Skip to content

သင့်ကလေးကို ဘယ်လိုစာဖတ်ပြမလဲ

  • Mind
ကလေးငယ်ငယ်တဲက သူတို့ကို စာဖတ်ပြပါ (Photo: Szymonpacek | Pixabay)

ကလေးတွေ စာဖတ်တာ စိတ်ဝင်စားအောင် လုပ်ဖို့ဆို ပထမဆုံး ကလေးကို စာအုပ်တွေနဲ့ ယဉ်ပါးအောင် လုပ်ပေးဖို့ လိုပါတယ်။ ဒီလို လုပ်ဖို့ အကောင်းဆုံးကတော့ ကလေးငယ်တုန်းမှာ သူတို့ကို စာဖတ်ပြတာပါပဲ။ စာအုပ်တွေကို ကိုင်တွယ်ထိတွေ့ရတာ ပျော်တဲ့ ကလေးတွေဟာ သူတို့ကြီးလာတဲ့ အခါမှာလဲ စာဖတ်ဖို့ ဝါသနာ ပါလာကြပါတယ်။ အောက်မှာ ကလေးငယ်ငယ်လေးတွေကို ဘယ်လိုစာဖတ် ပြရမလဲဆိုတာ အကြံပြုထားပါတယ်။

တစ်ခါဖတ်ရင် အချိန်နည်းနည်းနဲ့ မကြာခဏ ဖတ်ပြပါ

ကလေးတွေရဲ့ စိတ်ဝင်စားမှု ဟာ အချိန်တိုတောင်းလှပါတယ်။ အခု စာအုပ်ကို စိတ်ဝင်စားနေပေမယ့် ခဏနေ သူ့အာရုံက နောက်တစ်ခုကို ပြောင်းသွားပါလိမ့်မယ်။ စိတ်မပျက်ပါနဲ့။ စာအုပ်တစ်အုပ်လုံး ပြီးအောင်ဖတ်ပြစရာလဲ မလိုပါဘူး။ သူတို့ ဖတ်ချင်တဲ့ ကြည့်ချင်တဲ့ စာမျက်နှာ၊ ရုပ်ပုံတွေကို ကလေးက အကြာကြီး အာရုံစိုက်ပြီး အခြား စာမျက်နှာတွေ၊ ပုံတွေကို စိတ်ဝင်စားချင်မှာ ဝင်စားပါလိမ့်မယ်။ တစ်ခါတစ်လေ ကလေးက စာအုပ်ကို ကိုက်တာ၊ စာအုပ်နဲ့ ကစားတာ လုပ်ပါလိမ့်မယ်။ သူလုပ်ချင်တာ လုပ်ပါစေ။ အဓိကက ကလေးနဲ့ စာအုပ် ယဉ်ပါးဖို့ ဖြစ်ပါတယ်။

ပုံလေးတွေအကြောင်း ပြောပြပါ

စာတွေအကုန်လုံး ၏၊ သည်၊ ၍ မလွဲ ဖတ်ပြစရာ မလိုပါဘူး။ ရုပ်ပုံလေးတွေပြပြီး သူတို့ကို ပုံထဲက အကြောင်းတွေ ပြောပြပါ။ ဥပမာ ကြောင်ပုံပြပြီး CAT လို့ ပြောပြပါ။ ပြီးရင် အဲ့ဒီ ကြောင်လေး အကြောင်း ပြောပြပါ။ ဘာအရောင်လဲ၊ ဘာလုပ်နေလဲ စသည်ဖြင့်ပေါ့။ တစ်ခါတစ်လေလဲ သီချင်းဆိုပြပါ။

ကလေးကို သူ့ဖာသာ စာမျက်နှာတွေ လှန်ပါစေ

ကလေးငယ်လွန်းရင် စာမျက်နှာတွေ သူ့ဟာသူ မလှန်နိုင် သေးပါဘူး။ ဒါပေမယ့် ကလေးအသက် တစ်နှစ်ခွဲလောက်ဆို စာမျက်နှာတွေ လှန်ချင်ပါလိမ့်မယ်။ ၃နှစ် လောက်ဆို ကောင်းကောင်း စာမျက်နှာတွေ လှန်နိုင်ပါပြီ။ ပေးလှန်လိုက်ပါ။ စုတ်သွား ပြဲသွားမှာ သိပ်စိတ်မပူပါနဲ့။ စာမျက်နှာတွေ ကျော်ဖတ်ရင်လဲ ပြဿနာ မရှိပါဘူး။

စာအုပ်အဖုံးကိုအရင်ပြပါ

စာအုပ်အဖုံးက ပုံကို ပြပြီး ကလေးကို ဒါဘာပုံပြင်လဲ ပြောပြပါ။ ကလေး ၃-၄ နှစ် လောက်ဆို သူတို့ကို ဘာပုံပြင် ဖြစ်မလဲ အရင်မေးပါ။

စာလုံးလေးတွေကို ထောက်ပြပါ

စာဖတ်ရင် စာလုံးတွေကို ထောက်ပြပါ။ ကလေးက တဖြည်းဖြည်း စာလုံးတွေနဲ့ ယဉ်ပါးလာပါလိမ့်မယ်။

ပုံပြင်လေးတွေကို သံနေသံထား အမူအရာနဲ့ ဖတ်ပြပါ

ကလေးကို စာဖတ်ပြရင် သတင်းကြေငြာသလို ရုပ်သေကြီးနဲ့ မဖတ်ပြပါနဲ့။ အသံနေ အသံထား အမျိုးမျိုး အမူအရာ အမျိုးမျိုးနဲ့ ဖတ်ပြပါ။ ရယ်စရာ မျက်နှာ အမူအရာတွေ လုပ်ပြပါ။ အရုပ်ကလေးတွေနဲ့ ပုံပြင်ကို အသက်ဝင်အောင် ဖန်တီးပါ။

ကလေးနဲ့ နီးစပ်တဲ့ အရာတွေနဲ့ ဆက်စပ်ပြီး ဖတ်ပြပါ

ဥပမာ မိသားစုအကြောင်းဆိုရင် ကိုယ်အိမ်က မိသားစုရဲ့ ပုံပြင်လို ဖန်တီးပြီး ပြောပြပါ။ ကျွန်တော်ဆို သမီး အငယ်မလေးကို Frozen ပုံပြင်ထဲက Elsa နဲ့ Anna နေရာမှာ သူတို့ ညီအမရဲ့ အမည်တွေ အစားထို့ပြီး ဖတ်ပြတော့ ကလေးက အလွန် သဘောကျပြီး ထပ်ခါထပ်ခါ ဖတ်ခိုင်းတော့ တာပါပဲ။

မေးခွန်းလေးတွေ မေးပါ

ပုံပြင်ဖတ်ရင်း ကလေးကို မေးခွန်းလေးတွေ မေးပါ။ ဥပမာ ခွေးကလေး တွေ့ရင် ဒါဘာကောင်လဲ၊ ဘာအရောင်လဲ စသည်ဖြင့်ပေါ့။ သူတို့မေးတဲ့ မေးခွန်းတွေကိုလဲ စိတ်ရှည်ရှည်နဲ့ ဖြေပေးပါ။

ကလေးကို ပုံပြောခိုင်းပါ

အသက် ၃-၄ နှစ်လောက်ဆို ပုံပြင်တွေ မှတ်မိနေပါပြီ။ ကလေးကို ရုပ်ပုံလေးတွေပြပြီး ပုံပြောခိုင်းပါ။ သူပြောချင်တာ ပြောပါစေ။ ကလေးက ဉာဏ်ကွန့်ပြီး သူ့ဟာသူ ဇါတ်လမ်းဆင် ပြောပြတာကို ဂရုတစိုက် နားထောင်ပါ။ ပုံပြင်ကို အလွတ်ပြန်ရွတ်ပြတာမျိုး မဟုတ်ပဲ သူ့တီထွင် ဖန်တီးနိုင်စွမ်းနဲ့ ဖန်တီးတာကို အားပေးပါ။

ပုံပြင်စာအုပ်လေးတွေ အတူဖန်တီးပါ

ကလေး ၃-၄ နှစ်လောက်ဆို ပုံလေးတွေ စဆွဲတတ်ပါပြီ။ သူတို့ဆွဲတဲ့ ပုံလေးတွေကို စုပြီး ပုံပြင်စာအုပ်လေးတွေ လုပ်ပါ။ ပုံကောင်းကောင်း မဆွဲတတ် သေးတဲ့ ကလေးတွေဆို မဂ္ဂဇင်း အဟောင်းတွေထဲက ဓါတ်ပုံတွေကို ဖြတ်ပြီး ဗလာစာအုပ်မှာ ကော်နဲ့ကပ်ပြီး စာအုပ်လေးတွေ ဖန်တီးပါ။

စာဖတ်တာကို ကလေးရဲ့ နေ့စဉ်လုပ်ဆောင်မှု ဖြစ်အောင် ဖန်တီးပါ

စာဖတ်တာဟာ အထူအချိန်ယူ လုပ်ရတဲ့ အလုပ် မဟုတ်ပဲ နေ့စဉ် ပုံမှန် အလုပ်တစ်ခုလို ဖြစ်အောင် ဖန်တီးပါ။ ဥပမာ ညအိမပ်ခါနီးတိုင်း ပုံပြင်တစ်ပုဒ် ဖတ်ပြတာမျိုး၊ ကျောင်းကားစောင့်နေချိန် စာဖတ်ပြတာ၊ ကလေးနောက်ဖေးတည်နေတုန်း စာဖတ်ပြတာ အစရှိသဖြင့်ပေါ့။

error: