Skip to content

အရက်အနည်းငယ် သောက်သုံးခြင်းသည် ဦးဏှောက်ဆဲလ်များကို သန့်ရှင်းစေနိုင်

  • Health
အရက်အနည်းငယ် ပုံမှန် သောက်သုံးခြင်းက သင့်ဦးဏှောက်ကို ကျန်းမာစေနိုင်

အရက်ကို အနည်းငယ် သောက်သုံးခြင်းဟာ ဦးဏှောက်တွင်း ရောင်ရမ်းမှုကို လျှော့ကျ စေနိုင်ပြီး ဦးဏှောက်တွင်းမှ အယ်ဇိုင်းမား ဖြစ်စေသော အဆိပ်အတောက်များ အပါအဝင် အခြား အဆိပ်အတောက်များကို ဖယ်ရှားရှင်းလင်း ပေးနိုင်တယ်လို့ နောက်ဆုံးပြုလုပ်တဲ့ သုတေသန တွေ့ရှိချက် တစ်ခုက ဆိုပါတယ်။

“အရက်ကို ကြာရှည်စွဲမြဲစွာ အလွန်အကြွံ သောက်သုံးခြင်းဟာ ဦးဏှောက်နဲ့ အာရုံကြောတွေကို ထိခိုက်ပျက်စီး စေပါတယ်။ ဒါပေမယ့် အရက် ကို အနဲငယ်သာ သောက်သုံးမယ် ဆိုရင် ဦးဏှောက်တွင်းက အညစ်အကြေးတွေကို ရှင်းလင်းဖယ်ရှားနိုင်လို့ ဦးဏှောက်ကို အကျိုးဖြစ်ထွန်း စေနိုင်ပါတယ်။ ဒီလို အရက်အနည်းငယ် သောက်တာဟာ ဦးဏှောက်ဆဲလ် တွေကို အကြိုးဖြစ်စေ နိုင်တယ်ဆိုတာ ကျွန်တော်တို့ ဒါပထမဆုံး သက်သေပြနိုင်တာပါ” လို့ ဒီသုတေသနကို ဦးဆောင်ခဲ့သူ ရိုချက်စတာ တက္ကသိုလ် ဆေးပညာဌာနက ဒေါက်တာ မေဂန် နီဒါဂတ်က ပြောပါတယ်။

အရက်ကို အနည်းငယ် ပုံမှန် သောက်သုံးမယ်ဆိုရင် ကျန်းမာရေးကို အထောက်အကူ ပြုတယ်ဆိုတာ ဆေးပညာရှင်တွေ သတိပြုမိတာ အတော်ကြာခဲ့ပါပြီ။ အရက်ကို အလွန်အကြွံ သောက်သုံးတာဟာ ကျန်းမာရေးကို ထိခိုက်နိုင်ပမယ့် အနည်းငယ် ပုံမှန် သောက်သုံးခြင်းက နှလုံးရောဂါနဲ့ ကင်ဆာရောဂါ အချို့ကို ကာကွယ်နိုင်တယ်ဆိုတာ ဆေးပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။

အခု သုတေသနကတော့ ဦးဏှောက်တွင်းက ဂလင်ဖက်တစ် စနစ် (glymphatic system) လို့ခေါ်တဲ့ ဦးဏှောက်တွင်းက သန့်စင်ရေး စနစ်ကို အထူးပြုပြီး လေ့လာခဲ့တာပါ။ ဒီစနစ်ကို ဒေါက်တာ နီဒါဂတ်နဲ့ အဖွဲ့ကပဲ ၂၀၁၂ မှာ ရှာဖွေတွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။ ဒီစနစ်ဟာ ဦးဏှောက်ရည်ကြည်က (cerebrospinal fluid) ဦးဏှောက်ဆဲလ်တွေ ကြားမှာ လှည့်ပတ်ပြီး ဦးဏှောက်တွင်းက အညစ်အကြေးတွေကို ဖယ်ရှားပေးတဲ့ စနစ်ဖြစ်ပါတယ်။ ဒီစနစ်က ဖယ်ရှားပေးတဲ့ အညစ်အကြေး တွေထဲမှာ အယ်ဇိုင်းမားခေါ်တဲ့ အသက်ကြီးလို့ မှတ်ဉာဏ်ချို့တဲ့ပြီး သူငယ်ပြန်သလို ဖြစ်တဲ့ ရောဂါကို ဖြစ်စေတဲ့ အညစ်အကြေးတွလဲ ပါပါတယ်။ ဒီ ဂလင်ဖက်တစ် သန့်စင်ရေး စနစ်ဟာ အိပ်ချိန်နဲ့ အားကစား လုပ်ချိန်တွေမှာ ပို အလုပ်လုပ်နိုင်ပြီး ဦးဏှောက်ကို ထိခိုက်ဒါဏ်ရာ ရတာတို့၊ လေဖြတ်တာတို့ကြောင့် ပျက်စီးစေနိုင်ပါတယ်။

ဒီသုတေသနကို ကြွက်တွေပေါ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး Scientific Report ဂျာနယ်မှာ ဖေါ်ပြထားပါတယ်။ ဒီသုတေသနက ကြွက်တွေရဲ့ ဦးဏှောက်ပေါ်မှာ အရက်သောက်သုံးခြင်းက ဘယ်လိုအကျိုးသက်ရောက်မှု ရှိလဲဆိုတာကို လေ့လာခဲ့ပါတယ်။

အရက်ကို အလွန်အကြွံ သောက်သုံးတဲ့ ကြွက်တွေ (ကြွက်က လိုလိုချင်ချင် သောက်တာတော့ မဟုတ်ပါဘူး၊ ကြွက်ကို အရက်ပမာဏ ချိန်ပြီး ဝမ်းထဲရောက်အောင် ထည့်တာပါ) ကို လေ့လာတဲ့ အခါမှာ ဒီကြွက်တွေရဲ့ ဦးဏှောက်ထဲမှာ ယောင်ရမ်းစေနဲ့ ဓါတ်ပစ္စည်းတွေ အမြောက်အများ တွေ့ရှိရပါတယ်။ သူတို့ရဲ့ ဉာဏ်စွမ်းရည် (cognitive) နဲ့ လှုပ်ရှားမှု စွမ်းရည် (motor) တွေဟာလဲ ကျဆင်းလို့ သွားပါတယ်။

အရက် အနည်းငယ်စီသာ ပုံမှန် တိုက်ကြွေးတဲ့ ကြွက်တွေရဲ့ ဦးဏှောက်ကတော့ ယောင်ရမ်းစေတဲ့ ဓါတ်ပစ္စည်းတွေ နည်းပါးပြီး သူတို့ရဲ့ ဂလင်ဖက်တစ် စနစ်ဟာ အရက်မသောက်တဲ့ ကြွက်တွေထက်တောင် ပိုအလုပ်လုပ်နိုင်တာ တွေ့ရှိရပါတယ်။ သူတို့ရဲ့ ဉာဏ်စွမ်းရည် (cognitive) နဲ့ လှုပ်ရှားမှု စွမ်းရည် (motor) တွေဟာလဲ အရက်မသောက်တဲ့ ကြွက်တွေနဲ ထပ်တူ စွမ်းဆောင်နိုင် ကြပါတယ်။ ဒီကြွက်တွေကို တိုက်တဲ့ အရက်ပမာဏဟာ ပုံမှန်လူတွေ တစ်ရက်ကို ၅% ဘီယာ (သံဘူးနဲ့) ၂ လုံးခွဲလောက် သောက်တာနဲ့ ညီမျှပါတယ်တဲ့။ ဝီစကီလို အရက် အပြင်းမျိုးဆို ၁၁၀ စီစီ လောက် နဲ့ ညီမျှပါတယ်တဲ့။

ဒီသုတေသနက ဘာကိုပြလဲဆိုတော့ အရက်ကို အနည်းငယ် ပုံမှန်သောက်တာဟာ ကျန်းမာရေးကို အထောက်အကူပြုပြီး အလွန်အကြွံ သောက်တာကတော့ ကျန်းမာရေးကို ထိခိုက်တယ် ဆိုတာကို ဓာတ်ခွဲခန်းစမ်းသပ်ချက်နဲ့ သက်သေ ပြနိုင်တာပါလို့ ဒေါက်တာ နီဒါဂတ်က ပြောပါတယ်။

ဒီသုတေသနမှာ ကိုပင်ဟေဂင် တက္ကသိုလ်က ပညာရှင်တွေလဲ ပူးပေါင်းပါဝင်ကြပြီး သုတေသနကို ထောက်ပံ့တာကတော့ ရေတပ် သုတေသနဌာန (Department of Navy’s Office of Naval Research)၊ အမျိုးသား ဦးဏှောက်ရောဂါနှင့် လေဖြတ်ခြင်းဆိုင်ရာ ဌာန (National Institute of Neurological Disorders and Stroke) နဲ့ အမျိုးသား အသက်ကြီးရွယ်အို ဌာန (National Institute on Aging) တွေပဲ ဖြစ်ပါတယ်။

Source: Futurity | A little alcohol may keep brains ‘clean’

error: