Skip to content

မစ်ကီးဝေး နောက်မှာ ပုန်းနေတဲ့ ဂလက်ဆီ

  • Space
IC 342 ဂလက်ဆီ ကို ဟတ်ဘယ်မှ ရိုက်ကူး ထားသောပုံ (Image credit: NASA, ESA, P. Sell (University of Florida), and P. Kaaret (University of Iowa); Image processing: G. Kober (NASA Goddard/Catholic University of America))

ဟတ်ဘယ် တယ်လီစကုပ်ကြီးကို လွှတ်တင် ခဲ့တဲ့ အချိန်က စလို့ နက္ခတ် ပညာရှင် တွေဟာ အရင်က မတွေ့မြင် ဖူးခဲ့တဲ့ ရှာဖွေ တွေ့ရှိမှု အသစ် တွေကို တောက်လျောက် ရှာဖွေ တွေ့ရှိခဲ့ ပါတယ်။

အခုလဲ ဟတ်ဘယ် တယ်လီ စကုပ် ကြီးကနေ မစ်ကီးဝေး ဂလက်ဆီရဲ့ အနောက်ဖက်မှာ ပုန်းခိုနေတဲ့ ဂလက်ဆီ တစ်ခုကို ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ 

ဒီ ဂလက်ဆီဟာ ကမ္ဘာကနေဆို အလင်းနှစ် ၁၁ သန်း အကွာမှာ ရှိပါတယ်။ ဒီ အကွာအဝေးဟာ စကြာဝဠာ အတိုင်း အထွာ တွေအရဆို ဂလက်ဆီ တစ်ခုနဲ့ တစ်ခု ကြား သိပ်ပြီး ဝေးတဲ့ အကွာအဝေးတော့ မဟုတ်ပါဘူး။

IC 342 လို့ အမည်ပေး ထားတဲ့ ဒီ ဂလက်ဆီ ကို Caldwell 5 လို့လဲ အချို့က ခေါ်ကြပါတယ်။

သူ့ရဲ့ အရွယ်အစားက မစ်ကီးအရွယ်ရဲ့ တစ်ဝက် လောက်ပဲ ရှိတာပါ။ အခု တွေ့တဲ့ ဂလက်ဆီဟာ အကျယ် အဝန်း အားဖြင့် အားဖြင့် အလင်းနှစ် ၅၀,၀၀၀ လောက် ကျယ်ပါတယ်။

အခု ဂလက်ဆီရဲ့ ဓါတ်ပုံကို နာဆာက ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီ ဂလက်ဆီဟာ သက်တမ်း အားဖြင့်ဆို နှစ်သန်း ထောင်ချီပြီး သက်တမ်း ရှိနေပါပြီ။

IC 342 ဂလက်ဆီ ကို ဟတ်ဘယ်မှ ရိုက်ကူး ထားသောပုံ
IC 342 ဂလက်ဆီ ကို ဟတ်ဘယ်မှ ရိုက်ကူး ထားသောပုံ (Image credit: NASA, ESA, P. Sell (University of Florida), and P. Kaaret (University of Iowa); Image processing: G. Kober (NASA Goddard/Catholic University of America))

ဒီ ဂလက်ဆီရဲ့ လင်းအားဟာ ကမ္ဘာက ကြည့်ရင် magnitude 8.4 ရှိပါတယ်။ (Magnitude ဆိုတာက ကြယ်တွေ၊ ဂြိုဟ်တွေ၊ ဂလက်ဆီ တွေရဲ့ အလင်း တောက်ပမှုကို တိုင်းတာတဲ့ ယူနစ် ဖြစ်ပါတယ်။ ဒီ magnitude ယူနစ်မှာ ယူနစ် တစ်ခုနဲ့ တစ်ခု အကြား အလင်း တောက်ပမှု ၂.၅ ဆ ခန့် ကွာခြားပါတယ်။

 ဒီ ယူနစ်ရဲ့ ထူးခြား ချက် ကတော့ တန်ဖိုး နည်းလေ အလင်း တောက်ပမှု များလေပဲ ဖြစ်ပါတယ်။ ဥပမာ နေရဲ့ အလင်း တောက်ပမှု ဟာ magnitude -27 ရှိပြီး လပြည့်လ ကတော့ magnitude -၁၃ ရှိပါတယ်။ သောကြာဂြိုဟ်က magnitude -5 ရှိတဲ့ ဂြိုဟ်တစ်စင်း ဖြစ်ပါတယ်။ Polaris ခေါ် ဓူဝံကြယ်ရဲ့ တောက်ပမှု ကတော့ magnitude 2 ရှိပါတယ်။

ဒီ ဂလက်ဆီ ဟာ မစ်ကီးဝေးရဲ့ ဗဟိုက ကြယ်တွေ စုနေတဲ့ ရပ်ဝန်းရဲ့ တဖက်မှာ ရောက်နေတာပါ။ ဒီ ရပ်ဝန်းမှာ ကြယ်တွေ ပြွတ်သိပ် နေ သလို ဓါတ်ငွေ့တွေ၊​ ဖုန်မှုန့်တွေ နဲ့လဲ ပြည့်နေ ပါတယ်။ ဒါ့ကြောင့်လဲ ကမ္ဘာနဲ့ သိပ်မဝေး လှပေမယ့် အလွယ်တကူ မမြင်တွေ့နိုင် တာပဲ ဖြစ်ပါတယ်။

နာဆာက ထုတ်ပြန်လိုက်တဲ့ ဒီ ပုံမှာ ဂလက်ဆီ ရဲ့ ဗဟိုက ကြယ်တွေနဲ့ ဓါတ်ငွေ့ တိမ်တိုက်တွေ စုပြီး လင်းထိန်နေတဲ့ ရပ်ဝန်းကို ထင်ထင်ရှားရှား မြင်ကြရမှာ ဖြစ်ပါတယ်။ ဒီ ဗဟိုကနေ ဘေးပတ်လည်ကို ဖြာထွက်နေတဲ့ လက်တံ တွေကိုလဲ မြင်တွေ့ ကြရပါတယ်။ 

အခု မြင်ရတဲ့ ဂလက်ဆီ အူတိုင်ဟာ H II Nucleus အူတိုင် အမျိုးအစား ဖြစ်ပါတယ်။ ဒီ အူတိုင်မှာ လျှပ်စစ်ဓါတ် ဝင်နေတဲ့ ဟိုက်ဒြိုဂျင် အက်တမ် (ionized hydrogen atom) တွေ အမြောက်အများ စုနေတဲ့ ရပ်ဝန်း ဖြစ်ပါတယ်။

ဒီလို ရပ်ဝန်းရဲ့ ထူးခြားချက် ကတော့ ကြယ် အမြောက်အများကို အချိန်တို အတွင်းမှာ မွေးထုတ် ပေးနိုင်တဲ့ စွမ်းရည်ပဲ ဖြစ်ပါတယ်။ ဒီရပ်ဝန်းဟာ နှစ်သန်း အနည်းငယ်ပဲ ကြာတဲ့ အချိန်တို လေးအတွင်းမှာ ကြယ် အလုံးရေ ထောင်နဲ့ ချီပြီး မွေးဖွား ပေးနိုင်တဲ့ စွမ်းရည် ရှိပါတယ်။

ဒီ ကြယ်သစ် တွေဟာ အလွန်ပူပြင်းပြီး အပြာရောင် တောက်ပလို့ နေပါတယ်။ ဒီ ကြယ်သစ် တွေက သာမန် အလင်းရောင် အပြင် အားကောင်းတဲ့ ခရမ်းလွန် ရောင်ခြည်တွေကို အမြောက်အများ ထုတ်လွှတ် ပေးကြပါတယ်။

ဒီ ခရမ်းလွန် ရောင်ခြည်တွေကြောင့် နောက်ထပ် ဟိုက်ဒြိုဂျင် အက်တမ်တွေဟာ လျှပ်စစ်ဓါတ်ဆောင် အက်တမ် တွေအဖြစ် ပြောင်းလဲ နေကြပါတယ်။ ဒီနည်းနဲ့ ဒီ ဒေသမှာ ကြယ်သစ် မွေးဖွားမှုကို ပိုပြီး လျှင်မြန် အားကောင်း လာစေပါတယ်။

အကယ်လို့သာ ဒီ ဂလက်ဆီဟာ မစ်ကီးဝေး ရဲ့ ဗဟိုက ဖုန်မှုန့်နဲ့ ဓါတ်ငွေ့တိမ်တိုက်တွေရဲ့ ဖုံးကွယ် ထားမှုကို မခံရဘူး ဆိုရင် ကျွန်တော်တို့ရဲ့ ညဖက် ကောင်းကင်မှာ တောက်ပတဲ့ ဂလက်ဆီ တစ်ခု အနေနဲ့ မြင်တွေ့ ကြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Ref: Hubble Spies a Hidden Galaxy | NASA

error: