အသားနဲ့ လေလုံအောင် ဖိကပ် ထားပေးရပါတယ်။ စွန့်လိုက်တဲ့ ဆီးကို လေစုပ်စက်က စုပ်ယူသွားပြီး ရေချိုဖြစ်အောင် ပြန်သန့်စင် ယူပါတယ်။

အလေးစွန့်မယ် ဆိုရင်တော့ ဒီ အိမ်သာခွက် လေးပေါ်မှာ ထိုင်ပြီး အသုံးပြုရမှာ ဖြစ်ပါတယ်။ 

ဒီ အိမ်သာခွက်ရဲ့ အဖုံးကို မလိုက်တာနဲ့ အောက်မှာ တပ်ထားတဲ့ လေစုပ်စက်က စပြီး အလုပ်လုပ် ပါတော့တယ်။ အားကောင်းတဲ့ လေစုပ်စက် တပ်ဆင်ထားတာမို့ အညစ်အကျေး တွေကို အပြင်ကို ပြန်ထွက် မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ နောက်ပြီး ဒီလို စုပ်ထုတ်လိုက် တာမို့ အိမ်သာထဲက ပြန်ထွက်လာမယ့် အနံအသက်ကိုလဲ ထိန်းပြီးသား ဖြစ်သွားပါတယ်။

အာကာသ ယာဉ်မှူးရဲ့ နောက်ဖက်ခြမ်းနဲ့ အိမ်သာခွက်နဲ့ ကြားမှာ နေရာလွတ် ဖြစ်မနေပဲ လေလုံအောင် ဒီ အာကာသ အိမ်သာ ကမုတ်ခွက် ကို ခပ်သေးသေးပဲ ပြုလုပ်ထားပါတယ်။

အပြည်ပြည် ဆိုင်ရာ အာကာသ စခန်းပေါ်က အိမ်သာ နမူနာ သရုပ်ပြပုံစံ
အပြည်ပြည် ဆိုင်ရာ အာကာသ စခန်းပေါ်က အိမ်သာ နမူနာ သရုပ်ပြပုံစံ (Photo: Don DeBold via Wikipedia)

ကိစ္စပြီးတဲ့နောက်ဘာဆက်ဖြစ်လဲ

စွန့်ပစ်လိုက်တဲ့ ဆီးမှာ ရေက ၉၀% ကျော် ပါဝင်ပါတယ်။ အာကာသထဲ ရေသယ်ရတာရော သိမ်းဆည်း ထားရတောရောက အရမ်းလေးလံတဲ့ အတွက် ရေအများကြီး သယ်မသွား နိုင်ပါဘူး။

ဒီတော့ အာကာသ ယာဉ်မှူးတွေ စွန့်ထုတ်လိုက်တဲ့ ကျင်ငယ်ရေ ကနေရေသန့်ကို ပြန်ပြီး ထုတ်ယူ ကြရပါတယ်။ ဒါကို ရည်ညွှန်းပြီး အာကာသ ယာဉ်မှူးတွေက “ဒီနေ့ ကော်ဖီဟာ မနက်ဖြန် အတွက် ကော်ဖီ ဖြစ်တယ်” လို့ ပြောလေ့ ရှိကြပါတယ်။

ဒါဆို အာကာသ ယာဉ်မှူးတွေ စွန့်ပစ်လိုက်တဲ့ ‘မစင်’ ကရော။ ဘာဆက်ဖြစ် ကြပါသလဲ။

တခါတလေကျ ရင်တော့ အာကာသ အညစ်အကြေးကို ကမ္ဘာပေါ်ကို သုတေသန အတွက် ပြန်သယ်တာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် အများအားဖြင့်တော့ ဒီ အညစ်အကြေးတွေကို စွန့်ပစ်လိုက်ပြီး လေထုထဲကို ဝင်ရောက် လောင်ကျွမ်း သွားပါတယ်။

ရုရှားရဲ့ Progress အာကာသ ကုန်တင်ယာဉ်ဟာ အာကသ စခန်းကို ကုန်စည်တွေ ပို့ဆောင်ပြီး အပြန်မှာ အညစ်အကြေးတွေကို ပြန်လည် သယ်ဆောင်ပြီး လေထုထဲ လောင်ကျွမ်းပျက်စီး သွားပါတယ်
ရုရှားရဲ့ Progress အာကာသ ကုန်တင်ယာဉ်ဟာ အာကသ စခန်းကို ကုန်စည်တွေ ပို့ဆောင်ပြီး အပြန်မှာ အညစ်အကြေးတွေကို ပြန်လည် သယ်ဆောင်ပြီး လေထုထဲ လောင်ကျွမ်းပျက်စီး သွားပါတယ် (Photo: Wikipedia)

အိမ်သာက ထွက်တဲ့ အညစ်အကျေးတွေ၊ အိမ်သာသုံး စက္ကူတွေ၊ အိမ်သာတက်ရင် အသုံးပြု ကြတဲ့ လက်အိပ်တွေ (လက်ဆေးဖို့ ရေရှားတော့ လက်ပြန်မဆေးနိုင်လို့ လက်အိပ်စွပ်ပြီး ဆေးကြော ရတာပါ) အားလုံးကို လေလုံတဲ့ ပုံးတွေထဲကို ထည့်သွင်း သိမ်းဆည်း ရပါတယ်။ ဒီ ပုံးတွေကို အာကာသ စခန်းပေါ်ကို အစားအသောက်နဲ့ အခြား ကုန်ပစ္စည်းတွေ လာပို့တဲ့ ကုန်တင်ယာဉ်တွေထဲ ထည့်သွင်းပေးလိုက်ပါတယ်။ 

ဒီ ကုန်တင်ယာဉ်ကို ကမ္ဘာပတ် လမ်းကြောင်းကနေပြီး ကမ္ဘာ့ လေထုထဲကို ချိန်ရွယ်ပြီး တွန်းထုတ် လိုက်ပါတယ်။ ဒီ အိမ်သာထွက် အညစ်အကြေးတွေ သယ်ဆောင်သွားတဲ့ ကုန်တင်ယာဉ်ဟာ ကမ္ဘာ့လေထုထဲ ပြန်အဝင်မှာ လေထု အပေါ်ပိုင်း အလွှာမှာ မီးလောင်ပြီး ပျက်စီးသွားပါတယ်။ သူနဲ့ ပြန်သယ်လာတဲ့ အာကာသ အိမ်သာထွက် အညစ်အကြေး တွေလဲ ကုန်တင်ယာဉ် နဲ့အတူ မီးလောင် ပျက်စီး သွားပါတယ်။

အကယ်လို့ နောင်တနေ့ ကောင်းကင်မှာ ကြယ်ကြွေတာ မြင်ရင် ကမ္ဘာ့လေထုထဲကို ဝင်လာတဲ့ ဥက္ကာခဲ မဟုတ်ပဲ အာကာသ ယာဉ်မှူးတွေရဲ့ အိမ်သာထွက် အညစ်အကြေးတွေ ကမ္ဘာမြေပေါ်ကို လောင်ကျွမ်း ဝင်ရောက် လာတာလဲ ဖြစ်နိုင်ကြောင်း တင်ပြလိုက်ရပါတယ်။

— မောင်သူရ (မြန်မာ့သိပ္ပံ) — 

Reference: How do astronauts go to the bathroom in space? | The Conversation

error: