Skip to content

သစ်သားနဲ့ လုပ်တဲ့မှန်

သစ်သားမှန်ဟာ သာမန်မှန်ထက် ပိုမာကျောသလို ကွဲလဲ မကွဲနိုင်ပါဘူး

အနာဂါတ် ကာလမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာမယ့် သစ်သားနဲ့ ပြုလုပ်ထားတဲ့ မှန်ကို အမေရိကန် ပြည်ထောင်စုက သိပ္ပံ ပညာရှင်တွေက အောင်မြင်စွား တီထွင်လိုက်ပါတယ်။ ဒီ သစ်သားမှန်ကို မေရီလင်း တက္ကသိုလ်နဲ့ ကော်လိုရာဒို တက္ကသိုလ် တို့က သိပ္ပံပညာရှင်တွေက သစ်တောထွက်ပစ္စည်း သုတေသန ဓါတ်ခွဲခန်းနဲ့ ပူးပေါင်း တည်ထွင်လိုက်တာ ဖြစ်ပါတယ်။

အခု ထုတ်လိုက်တဲ့ သစ်အခြေခံ မှန်ချပ်ဟာ သဲကထုတ်တဲ့ မှန်အစစ်လိုပဲ အရောက်ကြည်လင်နေပါတယ်။ ဒီ သစ်သားမှန်ကို အမေရိကတိုက်မှာ ပေါပေါများများ ပေါက်တဲ့ Balsa သစ်ပင်ကနေ ထုတ်လုပ်တာ ဖြစ်ပါတယ်။ ဒီသစ်ပင်ဟာ အကြီးမြန်ပြီး နှစ်အနည်းငယ် အတွင်းမှာ အမြင့် မီတာ ၃၀ လောက်ထိ ရောက်နိုင်တဲ့ အတွက် သူ့ကို စီးပွားဖြစ် စိုက်ပျိုးကြပါတယ်။

ဒီ သစ်သားမှန် လုပ်ဖို့ ပထမဆုံး ဒီအပင်ရဲ့ သစ်သားကို ပုံမှန် အခန်းအပူချိန်မှာ ဓါတုဗေဒ ဆေးဝါးတွေနဲ့ အရောင်ချွတ်လိုက်ပါတယ်။ ပြီးရင် မာကျောသွားအောင်လို့ ပိုလီဗီနိုင်း အယ်လ်ကိုဟော် (polyvinyl alcohol (PVA)) လို့ ခေါ်တဲ့ ပလတ်စတစ် ဒြပ်ပေါင်း တမျိုးထဲမှာ စိမ်ပေးရပါတယ်။ ဒီလိုစိမ်လိုက်ပြီး ရလာတဲ့ ပစ္စည်းကတော့ မှန်ကဲ့သို ကြည်လင်တဲ့ သစ်သားမှန် ရလာတာပဲ ဖြစ်ပါတယ်။

ဒီသစ်သားက မှန်လို အရောင်အဆင်း ကင်းမဲ့ပြီး ကြည်လင်သွားပေမယ့်လဲ သူက မှန်လို အလွယ်တကူ ကွဲတာ မရှိပါဘူး။ ဒီ့အစား ပလတ်စတစ်ပြားလို ကွေးနိုင် ဆန့်နိုင်ပြီး ဖိမိရင်လဲ မှန်လို ကွဲထွက်မသွားပဲ သစ်သားပြားလို ကြေသွားပါတယ်။ ဒီ သစ်သားမှန်ဟာ သာမန် မှန်ထက်လဲ ပိုပြီး မာကျောပါတယ်။ မှန်ထက် ပေါ့ပါးပြီး ကွဲရှတာ မရှိလို့ ပိုပြီးလဲ အန္တရာယ် ကင်းပါတယ်။ ဒီ့ထက် ပိုသာတဲ့ အချက်ကတော့ အပူကို ကာကွယ်နိုင်စွမ်းက မှန်ထက် ပိုမြင့်တာပဲ ဖြစ်ပါတယ်။

ပုံမှန် မှန်တွေဟာ အပူကို သိပ်ပြီး မထိန်းနိုင်ပါဘူး။ တဖက်က ပူရင် အခြား တဖက်မှာလဲ အလွယ်တကူ ပူလာပါတယ်။ ဒါ့ကြောင့် အိမ်တွေမှာ သာမန်မှန်တွေနဲ့ ကာတဲ့ အခါ နွေရာသီဆို အတွင်းမှာ အပူချိန် တက်လာပြီး အဲကွန်းဖိုးလဲ ပိုကုန်ပါတယ်။ ဆောင်းရာသီ ကျပြန်တော့ အိမ်ထဲက အပူက အိမ်ထဲ မနေပဲ အပြင်ကို အလွယ်တကူ ထွက်သွားတာမို့ အိမ်ထဲမှာ နွေးနေအောင် အနွေးဓါတ်ကို ထိန်းမထားနိုင် ပြန်ပါဘူး။ အခု သစ်သားမှန်ကတော့ အပူလျှောက်တာ နည်းတဲ့အတွက် အပူကို ပိုပြီး ကာကွယ်နိုင်ပါတယ်။ ဒီ့အတွက် အကျိုးဆက်ကတော့ အဲကွန်းဖိုး သက်သာလာမယ်လို့ ဆိုပါတယ်။

နောက်ပြီး ပုံမှန် မှန်တွေ ထုတ်တဲ့ ထုတ်လုပ်မှုဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် အမြောက်အများ ထွက်လာစေပါတယ်။  အခု သစ်သားမှ ထုတ်လုပ်မှုမှာတော့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထွက်တာ နည်းတာမို့ သဘာဝ ပတ်ဝန်းကျင်ကိုလဲ ထိခိုက်မှု နည်းစေပါတယ်။ နောက် သုံးတဲ့ သစ်သားကလဲ အကြီးမြန်တဲ့ သစ်မို့ ရိုးရိုးမှန် ထုတ်ဖို့သုံးတဲ့ သဲထက် သဘာဝ ပတ်ဝန်းကျင် ကို ထိခိုက်မှု ပိုနည်းပါတယ်။

လက်ရှိမှာတော့ ဒီသစ်သားမှန်ကို ဆောက်လုပ်ရေး လုပ်ငန်းတွေဖြစ်တဲ့ အိမ်တွေ၊ တိုက်တာ အဆောက်အအုံတွေမှာ အသုံးပြုဖို့ စီးပွားဖြစ် ထုတ်လုပ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ အထူးသဖြင့် အထပ်မြင့် အဆောက်အအုံတွေက မှန်တွေ နေရာမှာ အသုံးပြုဖို့ ဖြစ်ပါတယ်။ နောက်ပိုင်းကျရင်တော့ ကားမှန်တွေ၊ စမတ်ဖုန်း မှန်တွေနဲ့ အခြား မှန် အစားထိုး အသုံးပြုရမယ့် နေရာတွေမှာပါ အသုံးပြုသွားနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

Reference: Transparent wood material could be the window of tomorrow | Inceptive Mind

error: