Skip to content

အိပ်မပျော်ရင် အိပ်ပျော်အောင် ဘယ်လိုလုပ်မလဲ

အိပ်မပျော်ရင် အိပ်ပျော်အောင် သိပ္ပံနည်းကျ လုပ်နည်းတွေ

အိပ်မပျော်ဘူးလား။ အိပ်မပျော်တာ လူတိုင်း အနည်းနဲ့ အများ မကြာခဏ ကြုံရတတ်ပါတယ်။ ဒီလို အိပ်မပျော်ရင် အိပ်ပျော်အောင် ဘယ်လိုလုပ်မလဲ။ တစ်ကနေ တစ်ေထာင်အထိ ရေလို့ တစ်ထောင်သာ ပြည့်သွားတယ် အိပ်လို့မပျော်တာမျိုးလဲ ကြုံဖူးမှာပါ။ သိပ္ပံပညာရှင်တွေက အိပ်မပျော်ရခြင်း အကြောင်းတွေကို အသေးစိတ် လေ့လာခဲ့ကြပြီး သိပ္ပံနည်းကျ အိပ်ပျော်အောင် လုပ်တဲ့နည်းတွေကို လေ့လာခဲ့ကြပါတယ်။ အိပ်မပျော်စေတဲ့ အဓိက အကြောင်းရင် ကတော့ စိုးရိမ်ပူပန် လို့ပါလို့ ပညာရှင်တွေက ပြောပါတယ်။ “အကယ်လို့ သင်ဟာ စိုးရိမ်ပူပန်မှုတွေ များနေရင် အိပ်ပျော်ဖို့ ခဲယာဉ်းပါတယ်။ အိပ်မပျော်တာ များရင်လဲ တခါ စိုးရိမ်ပူပန်မှုတွေကို ပိုဆိုးစေပါတယ်။ ဒီအခါ အိပ်မပျော်တာ ပိုဆိုးလာနိုင်ပါတယ်” လို့ ဒင်ဗာမြို့ ဂျူးအမျိုးသား ကျန်းမာရေး ဌာနက လီဆာ မလ်ဆာက ဆိုပါတယ်။

အောက်မှာ ဖေါ်ပြထားတဲ့ နည်းတွေကတော့ သိပ္ပံပညာရှင်တွေ လေ့လာစုံစမ်းထားတဲ့ သိပ္ပံနည်းကျ အိပ်ပျော်နည်း တွေပဲ ဖြစ်ပါတယ်။

အိပ်ပျော်အောင် လုပ်ချင်ရင် နိုးနေအောင် ကြိုးစားပါ

လူ့စိတ်ဟာ ထူးဆန်းပါတယ်။ အိပ်ပျော်အောင် ကြိုးစားရင် အိပ်လို့ မပျော်ပါဘူး။ မအိပ်ဘဲ နိုးနေအောင် ကြိုးစားရင် အိပ်ခြင်လာပါတယ်။ ဒါ့ကြောင့် အိပ်လို့ မရရင် အတင်းအိပ်ပျော်ဖို့ မကြိုးစားပဲ နိုးနေအောင် ကြိုးစားပါတဲ့။ သုတေသန ပြုချက်တစ်ခုမှာ အိပ်မပျော်တဲ့ သူတွေကို အိပ်ရာပေါ် လှဲနေပြီး မျက်လုံးမမှိုတ်ပဲ ဖွင့်ထားဖို့ ညွှန်ကြားခဲ့ပါတယ်။ ဒီလူတွေဟာ သိပ်မကြာမီမှာပဲ အိပ်ပျော်သွားကြပါတယ်။ ဒါ့ကြောင့် နောက်တခါ အိပ်မပျော်ရင် မျက်လုံးမှိုတ်ပြီး အိပ်ဖို့ မကြိုးစားပဲ၊ မျက်လုံးကို ဖွင့်ပြီး အိပ်မပျော်အောင် ကြိုးစားကြည့်ပါ။ အိပ်ပျော် သွားပါလိမ့်မယ်။

တစ်ခုခုကို ၁၀ မိနစ်လောက် ထလုပ်လိုက်ပါ

အိပ်မပျော်ရင် အတင်းအိပ်ဖို့ မကြိုးစားပါနဲ့။ သင့်လက်နဲ့ ဥဏှောက်ကို အလုပ်ပေးရတဲ့ အလုပ် တစ်ခုခု ထလုပ်လိုက်ပါတဲ့။ ဒါပေမယ့် တီဗီကြည့်တာနဲ့ ဖုန်းပွတ်တာကိုတော့ လုံးဝအလုပ်ပါနဲ့တဲ့။ တီဗီနဲ့ ဖုန်းစခရင် တွေဟာ အိပ်မပျော်အောင် တွန်းအားပေးတွဲ့အတွက် အိပ်ချိန်မှာ ဒါတွေကို ရှောင်ကျဉ်ပါလို့ ပညာရှင်တွေက ထောက်ပြပါတယ်။ “အိပ်ရာဆိုတာ အိပ်ဖို့ပါ။ ဒါ့ကြောင့် အိပ်ရာပေါ်မှာ အိပ်တာနဲ့ လိင်ဆက်ဆံတာက လွဲလို့ တခြား ဘာမှ မလုပ်ပါနဲ့” လို့ ဟတ်ဖို့တ်ရှိုင်းယား တက္ကသိုလ်က စိတ်ပညာ ပါမောက္ခ ရစ်ချတ်ဝိုက်စ်မင်းက ပြောပါတယ်။

နာရီကို ဖွက်ထားပါ

အိပ်မပျော်ချိန်မှာ ဘယ်အချိန် ရှိပြီလဲ ဆိုပြီး နာရီ ထထကြည့်နေတာဟာ စိုးရိမ်ပူပန်မှုကို ပိုဆိုးစေပါတယ်။ ဒါ့ကြောင့် အိပ်မပျော်ရင် နာရီထထ ကြည့်မနေပါနဲ့။ နာရီကို အလွယ်တကူ မမြင်ရမယ့် နေရာမှာ ဖွက်ထားလိုက်ပါတဲ့။

မှတ်ဉာဏ်ကောင်းအောင် ဘယ်လိုလုပ်မလဲ

အရက်သောက်ခြင်းက မှတ်ဉာဏ်ကောင်းစေသလား

အခန်းကို အေးသွားအောင် လုပ်လိုက်ပါ

ရာသီဥတု ပူရင် အိပ်ရခက်ပါတယ်။ အိပ် ပျော်သွားတဲ့အခါလူ့ကိုယ်ခန္ဂာဟာ အေးသွားပါတယ်။ ဒါဟာ လူတစ်ယောက် နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်အောင် အားပေးပါတယ်။ အခန်းက ပူနေရင် အိပ်ပျော်ဖို့ ဖက်ပါတယ်။ ဒါ့ကြောင့် အေးသွားအောင် ပြတင်းတခါးတွေ ဖွင့်လိုက်တာမျိုး၊ ပန်ကာဖွင့် အိပ်တာမျိုးဆို အိပ်ပျော်စေပါတယ်။

အခန်းကို မှောင်နေပါစေ

အခန်းက လင်းနေရင် အိပ်ပျော်ဖို့ ခက်ပါတယ်။ ဒါ့ကြောင့် အိပ်ခန်းကို အလင်းရောင် လုံတဲ့ ခန်းဆီးထူထူ ကာပေးပါ။

အိပ်ပျော်အောင် မအိပ်မီ ရေနွေးနွေးနဲ့ ရေချိုးပေးပါ

အိပ်ခါနီး ရေနွေးနဲ့ ရချိုးရင် အရေပြားအောက်နားက သွေးကြောတွေ ကျယ်လာပြီး ကိုယ်ခန္ဓာထဲက အပူထွက်တာ မြန်လာပါတယ်။ ဒီလို ရေနွေးနဲ့ ရချိုးပြီးရင် လေအေးအေး တိုက်တဲ့နေရာမှာ ခနလောက် နေပေးပါတဲ့။ ဒီအခါ ကိုယ်ခန္ဓာအတွင်းက အပူထွက်သွားပြီး အေးလာတဲ့ အတွက် အိပ်ပျော်အောင် အားပေးပါတယ်တဲ့။

မျက်နှာကို ရေအေးထဲမှာ မိနစ်ဝက်လောက် နှစ်ထားပါ

ဟုတ်ပါတယ်။ သင်စိုးရိမ်ပူပန်တာ များနေရင် သင့် ဥဏှောက်ကို ရီစတတ် (restart) ပြန်လုပ်ဖို့ လိုပါတယ်တဲ့။ ရီစတတ် ပြန်လုပ်ဖို့ အကောင်းဆုံး နည်းကတော့ မျက်နှာကို ရေအေးအေးထဲ ခန နှစ်ထားလိုက်တာပါပဲ။ ဒီအခါ သင့် နှလုံးခုန်နှုန်း နှေးလာပြီး သွေးပေါင်လဲ ကျလာပတယ်။ သင့်စိုးရိမ်ပူပန်မှုတွေလဲ လျော့ကျသွားပြီး သင့်ကိုယ်ခန္ဓာဟာ တင်းမာမှုတွေ ပြေလျော့သွားတဲ့ အတွက် အိပ်ဖို့ လွယ်ကူစေပါတယ်။

၄-၇-၈ နည်းကို သုံးပါ

ဒီနည်းက သင့်ကိုအမြန်ဆုံး အိပ် ပျော်စေနိုင် ပါတယ်တဲ့။ ဒီနည်းကို ကျင့်သုံးတဲ့ အခါသွေးထဲ အောက်ဆီဂျင် များလာပြီး နှလုံးခုန်နှုန်း နှေးလာကာ အကြောတွေ ပြေလျော့ သွားစေပြီး အလွယ်တကူ အိပ်ပျော်ပါတယ်တဲ့။

(၁) ဒီလေ့ကျင့်ခန်း လုပ်နေစဉ်မှာ သင့်လျှာကို အပေါ်သွားဖုံးနဲ့ ထိထားပါ။

(၂) အဆုတ်ထဲက လေကုန်သွားတဲ့ အထိ ပါးစပ်ထဲက ဝှူးကနဲ မြည်အောင် ရှူထုတ်လိုက်ပါ။

(၃) ပါးစပ်ပိတ်ပြီး နှာခေါင်ကနေ ရှူသွင်းပါ။ ဒီလိုရှူသွင်းချိန်မှာ တစ်ကနေ လေးအထိ ရေပေးပါ။

(၄) အသက်အောင့်ထားပြီး တစ်ကနေ ခုနှစ် အထိ ရေပါ။

(၅) ပါးစပ်ကနေ ဝှူးကနဲမြည်အောင် ရှူထုတ်ပါ။ ဒီလိုရှူထုတ်နေစဉ်မှာ တစ်ကနေ ရှစ်အထိ ရေပေးပါ။

(၆) အထက်ပါ အတိုင်း နောက်ထပ် သုံးကြိမ် ထပ်လုပ်ပါ။ (စုစုပေါင်း ၄ ကြိမ်)

လာဗင်းဒါပန်းနံ့ ရှူပေးပါ

အိပ်မပျော်တတ်ရင် လာဗင်ဒါပန်းဆီ ပုလင်းလေး ဆောင်ထားပါတဲ့။ သုတေသန တစ်ခုမှာ အိပ်မပျော် သူတွေကို လာဗင်ဒါပန်းဆီနံ့ကို ၁၀ မိနစ် တစ်ခါ သုံးကြိမ် ရှူခိုင်းတဲ့ အခါအလွယ်တကူ အိပ်ပျော်သွားကြပါတယ်တဲ့။

အိပ်ပျော်အောင် သင်အကြိုက်ဆုံးနေရာလေးကို စိတ်ကူးထဲမှာ မြင်ယောင်ကြည့်ပါ

အောက်စဖိုတ့် တက္ကသိုလ်က ပြုလုပ်တဲ့ သုတေသန တစ်ခုမှာ အိပ်မပျော်သူတွေကို ကမ်းခြေတို့၊ ရေတခွန်တို့ လို သာယာတဲ့ ရှုခင်းတွေကို အာရုံနဲ့ ပုံဖော်ကြည့် ခိုင်းတဲ့ အခါဒီလူတွေ မြန်မြန် အိပ်မောကျသွားကြပါတယ်တဲ့။

အိပ်မပျော်ရင် သာယာတဲ့ ရှုခင်းတစ်ခုခုကို စိတ်ကူးနဲ့ ပုံဖော်ကြည့်ပါ။
အိပ်မပျော်ရင် သာယာတဲ့ ရှုခင်းတစ်ခုခုကို စိတ်ကူးနဲ့ ပုံဖော်ကြည့်ပါ။

အိပ်ပျော်အောင် သီချင်းနားထောင်ပေးပါ

အိပ်ခါနီး သာယာညိမ့်ညောင်းတဲ့ တေးသီချင်းတွေ နားထောင်ပေးတာ အိပ်ပျော်အောင် အားပေးပါတယ်တဲ့။ သာယာညိမ့်ညောင်းတဲ့ တေးသံတွေဟာ လူကို တင်းမာမှုတွေ လျော့ကျစေပြီး စိုးရိမ်စိတ်တွေ လျော့နည်းစေတဲ့ အတွက် အလွယ်တကူ အိပ်ပျော်စေပါတယ်။ ဆူညံတဲ့ ရောခ်နဲ့ ပေါပ် သီချင်းတွေကို တော့ အိပ်ခါနီး နားမထောင်ဖို့ အကြံပြုထားပါတယ်။

အိပ်ရာဝင်ခါနီး မီးတွေကြိုမှိန်ထားပါ

တီဗီ၊ ဖုန်းစကရင်တွေပြီးရင် အိပ်တာကို အနှောင့်အယှက် ပေးတာကတော့ အိမ်က မီးချောင်းမီးရောင် ပါပဲတဲ့။ ဒါ့ကြောင့် အိပ်ခါနီး နာရီဝက်လောက် ကတဲက ကြိုပြီး မီးချောင်တွေကို ကြိုပိတ်ထားပါတဲ့။ အိမ်ထဲက မီးရောင်မှိန်မှိန်ဟာ သင့်ကို အိပ်ချင်လာ စေပါတယ်တဲ့။

အကြောအချင်တွေ လျော့ချပါ

ကိုယ်ခန္ဓာက တင်းနေတဲ့ အကြောအချင်တွေကို တဖြည်းဖြည်းချင်း လျော့ချပေးတာဟာ သင့်ကို အိပ်ချင်လာ စေပါတယ်။ ဘယ်လိုလျော့ချရ မလဲဆိုတော့ ခြေထောက်ကနေ စပြီး ကြွက်သားတွေကို ၅ စက္ကန့် တင်းပြီးရင် ၃၀ စက္ကန့် လျော့ပေးပါ။ တဖြည်းဖြည်း ခြေထောက်ကနေ ခါး၊ လက်၊ လည်ပင်းနဲ့ ပုခုန်း ကြွက်သားတွေကို ဒီလို အကြောလျော့ ပေးပါတဲ့။

အာရုံကြော ဆုံရပ်တွေကို နှိပ်ပေးပါ

ဒီဆုံရပ်တွေဟာ တရုပ်အပ်စိုက်ရာမှာ သုံးတဲ့ အာရုံကြော ဆုံရပ်တွေပဲ ဖြစ်ကြပါတယ်။ ဒီနေရာတွေကို ဖြေးဖြေး ဖိပြီး နှိပ်ပေးပါတဲ့။ နှိပ်ရမယ့် နေရာတွေကတော့

  • မျက်ခုံးနှစ်ခုအကြား နှာခေါင်းရင်းကို တစ်မိနစ်လောက် ဖြေးဖြေးနှိပ်ပေးပါ။
  • ခြေမနဲ့ ခြေညှိုးအကြား ခြေထောက်အပေါ်ပိုင်းကို ထု့လာတဲ့ အထိ မိနစ် အနည်းငယ် နှိပ်ပေးပါ။
  • ခြေဖဝါးအရှေ့ပိုင်း သုံးပုံ တစ်ပုံလောက် နေရာကို မိနစ် အနည်းငယ် နှိပ်ပေးပါ။
  • နားရွက်နှစ်ဖက်လုံးကို မိနစ် အနည်းငယ် နှိပ်ပေးပါ။

အိပ်ပျော် နိုင်ကြပါစေ။

Reference: HuffPost | 15 Science-Backed Ways To Fall Asleep Faster

error: