Skip to content

Airbus ရဲ့ မြို့တွင်းသုံး လျှပ်စစ်မိုးပျံတက္ကစီ

CityAirbus မိုးပျံ တက္ကစီ

ခရီးသည်တင် လေယာဉ်တွေ ထုတ်လုပ်တဲ့ နာမည်ကျော် Airbus လေယာဉ် ကုမ္ပဏီကြီးက မျိုးဆက်သစ် မိုးပျံတက္ကစီ ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ ဒီ မိုးပျံတက္ကစီကို CityAirbus လို့ အမည်ပေးထားပါတယ်။ ဒီ မိုးပျံ တက္ကစီဟာ လျှပ်စစ်စွမ်းအင်ကို အသုံးပြုပြီး မြို့ပြတွေရဲ့ ကောင်းကင်မှာ အသံတိတ်ဆိတ်ငြိမ်သက်စွာနဲ့ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။ 

ယခုထုတ်ဖေါ်ပြသလိုက်တဲ့ မိုးပျံ တက္ကစီဟာ အဲယားဘတ်စ် လေကြောင်းကုမ္ပဏီကြီးရဲ့ မြို့တွင်း မိုးပျံတက္ကစီ ဝန်ဆောင်မှု စီမံကိန်းရဲ့ အစိတ်အပိုင်း တခု ဖြစ်ပါတယ်။ လျှပ်စစ်ကို အသုံးပြုထားတာမို့ ကာဘွန်ဒိုင်အောက်ဆိုဒ် နဲ့ လေထုညစ်ညမ်းစေတဲ့ ဓါတ်ငွေ့တွေ လုံးဝ ထွက်လာတာ မရှိပါဘူး။ ပြီးတော့ မြို့တွင်းလမ်းတွေကနေ ဒေါင်လိုက်တည့်တည့် တက်ဆင်းနိုင်အောင်လဲ ပြုလုပ်ထားပါတယ်။

CityAirbus ရှေ့ပိုင်း (Photo: Airbus)
CityAirbus ရှေ့ပိုင်း (Photo: Airbus)

အခု လျှပ်စစ်မိုးပျံတက္ကစီဟာ ခရီးသည် ၄ ဦးလိုက်ပါနိုင်မှာ ဖြစ်ပါတယ်။ မိုးပျံတက္ကစီကို မောင်းနှင်ရာမှာတော့ အဝေးထိန်း စနစ်နဲ့ မောင်းနှင်မှာ ဖြစ်ပါတယ်။ အမြင့်ဆုံး အမြန်နှုန်း တနာရီကို ကီလိုမီတာ ၁၂၀ (၇၅ မိုင်) နှုန်းနဲ့ ပျံသန်းနိုင်ပြီး အကွာအဝေး ကီလိုမီတာ ၈၀ အထိ မရပ်မနား ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။ 

တက္ကစီမှာ တောင်ပံ ပါရှိမှာ ဖြစ်ပြီး အမြှီးကတော့ V ပုံစံ နှစ်ခွနဲ့ ဒီဇိုင်းလုပ်ထားပါတယ်။ ပျံသန်းမှု အတွက် လျှပ်စစ်စွမ်းအင်သုံး ပန်ကာ ၈ ခု တပ်ဆင်ထားပါတယ်။ ဒီ တက္ကစီဟာ အသံဆူညံမှု အလွန်နည်းတယ်လို့ ဆိုပါတယ်။ ပျံသန်းနေချိန်မှာ ၆၅ ဒက်ဆီဘယ်လ် ဆူညံမှု ရှိပြီး အဆင်းအတက် လုပ်ချိန်မှာတော့ ၇၀ ဒက်ဆီဘယ်လ် အထိပဲ အသံဆူညံတာမို့ အသံအတော် တိတ်ဆိတ်တယ်လို့ ဆိုလို့ရပါတယ်။

ပန်ကာ ၄ လုံးပါပြီး အမြှီး နှစ်ခွနဲ့ပါ (Photo: Airbus)
ပန်ကာ ၄ လုံးပါပြီး အမြှီး နှစ်ခွနဲ့ပါ (Photo: Airbus)

အဲယားဘတ်စ် ကုမ္ပဏီရဲ့ အဆိုအရ မြို့တွင်း မိုးပျံ တက္ကစီတွေဟာ မြို့ပြလူနေမှုနဲ့ ကိုက်ညီမှု ရှိဖို့ လိုအပ်သလို မြို့ပြလူထုရဲ့ လက်ခံမှုကိုလဲ ရရှိဖို့ လိုအပ်ပါတယ်။ နောက်ပြီး ပျံသန်းမှုကိုလဲ အလိုအလျှောက် ထိန်းချုပ်တဲ့ စနစ်ဖြစ်ဖို့ လိုပါတယ်။ အခု ထုတ်ဖော်ပြသလိုက်တဲ့ မိုးပျံတက္ကစီဟာ ဒီအရည်အချင်းတွေနဲ့ ပြည့်မှီအောင် တည်ဆောက်ထားတာ ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယခု မိုးပျံတက္ကစီကို Airbus ရဲ့ ရဟတ်ယာဉ် ဌာနကနေ တီထွင်ဖန်တီးထားတာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်က ထုတ်ဖော်ပြသခဲ့တဲ့ CityAirbus မူရင်း မို့ပျံတက္ကစီကို အဆင့်မြှင့်တင် ထားတာ ဖြစ်ပါတယ်။ မူလ မိုးပျံတက္ကစီကို ၂၀၁၆ ကတဲက စတင် တီထွင်ခဲ့ပြီး ၂၀၂၀ မှာ ထုတ်ဖော်ပြသ ခဲ့တာပါ။ ဒီ မိုးပျံတက္ကစီတွေဟာ ယခုလက်ရှိ မြို့ကြီးတွေပေါ်မှာ ပျံသန်းပြီး ခရီးသည် ပို့ဆောင်ရေး လုပ်နေတဲ့ ရဟတ်ယာဉ်တွေ နေရာမှာ အစားထိုး အသုံးပြုဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

မိုးပျံတက္ကစီကို ထုတ်လုပ်ဖို့ ကြိုးစားခဲ့တာ အဲ့ယားဘတ်စ်က မထမဆုံးတော့ မဟုတ်ပါဘူး။ ယခင်ကလဲ Voom တို့၊ Uber Copter တို့ ထုတ်ဖို့ ကြိုးစားခဲ့ သလို အဲယားဘတ်စ် ကုမ္ပဏီကလဲ Vahana နာမည်နဲ့ ထုတ်ခဲ့ဖူးပါတယ်။

CityAirbus မိုးပျံတက္ကစီ နောက်ပိုင်း (Photo: Airbus)
CityAirbus မိုးပျံတက္ကစီ နောက်ပိုင်း (Photo: Airbus)
CityAirbus မိုးပျံတက္ကစီ (Photo: Airbus)
CityAirbus မိုးပျံတက္ကစီ (Photo: Airbus)

အခု မိုးပျံတက္ကစီကို မူရင်း CityAirbus နဲ့ အရင် ထုတ်ခဲ့တဲ့ Vahana မိုးပျံတက္ကစီ နှစ်ခုရဲ့ အောင်မြင်တဲ့ နည်းပညာတွေကို ပေါင်းစပ်တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဥပမာ လေပေါ် ဝဲပျံတဲ့ နည်းစနစ် နဲ့ ရှေ့ဖက် ပျံသန်းတဲ့ နည်းစနစ်တွေကို မူလ မိုးပျံတက္ကဆီ နှစ်စင်းဆီက ရယူထားတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒီ မိုးပျံတက္ကစီဟာ ဒီဇိုင်းအသေးစိတ် ဆွဲတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။ ပထမဆုံး ပျံသန်းမှုကို ၂၀၂၃ မှာ ပြုလုပ်မယ်လို့ အဲယားဘတ်စ်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အကယ်လို့ အားလုံး အဆင်ပြေတယ်ဆို ပျံသန်းခွင့် လိုင်စင်ကို ၂၀၂၅ ခုနှစ်ထဲမှာ ရရှိနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

Reference: Airbus revealed a new version of its CityAirbus flying EV built to fly quietly over urban areas

error: