Skip to content

AI နဲ့ အမှုတွေ တရားရုံးတင်ဖို့ တရုတ်ပညာရှင်များ စမ်းသပ်

AI နည်းပညာဟာ အမှုတွေကို ၉၇ % အထိ မှန်ကန်အောင် ဆုံးဖြတ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

တရုတ်ပြည်မှာ ဉာဏ်ရည်တု AI ကို အသုံးချပြီး အမှုတွေကို တရားရုံးကို တင်ပို့ စစ်ဆေးနိုင်ဖို့ စမ်းသပ် နေတယ်လို့ South China Morning Post မှာ ရေးသားထားတဲ့ ဆောင်းပါး တစ်စောင်အရ သိရပါတယ်။ 

အခု AI ဉာဏ်ရည်တု ပရိုဂရမ်ကို ရှန်ဟိုင်း ပူဒေါင် ခရိုင်တရားရေး ဌာနမှာ စမ်းသပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ ပဏာမ ရလဒ်တွေ အရ ဒီ အေအိုင် ဟာ တရားရုံး တင်ရမယ့် အမှုတွဲ ၈ မျိုးကို ၉၇ ရာခိုင်နှုန်းထိ မှန်ကန်အောင် ရွေးချယ် ပေးနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။ အခု စမ်းသပ်နေတဲ့ ရှန်ဟိုင်း ပူဒေါင် ခရိုင် တရားရေး ဌာနဟာ နိုင်ငံ အတွင်းမှာ အကြီးဆုံးနဲ့ အမှုတွဲ အများဆုံး တရားရေး ဌာနကြီး ဖြစ်တယ်လို့ သိရပါတယ်။

အခု အေအိုင် စမ်းသပ်မှု စီမံကိန်းကို ဦးဆောင်နေ သူကတော့ တရုတ် သိပ္ပံ အကယ်ဒမီ (Chinese Academy of Sciences) ရဲ့ အချက်အလက် ကြီးများနှင့် အသိပညာ စီမံမှု ဓါတ်ခွဲခန်း (big data and knowledge management laboratory) က ပါမောက္ခ ရှီယွန် ဖြစ်ပါတယ်။ သူက ဒီ အေအိုင် နည်းပညာကို အသုံးချခြင်း အားဖြင့် အစိုးရ ဥပဒေ အရာရှိတွေရဲ့ နေ့စဉ် အလုပ်တွေကို လျှော့ချ ပေးနိုင် လိမ့်မယ်လို့ ဆိုပါတယ်။ ဒီလို အလုပ်တွေ လျှော့ကျ သွားတဲ့ အတွက် ဥပဒေ အရာရှိတွေ အနေနဲ့ အရေးကြီးတဲ့ အမှုတွဲတွေနဲ့ ခက်ခဲတဲ့ အမှုတွဲ တွေအတွက် အချိန်ပို ပေးနိုင်လာလိမ့်မယ်လို့ သူက ပြောပါတယ်။

ပါမောက္ခ ရှီ က ဆက်ပြောရာမှာ “အခု အေအိုင် နည်းပညာဟာ ဥပဒေ အရာရှိတွေ တရားရုံးကို အမှုတင်မတင် အဆုံးအဖြတ် ပေးရာမှာ အတိုင်းအတာ တစ်ခုအထိ အစားထိုး နိုင်လိမ့်မယ်” လို့ ဆိုပါတယ်။ ယခု ရရှိတဲ့ ရလဒ် တွေကို တရုတ်ပြည်တွင်းထုတ် သုတေသန ဂျာနယ် တစ်စောင်ဖြစ်တဲ့  Management Review ဂျာနယ်မှာ တင်ပြထားပါတယ်။

အေအိုင် နည်းပညာကို မှုခင်းနဲ့ ဥပဒေ ရေးရာ ကိစ္စတွေမှာ အသုံးပြုတာဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ဥပမာ ဂျာမနီနဲ့ အချို့ ဥရောပ နိုင်ငံတွေမှာ အေအိုင် အသုံးပြုပြီး မျက်နှာပုံတွေ တိုင်ဆိုင် စစ်ဆေးတာ၊ မှုခင်း အချက်အလက်တွေကို ဆက်စပ် ခွဲခြမ်း စိတ်ဖြာတာ တွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။  တရုတ်ပြည်က ဥပဒေ ဌာနတွေ မှာလဲ အေအိုင် နည်းပညာကို ၂၀၁၆ ကတဲက အသုံးပြုနေကြပြီ ဖြစ်ပါတယ်။

တရုတ်ပြည်က ရဲဌာန တွေမှာ အဓိက အသုံးပြုတဲ့ အေအိုင် ပရိုဂရမ် ကတော့ System 206 ဆိုတဲ့ စနစ်ပဲ ဖြစ်ပါတယ်။ ဒီ စနစ်က စုဆောင်းရရှိတဲ့ သက်သေ အထောက်အထားတွေရဲ့ ခိုင်လုံမှုကို စစ်ဆေး ပေးနိုင်ရုံ မက၊ ဖမ်းဆီးဖို့ အကြောင်း ခိုင်လုံမှု ရှိမရှိ နဲ့ သံသရ ရှိသူဟာ အခြား သူတွေအပေါ် ဘယ်လောက်ထိ အန္တရာယ် ဖြစ်စေနိုင်လဲ ဆိုတာကိုပါ စစ်ဆေး ပေးနိုင်ပါတယ်။

ဒါပေမယ့် အခုထိ မှုခင်း ကိစ္စတွေမှာ သုံစွဲသမျှ အေအိုင် ဉာဏ်ရည်တု နည်းပညာ တွေဟာ ဆုံးဖြတ်ချက် ချတဲ့ နေရာမှာတော့ ဝင်ပါခြင်း မရှိကြ သေးပါဘူး။ အေအိုင် နည်းပညာ တွေဟာ မှုခင်း ပညာရှင်တွေရဲ့ လုပ်ငန်း အဆင်ပြေ ချောမွေ့အောင်နဲ့ လျှင်မြန် သွက်လက်အောင် ကူညီပေးရုံပဲ ရှိပါသေးတယ်။

ဒါပေမယ့် အခု စမ်းသပ်နေတဲ့ စနစ်ကတော့ အမှုတွဲ တွေကို တရားရုံး တင်မယ် မတင်ဘူး ဆိုတာကို တိုက်ရိုက် ဆုံးဖြတ်ပြီး တင်ဖို့ အကြောင်းခိုင်လုံတယ် ဆိုရင် တရားရုံးကို တိုက်ရိုက် တင်သွင်းသွားနိုင်တယ်လို့ ဆိုပါတယ်။ တနည်းအားဖြင့် ကြားက ဥပဒေ ပညာရှင် လူ မပါပဲ အေအိုင်က ဆုံးဖြတ်ချက် ချပြီး သူကိုယ်တိုင် တရားလို အနေနဲ့ တရားရုံးကို အမှု တင်သွင်းသွားနိုင်မှာ ဖြစ်ပါတယ်။

အခု စမ်းသပ်နေတဲ့ အေအိုင် စနစ်ကို သာမန် စားပွဲတင် ကွန်ပြူတာ တစ်လုံးထဲမှာ ထည့်သွင်း အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ ဒီ အေအိုင်က အမှုတွဲ ဖိုင်တွေကို ဖတ်ပြီး အသေးစိတ် ခွဲခြမ်း စိတ်ဖြာပါတယ်။ ဒီ အချက်အလက်တွေကို အခြေတည်ပြီး အမှုကို တရားရုံး တင်သင့် မတင်သင့် ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီ အေအိုင် စနစ် အလုပ်လုပ်ဖို့ အရင်ဆုံး သူ့ကို လေ့ကျင့် ပေးရပါတယ်။ ဒီလို လေ့ကျင့်ဖို့ ၂၀၁၅ ကနေ ၂၀၂၀ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့တဲ့ အမှုတွဲပေါင်း ၁၇,၀၀၀ ကို အသုံးပြုပြီး လေ့ကျင့် ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီ အမှုတွဲတွေရဲ့ အမှု အသွားအလာ၊ သက်သေ အထောက်အထားနဲ့ တရားရုံး ဆုံးဖြတ်ချက်တွေကို အခြေတည်ပြီး အေအိုင်က နောက်လာမယ့် အမှုတွေ အတွက် ဆုံးဖြတ်ပေးတာ ဖြစ်ပါတယ်။

လက်ရှိ အချိန်အထိ အေအိုင်ကနေ အမှု အမျိုးအစား ၈ မျိုးကို ခွဲခြားပြီး တရားရုံးတင် ပေးနိုင်နေပြီလို့ သိရပါတယ်။ ဒီ ၈ မျိုးကတော့ အကြွေးဝယ်ကတ် အတုပြုလုပ်မှု၊ လောင်းကစားမှု၊ ကားအမြန်မောင်းမှု၊ ဒါဏ်ရာ အနာတရ ဖြစ်စေမှု၊ ဝတ္တရား နှောက်ယှက်မှု၊ ခိုးမှု၊  လိမ်လည်မှု နဲ့ ရပ်ရွာ အေးချမ်းမှုကို အနှောက်အယှက် ဖြစ်စေမှု တွေပဲ ဖြစ်ပါတယ်။ ဒီ အထဲက နောက်ဆုံး အမှု အမျိုးအစားဟာ အစိုးရ ဆန့်ကျင်သူတွေကို တရားစွဲဖို့ အဓိက အသုံးပြုတဲ့ ရာဇဝတ် ပုဒ်မပဲ ဖြစ်ပါတယ်။

ယခု စီမံကိန်းရဲ့ သုတေသီ တွေကတော့ သိပ်မကြာခင်မှာ အေအိုင် စနစ်ဟာ ပိုအားကောင်းလာပြီး အခြား အမှု အမျိုးအစား တွေကိုပါ ခွဲခြမ်း စိတ်ဖြာမှု ပြုလုပ်လာနိုင် လိမ့်မယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အခု စနစ်ကို အားလုံးကတော့ နှစ်သက်တာ မဟုတ်ပါဘူး။ ကွမ်ကျိုး ပြည်နယ်က အစိုးရ ဥပဒေ အရာရှိ တစ်ယောက်ကတော့ အခုစနစ်က ကြားခံလူ မပါပဲ ဆုံးဖြတ်ချက်ချပြီး တိုက်ရိုက် တရားရုံးတင် တရားစွဲမယ် ဆိုတဲ့ ကိစ္စကို သိပ်သဘောမကျပါဘူး။ သူက “၉၇ ရာခိုင်နှုန်း မှန်တယ်ဆိုတာက နည်းပညာ ရှုထောင့်က ကြည့်ရင်တော့ မြင့်တယ် ပြောရမှာပေါ့။ ဒါပေမယ့် အေအိုင်ကလဲ မှားနိုင် သေးတာပဲလေ” လို့ ရှင်းပြပါတယ်။

နောက်ပြီး အေအိုင်က ဆုံးဖြတ်ချက် ချမယ် ဆိုတဲ့ အချက်ကလဲ လူသား ဥပဒေ အရာရှိတွေရဲ့ ဆုံးဖြတ်နိုင်ခွင့်ကို လာရောက် နေရာယူ တယ်လို့ မြင်တဲ့သူတွေက မြင်ကြပါတယ်။ အထူးသဖြင့် ဥပဒေ ပညာရှင်တွေက ဥပဒေအကြောင်း ဘာမှ နားမလည်တဲ့ ကွန်ပြူတာ ပညာရှင်တွေက ဥပဒေ ရေးရာမှာ လာဝင်ရှုပ်တဲ့ ကိစ္စနဲ့ ပါတ်သက်လို့ သိပ်တော့ သဘောတွေ့လှတာ မဟုတ်ပါဘူး။

အေအိုင်က ရာနှုန်းပြည့် တိကျ မှန်ကန်မှု မရှိပေမယ့်လဲ တရုတ်ပြည်ရဲ့ အစိုးရ ဌာန အသီးသီးမှာတော့ အေအိုင် နည်းပညာကို ပိုပြီး တိုးချဲ့ သုံးစွဲလာနေတာ တွေ့ကြရ ပါတယ်။ ဥပမာ တရုတ် တရားရုံးတွေမှာ အေအိုင် အကူအညီနဲ့  တရားသူကြီးတွေ ဆုံးဖြတ်ချက်ချရာမှာ အကူအညီ ယူ ဆောင်ရွက်နေ ကြပြီ ဖြစ်ပါတယ်။ 

တရုတ် အကျဉ်းထောင် တွေမှာလဲ အေအိုင်ကို အသုံးချပြီး အကျဉ်းသားတွေရဲ့ ကိုယ်ပိုင်း စိတ်ပိုင်း အခြေအနေတွေကို စောင့်ကြည့် ဆုံးဖြတ် နေတယ်လို့ ဆိုပါတယ်။ ဒီနည်းအားဖြင့် အကျဉ်းထောင်တွေမှာ ရုန်းရင်း ဆန်ခတ် ဖြစ်မှုတွေကို စောစောစီးစီး ကြိုသိပြီး ကာကွယ်နိုင်တယ်လို့ ဆိုကြပါတယ်။

Reference: Chinese Scientists Created an AI ‘Prosecutor’ That Can Press Charges | Interesting Engineering

error: