Skip to content

လက ဘာကြောင့် နီသွားတာလဲ

  • Space
သွေးနီရောင် လွှမ်းတဲ့ လကို လအပြည့် ကြတ်ချိန်မှာ တွေ့ရပါတယ်

Blood Moon လို့ခေါ်တဲ့ လ သွေးရောင်လွှမ်းပြီး နီရဲ သွားတာဟာ ရှားရှားပါးပါး တခါတရံမှ ဖြစ်တတ်တဲ့ သဘာဝ ဖြစ်စဉ် တစ်ခု ဖြစ်ပါတယ်။ ဒီလို ဖြစ်ရတာက အပြည်အဝ လကြတ်ခြင်း (total lunar eclipse) ဖြစ်တဲ့ အခါမျိုးမှာ ကြုံတွေ့ရ တတ်ပါတယ်။ 

ဒီလို လ နီရဲ သွားခြင်းဟာ နက္ခတ် သိပ္ပံ ပညာအားဖြင့်တော့ ဘာမှ အရေးပါတဲ့ ဖြစ်စဉ်တစ်ခု မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလို ရှားရှား ပါးပါး လက နီရဲသွားတဲ့ ဖြစ်စဉ်ဟာ နက္ခတ်သိပ္ပံနဲ့ သိပ်အကျွမ်းမဝင် လှတဲ့ သူတွေ အတွက်တော့ ခြောက်ခြား တုန်လှုပ်စရာ၊ စိုးထိတ်စရာ ဖြစ်ရပ်တခု ဖြစ်ပါတယ်။ ဒီလိုပဲ သိနားလည်တဲ့ သူတွေ အတွက်လဲ ကောင်းကင်မှာ လက နီသွားတဲ့ ဖြစ်ရပ်ဟာ အထူးတလည် စောင့်ကြည့်ကြရတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။

ကမ္ဘာပေါ်က နောက်ဆုံး လ နီသွားတဲ့ ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ မေလ ၂၆ ရက် လအပြည့်ကြတ်ခြင်း ဖြစ်စဉ် ဖြစ်ပေါ်စဉ်မှာ လအပြည့် ကျတ်တာကို တွေ့မြင်လိုက်ရတဲ့ အရပ်ဒေသက သူတွေ တွေ့မြင်ခွင့် ရရှိခဲ့ ပါတယ်။

နောက်တကြိမ် လသွေးနီ တာကိုတော့ နောက်နှစ် မေလ ၁၆ ရက် ၂၀၂၂ ခုနှစ်ကြမှ ပြန်တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်တကြိမ် လကြတ်တာကို မြောက်အမေရိက၊ တောင်အမေရိက၊ ဥရောပ နဲ့ အာဖရိက တို့ကပဲ မြင်တွေ့ကြ ရမှာ ဖြစ်ပါတယ်။

ဒီလို လသွေးနီ တဲ့ ဖြစ်စဉ် ဖြစ်ပေါ်လာရတာကတော့ လအပြည့်ကျတ်စဉ် ကာလမှာ လက ကမ္ဘာရဲ့ အရိပ်အောက်ကို လုံးဝ ဝင်ရောက်သွားလို့ပဲ ဖြစ်ပါတယ်။ 

လကြတ်ခြင်းဖြစ်စဉ်

ကမ္ဘာက နေကို ပတ်နေစဉ် တချိန်ထဲမှာလဲ လက ကမ္ဘာကို ပတ်နေပါတယ်။ လက ကမ္ဘာကို ပတ်တဲ့ ကြာချိန်ဟာ တကယ်တော့ တစ်ပါတ်ပတ်ဖို့ ၂၇ ရက်ပဲ ကြာပါတယ်။ ဒါပေမယ့် လဆန်း-လဆုတ် တစ်ပါတ်ပြည့်ဖို့ ကျတော့ ၂၉ ရက်ခွဲတောင် ကြာနေပါတယ်။ ဒီလို လက ကမ္ဘာကို ၂၇ ရက်ထဲနဲ့ ပတ်နိုင်ပေမယ့် လဆန်းလဆုတ် ကာလက ပိုကြာနေ ရတာဟာ ဘာ့ကြောင့်လဲ ဆိုတော့ လက ကမ္ဘာကို ပတ်နေတဲ့ အချိန်မှာ ကမ္ဘာကလဲ နေရဲ့ ပတ်လည်မှာ ရွှေ့နေတာပဲ ဖြစ်ပါတယ်။

ဒီလို ကမ္ဘာက ရွှေ့သွားတဲ့ အခါကျတော့ လပေါ်ကို နေရောင် ကျရောက်တဲ့ ထောင့်တွေ နဲနဲစီ ပြောင်းသွားပါတယ်။ ဒါ့ကြောင့်လဲ လဆန်း လဆုတ် တစ်ပါတ်ပြည့်ဖို့ ကြာချိန်ဟာ လက ကမ္ဘာကို ပတ်ဖို့ ကြာချိန်ထက် ပိုများနေတာ ဖြစ်ပါတယ်။

လကြတ်တာဟာ လပြည့်နေ့ တွေမှာပဲ ဖြစ်နိုင်ပါတယ်။ ဒီအချိန်မှာ ကမ္ဘာဟာ နေနဲ့ လတို့ရဲ့ ကြားထဲမှာ ရောက်နေပြီး ကမ္ဘာက မြင်ရတဲ့ လရဲ့ မျက်နှာပြင်ကို နေရောင်က အပြည့်အဝ အလင်းရောင် ထိုးပေးထားတဲ့ အချိန် ဖြစ်ပါတယ်။

ဒီနေရာမှာ မေးစရာ ရှိလာတာက ဒီလို ကမ္ဘာက နေနဲ့ လကြားထဲ ရောက်နေတော့ ကမ္ဘာက အရိပ်က လပေါ်ကျပြီး မကွယ်နေဘူးလား ဆိုတာပါပဲ။

ပုံမှန်မှာတော့ ဒီလို မကွယ်နေပါဘူး။ ဘာ့ကြောင့်ကို ကမ္ဘာက နေကို ပတ်တဲ့ ပြင်ညီနဲ့ လက ကမ္ဘာကို ပတ်နေတဲ့ ပြင်ညီ နှစ်ခုဟာ ထပ်တူ မကျပဲ လရဲ့ ပြင်ညီက ကမ္ဘာက နေကို ပတ်တဲ့ ပြင်ညီနဲ့ နဲနဲလေး စောင်းနေလို့ပါ။ ဒီတော့ ကမ္ဘာရဲ့ အရိပ်ဟာ လပေါ်ကို မကျပဲ လွဲနေပါတယ်။

ဒါပေမယ့် ရံဖန်ရံခါတော့ ကမ္ဘာဟာ လနဲ့ နေကြား တည့်တည့်မှာ သွားကျတဲ့ အခါမျိုး ရှိတတ်ပါတယ်။ ဒီလို အဖြစ်မျိုး ကြုံလာရင်တော့ ကမ္ဘာရဲ့ အရိပ်ဟာ လပေါ်ကို ကျရောက်နေမှာ ဖြစ်လို့ လကျတ်ခြင်း ဖြစ်ပေါ်လာပါတယ်။

အကယ်လို့ ကမ္ဘာရဲ့ အရိပ်က လပေါ်ကို တစိတ်တပိုင်းပဲ ကျရောက်မယ် ဆိုရင် လပေါ် အရိပ်ကျတဲ့ အပိုင်းက မှောင်သွားပြီး အရိပ်မကျတဲ့ အပိုင်းက လင်းနေမှာ ဖြစ်ပါတယ်။ ဒါကို လတပိုင်း ကျတ်ခြင်း (Partial lunar eclipse) လို့ ခေါ်ပါတယ်။

ဒီလို လတပိုင်း ကျတ်ခြင်း ဖြစ်ပေါ်တဲ့ အခါ လရဲ့လင်းနေတဲ့ အပိုင်းကို အမဲရောင် အရိပ်ကြီးက တဖြည်းဖြည်း ဖုံးအုပ်သွားတာကို မြင်ကြရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအရိပ်ဟာ လ ကို လုံးဝ ဖုံးအုပ်သွားခြင်းတော့ မရှိပါဘူး။

ကမ္ဘာရဲ့ အရိပ် လပေါ် ကျရောက်တဲ့ အတွက် လကြတ်ခြင်း ဖြစ်လာတာပါ
ကမ္ဘာရဲ့ အရိပ် လပေါ် ကျရောက်တဲ့ အတွက် လကြတ်ခြင်း ဖြစ်လာတာပါ

အကယ်လို့ ကမ္ဘာရဲ့ အရိပ်က လပေါ်ကို လုံးဝ ကျရောက်သွားမယ် ဆိုရင်တော့ လအပြည့်ကျတ်ခြင်း (Full lunar eclipse) ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။

ဒီလို လအပြည့် ကျတ်တဲ့ အချိန်မှာတော့ လဟာ ကမ္ဘာရဲ့ အရိပ်အောက်ထဲမှာ လုံးဝ အပြည့်အဝ ကျရောက်နေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာရဲ့ အစွန်းဖက်က ဖြတ်လာတဲ့ နေရောင်ဟာ လရဲ့ မျက်နှာပြင် ပေါ်ကို ခပ်မှိန်မှိန်လေး ကျရောက်နေပါတယ်။ (အစွန်းဖက် လေထုက ဖြတ်လာတဲ့ နေရောင်ဟာ လေထုကြောင့် အလင်းယိုင်ပြီး ဖြာထွက်သွားကာ လပေါ်ကို အရောင်ကျရောက်လာတာ ဖြစ်ပါတယ်။)

ဒီ လေထုကို ဖြတ်ပြီး ယိုင်လာတဲ့ အလင်းဟာ အနီရောင်ဖက် သမ်းသွားတာမို့  လမျက်နှာပြင်ပေါ် ကျရောက်တဲ့ အခါ လရဲ့မျက်နှာပြင်ဟာလဲ သွေးရောင်သမ်းပြီး နီရဲ သွားရတာ ဖြစ်ပါတယ်။

လသွေးနီတာ ဘယ်လောက်အထိ နီမလဲ ဆိုတာကတော့ နေရောင် ဖြတ်လာတဲ့ လေထုထဲမှာ ဘယ်လောက် လေထုညစ်ညမ်းမှု ရှိနေလဲ၊ တိမ်ဘယ်လောက် ထူလဲ ဆိုတာနဲ့  လေထုထဲ ဖုန်မှုန့်တွေ ဘယ်လောက် ထူနေလဲ ဆိုတာတွေပေါ် မူတည်ပါတယ်။ ဥပမာ မီးတောင် ပေါက်ကွဲပြီးစ ဖြစ်လာတဲ့ လအပြည့် ကျတ်ခြင်း ဖြစ်စဉ်တွေမှာ လရဲ့ အရောင်ဟာ အနီရောင် ရင့်ရင့် ဖြစ်နေတာ တွေ့ကြရပါတယ်။

Blood Moon ဖြစ်လာပုံ အဆင့်ဆင့်
Blood Moon ဖြစ်လာပုံ အဆင့်ဆင့် (Photo: NASA)

ကိုလံဘတ်ရဲ့အသက်ကိုကယ်လိုက်တဲ့လသွေးနီ

ရှေးဟောင်း လူ့အဖွဲ့အစည်း အများစုဟာ ဘာ့ကြောင့် နေကြတ် လကြတ် ဖြစ်ရသလဲ ဆိုတာကို နားမလည် ကြပါဘူး။ အထူးသဖြင့် လအပြည့် ကျတ်ချိန်မှာ ဘာ့ကြောင့် လက သွေးနီရောင် လွှမ်းသွားရ သလဲ ဆိုတာကို မသိကြပါဘူး။ ဒီတော့ ဒီလို ဖြစ်လာရင် မကောင်းဆိုးဝါးတွေက ဖမ်းစားတယ်လို့ ယူဆပြီး ကြောက်ရွှံ့ကြပါတယ်။

ကိုလံဘတ်ရဲ့ သားဖြစ်သူ ရေးခဲ့တဲ့ မှတ်တမ်းအရ အမေရိကတိုက်ကို ရှာတွေ့ခဲ့တဲ့ ခရစ်စတိုဖာ ကိုလံဘတ်စ် နဲ့သူ့ရဲ့ သင်္ဘောသား တွေဟာ တခါတော့ သင်္ဘောပျက်ပြီး ဂျမေကာ ကျွန်းမှာ သောင်တင် နေခဲ့ပါတယ်တဲ့။ 

ပထမတော့ ဒီကျွန်းပေါ်က ဒေသခံ တွေက ဝမ်းသာအားရ ကြိုဆိုကြတာပေါ့။ ဒါပေမယ့် သိပ်မကြာ မီမှာပဲ ကိုလံဘတ်စ်ရဲ့ သင်္ဘောသား တွေဟာ မူလ ဇာတိရုပ် ပြလာပြီး ဒေသခံတွေရဲ့ ပစ္စည်းတွေ လုယက်တာ၊ ဒေသခံ တွေကို သတ်ဖြတ်တာတွေကို စတင် ပြုလုပ် လာပါတယ်။ 

ဒါကို မကျေနပ်ကြတဲ့ ဒေသခံ တွေဟာ ကိုလံဘတ််စ်နဲ့ အဖွဲ့သားတွေ အတွက် အစာရေစာ မပို့ပေး တော့တဲ့အပြင် သူ့အဖွဲ့သားတွေ အစာရှာဖွေ ရာမှာလဲ အကူအညီ မပေးကြတော့ပါဘူး။ ဒီတော့ ကိုလံဘတ်စ်နဲ့ အဖွဲ့သားတွေအတွက် အစာရေစာ ပြတ်လပ် လာပါတယ်။

ကံကောင်းခြင်တော့ ကိုလံဘတ်စ် ဆီမှာ နေလ နဲ့ ဂြိုဟ်တွေရဲ့ သွားရာကို တွက်ချက်ဖေါ်ပြထားတဲ့ ကောင်းကင် နက္ခတ် ကြိုတင် ခန့်မှန်းချက် စာအုပ်ကြီး ပါလာပါတယ်။ ဒီစာအုပ်က ကြယ်တွေကို ကြည့်ပြီး လမ်းကြောင်းရှာရတဲ့ ခေတ်က သင်္ဘောတိုင်းမှာ လက်စွဲ အနေနဲ့ သယ်ဆောင်ကြတဲ့ စာအုပ်ပါ။ ဒီစာအုပ် ထဲမှာ နေကျတ်၊ လကျတ်မယ့် အချိန်တွေကိုလဲ ဖေါ်ပြ ထားပါတယ်။

ဒီစာအုပ် အရ မကြာခင် လအပြည့် ကျတ်ပြီး လသွေးနီ တာကို မြင်ရတော့မယ် ဆိုတာကို ကိုလံဘတ်က ကြိုသိခဲ့ပါတယ်။ 

ဒါနဲ့ သူက ဒေသခံတွေကို “ငါတို့ ဘုရားသခင်က တို့တွေ အစာမရလို့ မင်းတို့ကို စိတ်ဆိုးတော် မူတယ်။ ဒါ့ကြောင့် ဘုရားသခင်ဟာ သူစိတ်ဆိုးကြောင်း လူတွေသိအောင် ပြသဖို့ လကို သွေးရောင် ပြောင်းပစ်လိမ့်မယ်” လို့ ပြောပါတယ်။

သူပြောတဲ့ အချိန် လအပြည့်ကျတ်တော့ လရဲ့ အရောင်ကလဲ နီရဲ သွားပါတယ်။ ဒီအခါ ဆောက်တည်ရာ မရအောင် ကြောက်လန့် တုန်လှုပ်သွားတဲ့ ဒေသခံ တွေဟာ “အော်ဟစ်ငိုယိုပြီး စားစရာတွေ ယူဆောင်ကာ သင်္ဘောဆီကို အရပ်မျက်နှာ ပေါင်းစုံက အပြေးအလွှား ရောက်လာကြပါတယ်။ သူတို့ဟာ ရေကြောင်းဗိုလ်ချုပ်ကြီး (Admiral) ကို ဘုရားသခင်ကို သူတို့ကိုယ်စား တောင်းပန်ပေးဖို့ အသနား ခံကြပါတယ်” လို့ ကိုလံဘတ်စ် ရဲ့သား ဖာဒီနန် က ပြန်ပြောင်း ရေးသား ခဲ့ပါတယ်။

(မှတ်ချက်။ ဒီ ကိုလံဘတ်စ် မှတ်တမ်းက သူ့သားက ပြန်ရေးထားတာမို့ ဘယ်လောက်မှန်ပြီး ဘယ်လောက်က ဂျင်းလဲတော့ မသိပါဘူး ခင်ဗျာ။ ဖတ်လို့တော့ ကောင်းတာ အမှန်ပါပဲ။)

— မောင်သူရ (သိပ္ပံ) —

Reference: What is a blood moon? | Space

error: