Skip to content

ကမ္ဘာ့ အကြီးဆုံး လေယာဉ်ကြီး ယူကရိန်း စစ်ပွဲ အတွင်း ပျက်စီး

ကမ္ဘာ့ အကြီးဆုံး လေယာဉ်ကြီး Mriya ယူကရိန်း စစ်ပွဲ အတွင်း ဖျက်ဆီး ခံခဲ့ရ

မြီရာ (Mriya) လို့ အမည်ပေး ထားတဲ့ ကမ္ဘာ့ အကြီးဆုံး လေယာဉ်ကြီးဟာ ရုရှား စစ်တပ်ရဲ့ ဖျက်ဆီးခြင်း ခံရမှုကြောင့် ပျက်စီးသွား ခဲ့ပြီလို့ ယူကရိန်း အစိုးရက ကြေငြာခဲ့ပါတယ်။

Antonov An-225 “Mriya” လေယာဉ်ကြီးကို ယူကရိန်း နိုင်ငံရဲ့ မြို့တော် ကီးယက်ဗ် မြို့ အနီးက အန်တိုနော့ဗ် လေယာဉ်ကွင်းမှာ ရပ်နားထားစဉ် ရုရှား စစ်တပ် ရဲ့ တိုက်ခိုက် မှုကြောင့် ပျက်စီးသွားတာဖြစ်ကြောင်း သိရပါတယ်။

“ကမ္ဘာ့ အကြီးဆုံး လေယာဉ်ကြီး ဖြစ်တဲ့ Mriya (အိပ်မက်) လေယာဉ်ကြီးဟာ ရုရှား ကျူးကျော်သူ တွေကြောင့် ကီးယက်ဗ်မြို့ အနီး လေယာဉ်ကွင်းမှာ ပျက်စီး သွားခဲ့ပါတယ်။ ငါတို့ ဒီလေယာဉ်ကို ပြန်ဆောက်ကြမှာပါ။ ငါတို့ရဲ့ အိပ်မက် ဖြစ်တဲ့ အင်အား တောင့်တင်းပြီး လွတ်လပ်တဲ့ ဒီမိုကရက်တစ် ယူကရိန်း နိုင်ငံတော်ကို ဖြစ်လာအောင် တည်ဆောက်ကြမှာပါ” လို့ ယူကရိန်း အစိုးရရဲ့ တွစ်တာ စာမျက်နှာမှာ ရေးသား ထားပါတယ်။

ဒီ Mriya လေယာဉ်ကြီးကို ပြန်ပြီး ပြုပြင် တည်ဆောက်ဖို့ ဆိုရင် အမေရိကန် ဒေါ်လာ ၃ ဘီလီယံ (သန်း ၃,၀၀၀) ခန့် ကုန်ကျမှာ ဖြစ်ပါတယ်။ နောက်ပြီး ပြန်လည် ပြုပြင် တည်ဆောက်ဖို့လဲ နှစ်အတော်ကြာ အချိန်ယူရမှာ ဖြစ်တယ်လို့ ယူကရိန်း လက်နက် ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုက ခန့်မှန်း ထားပါတယ်။

အခု လေယာဉ်ကြီးကို ပြုပြင်ဖို့ လေဆိပ်မှာ ရပ်နားထားတုန်း ဖျက်စီး ခံခဲ့ရတာလို့ သိရပါတယ်။ 

“အိပ်မက်” လို့ အမည်ပေး ထားတဲ့ ဒီ လေယာဉ်ကြီးကို ၂၀၀၁ ခုနှစ်မှာ စတင် ပျံသန်းခဲ့တာ ဖြစ်ပါတယ်။ ဒီ လေယာဉ်ကြီးဟာ အတောင်ပံ နှစ်ဖက် အကျယ် ပေ ၂၉၀ တောင် ရှိပြီး အလျား ၂၇၅ ပေ ရှည်ပါတယ်။ ဒီလေယာဉ်ကြီး လေထဲ ပျံချိန်မှာ ဆိုရင် တကယ့် ဧရာမ သတ္တဝါကြီး တစ်ကောင် ပျံလာတဲ့ အတိုင်းပဲလို့ ဆိုပါတယ်။

ကုန်ပစ္စည်း မပါပဲနဲ့ကို လေယာဉ်ကြီးဟာ တန်ချိန် ၂၈၅ တန် လေးပါတယ်။ သူ့ကို ပျံသန်းဖို့ Ivchenko Progress D-18T turbofan အင်ဂျင် ၆ လုံး တပ်ဆင် ထားပါတယ်။ ဒီ အင်ဂျင်တွေရဲ့ စုစုပေါင်း တွန်းကန်အားက ပေါင် ၅၁,၆၀၀ တောင်မှ တွန်းအား ပေးနိုင်ပါတယ်။

ဒီ အင်ဂျင်တွေဟာ တွန်းကန်အား ကောင်းသလောက် ဆီစားလဲ သက်သာပြီး ယုံကြည် စိတ်ချရတယ်လို့ ဆိုကြပါတယ်။ 

မူလ တည်ဆောက်စဉ်က ဒီလေယာဉ်ကြီးကို အာကာသ ဒုံးပျံ တွေနဲ့ အာကာသ ယာဉ်တွေ ကို သယ်ဆောင်ဖို့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ သူ့အရင် အကြီးဆုံး လေယာဉ်ကြီး ဖြစ်တဲ့ Antonov An-124 ထက်တောင် ပိုကြီးပါ သေးတယ်။

နောက်ပိုင်း ဒုံးပျံတွေ သယ်မယ့် အစီအစဉ် ပျက်သွားတော့ ယူကရိန်း လေကြောင်းလိုင်း Antonov Airlines က ဝယ်ယူပြီး ကုန်တင် လေယာဉ် အဖြစ် အသုံး ပြုခဲ့ပါတယ်။

ဒီ လေယာဉ် ကြီးရဲ့ ကုန်တင် ဧရိယာဟာ အလျား ၁၄၂ ပေ ရှိပြီး ကုန်တန်ချိန် ၂၅၀ တောင်မှ သယ်ဆောင်နိုင်စွမ်း ရှိပါတယ်။ ဒါဟာ သူ့အရင် AN-124 ရဲ့ ကုန်သယ်နိုင်စွမ်း တန် ၁၅၀ ထက် တန် ၁၀၀ တောင်မှ ပိုသယ်နိုင်တာပါ။

ဒီလေယာဉ်ကို ၁၉၈၈ မှာ စတင် ပြီး စမ်းသပ် ပျံသန်းခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်မှာတော့ ကုန်တွေ စတင် တင်ဆောင် ပျံသန်းခဲ့ပြီး ၂၀၃၃ ခုနှစ် အထိ ပျံသန်းသွားဖို့ ရည်ရွယ် ထားခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်ထဲ ကုန်တင်တဲ့ အခါ ခေါင်းပိုင်းက ကုန်တင်ခန်း တံခါးကို ဖွင့်ပြီး တင်ရပါတယ်။ လေယာဉ် နောက်ပိုင်းမှာတော့ ကုန်တင်ပေါက် မပါပါဘူး။ မူလက ထည့်သွင်းတည်ဆောက်ဖို့ ရည်ရွယ် ခဲ့ပေမယ့် လေယာဉ်ရဲ့ အလေးချိန် လျော့ချနိုင်ဖို့ ဆိုပြီး နောက်တံခါးပေါက်ကို မထည့်သွင်း တော့ပါဘူး။

လေယာဉ်ရဲ့ ရှေ့ပိုင်းကို ကုန်တင်ချိန်မှာ ဦးငိုက်ထားနိုင်တာမို့ လေယာဉ်ထဲကို ယာဉ်တွေ တိုက်ရိုက် မောင်းဝင် နိုင်ပါတယ်။ 

လေယာဉ်ရဲ့ အမြှီးကိုလဲ အမြှီး နှစ်ခွနဲ့ တည်ဆောက် ထားပါတယ်။ ဒီလို တည်ဆောက် ထားတဲ့ အတွက် ကြီးမားတဲ့ ဒုံးပျံတွေ နဲ့ အာကာသယာဉ်တွေကို လေယာဉ် ကျောပေါ်မှာ တင်ဆောင် ပျံသန်းဖို့ ပိုမို လွယ်ကူ သွားစေပါတယ်။

ဒီလေယာဉ်ကြီး အဖျက်စီး မခံခဲ့ရ ဘူးဆိုရင် ၂၀၃၀ ပြည့်လွန် နှစ်တွေ အထိ ဆက်လက် ပျံသန်း နေနိုင်မှာ ဖြစ်တယ်လို့ ပညာရှင် တွေက ခန့်မှန်း ထားပါတယ်။

Reference: Mriya: world’s biggest cargo plane destroyed by the Russian army | Interesting Engineering

error: