Skip to content

သမုဒ္ဒရာရေတွေ ဖုံးလွှမ်းနေတဲ့ ဂြိုဟ်တစင်း ရှာတွေ့

  • Space
Exoplanet TOI 1452 b

နေအဖွဲ့အစည်း ပြင်ပက ဂြိုဟ်တွေကို လေ့လာတဲ့ အခါမှာ နက္ခတ် ပညာရှင် တွေနဲ့ နက္ခတ်ဇီဝ ပညာရှင် တွေဟာ ရေနောက်ကို လိုက်ကြပါတယ်။ ဆိုလိုတာက မိခင်ကြယ်နဲ့ မနီးမဝေးမှာ တည်ရှိတဲ့ “နေထိုင်နိုင်သော ဇုန် (habitable zone)” ထဲမှာ တည်ရှိတဲ့ ဂြိုဟ်တွေကို ရှာဖွေကြတာ ဖြစ်ပါတယ်။ ဒီ ဒေသ မှာ အပူချိန်ဟာ သင့်တင့် မျှတတာမို့ ရေဟာ အရည်အဖြစ် ရှိနေ နိုင်ပါတယ်။

ဘာ့ကြောင့် ရေနောက် လိုက်တာ ပါလဲ။ အဖြေကတော့ ရှင်းပါတယ်။ ရေဟာ သက်ရှိတွေကို အထောက်အပံ့ ပေးနိုင်တဲ့ တခုတည်းသော အရည် အမျိုးအစား ဖြစ်ပြီး ကမ္ဘာပေါ်က သက်ရှိ အားလုံးဟာ အသက်ရှင် နိုင်ဖို့ ရေ လိုအပ်ပါတယ်။

၁၉၇၀ ပြည့်လွန်နှစ်တွေ ထဲကစပြီး နက္ခတ် ပညာရှင် တွေဟာ ဂြိုဟ်တခုလုံး ရေတွေနဲ့ ဖုံးလွှမ်းနေတဲ့ ဂြိုဟ်တွေ ရှိမယ်လို့ ယုံကြည် ခဲ့ကြပါတယ်။

Transiting Exoplanet Survey Satellite (TESS)
ရေတွေလွှမ်းနေတဲ့ ဂြိုဟ်ကို ရှာတွေ့ခဲ့တဲ့ Transiting Exoplanet Survey Satellite (TESS). Credit: NASA’s Goddard Space Flight Center

နေအဖွဲ့အစည်း ပြင်ပမှာ ဂြိုဟ်တွေ အမြောက်အများ တွေ့ရှိ လာာခဲ့ ပြီးတဲ့နောက် မှာတော့ ပညာရှင်တွေဟာ ဒီလို ရေဖုံးလွှမ်းနေတဲ့ ဂြိဟ်တွေကို ရှာဖွေ တွေ့ရှိဖို့ မျှော်လင့် ခဲ့ကြပါတယ်။ 

နိုင်ငံတကာက နက္ခတ် ပညာရှင်တွေ ပါဝင်ပြီး Institute for Research on Exoplanets (iREx) က ဦးဆောင်တဲ့ ပြင်ပဂြိုဟ် လေ့လာရေး သုတေသန အဖွဲ့က လောလောလတ်လတ် ရှာတွေ့ထားတဲ့ ဂြိုဟ်တစင်းဟာ habitable zone ထဲမှာ ရှိပြီး ဒီဂြိုဟ်ဟာ ရေတွေနဲ့ အပြည့် ဖုံးလွှမ်းထားမယ်လို့ ယုံကြည် ရပါတယ်။

ဒီ သမုဒ္ဒရာဂြိုဟ် (water world) ကို လေ့လာ ခြင်းအားဖြင့် စကြဝဠာ ထဲမှာ သက်ရှိတို့ မှီတင်နေထိုင် အသက်ရှင်သန် နိင်တဲ့ အခြေအနေ ပတ်ဝန်းကျင် တွေနဲ့ ပတ်သက်ပြီး ပိုသိလာ လိမ့်မယ်လို့ ယူဆကြပါတယ်။

အခု သုတေသနမှာ နိုင်ငံပေါင်း ၁၁ နိုင်ငံက ပညာရှင် စုစုပေါင်း ၅၆ ယောက် ပါဝင် ပူးပေါင်း သုတေသန ပြုထားတာ ဖြစ်ပါတယ်။ သူတို့ရဲ့ တွေ့ရှိချက်ကို နက္ခတ် သုတေသန ဂျာနယ် တစ်စောင် ဖြစ်တဲ့ The Astrophysical Journal  မှာ တင်ပြ ထားပါတယ်။

ဒီ အသစ်တွေ့ရှိတဲ့ ဂြိုဟ်ကို TOI-1452b လို့ အမည်ပေးထားပါတယ်။ ဒီ ဂြိဟ်ဟာ ကမ္ဘာကနေ အလင်းနှစ် ၁၀၀ လောက်မှာ ရှိတဲ့ Draco constellation အတွင်း တည်ရှိတဲ့ ကြယ်အမွှာပူး ကို ပတ်နေတာ ဖြစ်ပါတယ်။

ဒီ ကြယ်အဖွဲ့အစည်းကို M-type အမျိုးအစား ကြယ်နီပု (red dwarf) နှစ်လုံးနဲ့ ဖွဲ့စည်း ထားပါတယ်။ ဒီ ကြယ်နှစ်စင်းဟာ တစင်းကို တစင်း အလွန် နီးကပ်စွာ လှည့်ပတ်နေ ကြပါတယ်။ ဘယ်လောက် နီးလဲ ဆိုရင် သူတို့ရဲ့ ကြားက အကွာအဝေးဟာ 97 AU (Astronomical unit) ပဲ ရှိပါတယ်။ 

(၁ အေယူ ဟာ ကမ္ဘာနဲ့ နေကြား အကွာအဝေး ဖြစ်ပါတယ်။ ၉၇ အေယူ အကွာအဝေးဟာ နေနဲ့ ပလူတို အကွာအဝေးရဲ့ နှစ်ပြန်ခွဲလောက် ရှိပါတယ်။ ကြယ်နှစ်စင်း အတွက် ဒီ အကွာအဝေးဟာ အတော်လေး နီးတဲ့ အကွာအဝေး ဖြစ်ပါတယ်။)

ဒီ ကြယ်နှစ်စင်း အနက် တစ်စင်းစင်းကို ပတ်နေတဲ့ ဂြိဟ်တစ်စင်း ရှိမယ်လို့ အရင် ကတဲက သိပ္ပံ ပညာရှင် တွေက သံသယ ရှိခဲ့ ကြပါတယ်။

The SPIRou instrument
ဂြိုဟ်ရဲ့ ဒြပ်ထုကို တိုင်းတာတဲ့ စက် (Credit: S.Chastanet – CNRS/OMP)

Transiting Exoplanet Survey Satellite (TESS) ပြင်ပဂြိုဟ် ရှာဖွေရေး ဂြိုဟ်တုကနေ ကောက်ယူ ရရှိတဲ့ အချက်အလက်တွေကို စစ်ဆေး ကြည့်တဲ့ အခါမှာ ဒီ ဂြိုဟ်ဟာ ၁၁ ရက် ကြာတိုင်း တစ်ကြိမ် အရောင် မှိန်သွားတာကို ပညာရှင်တွေ သတိပြုမိ ခဲ့ပါတယ်။ ဒီအချက်ကို အခြေခံပြီး တွက်ချက်မှုအရ ဒီ ဂြိုဟ်ဟာ ကမ္ဘာ့ အချင်းထက် ၇၀% ပိုကြီးတယ် ဆိုတာကို ခန့်မှန်း နိုင်ခဲ့ ကြပါတယ်။

ဒီ့နောက်မှာ ဒီဂြိုဟ်ကို ကမ္ဘာမြေ အခြေစိုက်တဲ့ ၁.၆ မီတာ အချင်းရှိ တယ်လီစကုပ် ကြီးနဲ့ ဆက်လက် လေ့လာ ခဲ့ကြပါတယ်။ ဒီလို လေ့လာမှု အရ ဒီ ကြယ်အမွှာပူးကို ပတ်နေတဲ့ ဂြိုဟ် ရှိတယ် ဆိုတာကို အတည်ပြု နိုင်ခဲ့ ကြပါတယ်။

ဒီလို အတည်ပြု ပြီးနောက် ဂျပန်နိုင်ငံက နက္ခတ် ပညာရှင် တွေဟာ ၈.၂ မီတာ အချင်းရှိတဲ့ Subaru တယ်လီစကုပ် ကြီးနဲ့ ဆက်လက် လေ့လာ ခဲ့ကြပါတယ်။ ဒါ့အပြင် ဒီကြယ်ရဲ့ အနီအောက် ရောင်ခြည် လှိုင်းတွေကို လဲ အနီအောက် ရောင်ခြည် ရောင်စဉ်တိုင်းစက် (near-infrared spectropolarimeter) နဲ့ တိုင်းတာ ခဲ့ကြပါတယ်။

ဒီ ရရှိတဲ့ အချက်အလက်တွေ အားလုံးကို စုပေါင်းပြီး တွက်ချက်မှု အရ ဒီ ဂြိုဟ်ဟာ ကျောက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ rocky planet တစ်လုံး ဖြစ်မယ်လို့ ပညာရှင် တွေက သုံးသပ် ကြပါတယ်။

တချိန်တည်းမှာ ဒီ ဂြိုဟ်ဟာ ထူထပ်တဲ့ ရေထုနဲ့ ဖုံးလွှမ်းထားတဲ့ ဂြိုဟ်တစင်း ဖြစ်မယ် ဆိုတာကိုလဲ ပညာရှင်တွေ တွေ့ရှိ ခဲ့ကြပါတယ်။ သူတို့ရဲ့ တွက်ချက်မှု အရ ဒီဂြိုဟ်ရဲ့ ဒြပ်ထု (mass) ရဲ့ ၃၀% လောက်ဟာ ရေ ဖြစ်လိမ့်မယ် ဆိုတာ တွေ့ရှိ ခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပိုင်း တွေအတွင်းမှာ နက္ခတ် ပညာရှင် တွေဟာ ကမ္ဘာ နဲ့ နက်ပ်ကျွန်း အကြား အရွယ်အစား ရှိတဲ့ ဂြိုဟ် အများအပြား ရှာတွေ့ ခဲ့ကြပါတယ်။ ဒီဂြိုဟ်တွေရဲ့ ထူးခြားချက် ကတော့ သူတို့ရဲ့ ဒြပ်ထု သိပ်သည်းဆက ပုံမှန် ကျောက်သားဂြိုဟ် တွေမှာ ရှိရမယ့် သိပ်သည်းဆ (density) ထက် လျော့နည်း နေတာပဲ ဖြစ်ပါတယ်။

ဒီ အချက်ဟာ ဘာကို ညွှန်ပြနေလဲ ဆိုတော့ ဒီ ဂြိုဟ်တွေရဲ့ အတော်လေး ကြီးမားတဲ့ အစိတ်အပိုင်း တွေဟာ ရေထု ဖြစ်မယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီ ဂြိုဟ်တွေကို သမုဒ္ဒရာ ဂြိုဟ်များ (ocean planets) တွေလို့ တင်စား ခေါ်ဝေါ် ခဲ့ကြပါတယ်။

Surface-planete_TOI1452b
ရေတွေလွှမ်းနေတဲ့ ဂြိုဟ်ကို ပန်းချီဆရာက သရုပ်ဖော် ထားပုံ (Credit: Benoit Gougeon, Université de Montréal.)

 အခု ဂြိုဟ်ဟာ မိခင်ကြယ်ကို နေထိုင်နိုင်သောဇုန် အတွင်းမှာ ပတ်နေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပညာရှင် တွေက ဒီ ဂြိုဟ်ပေါ်က ရေတွေဟာ အရည် အဖြစ် ရှိမယ်လို့ ယူဆ ကြပါတယ်။ ဒီရေထုဟာ ကီလိုမီတာ အမြောက်အများ နက်ရှိုင်းမယ် လို့လဲ​ယူဆပါတယ်။

ပညာရှင် တွေဟာ ဒီ ဂြိုဟ်ကို ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ်ကြီး ကို အသုံးချပြီး လေ့လာဖို့ မျှော်လင့် ထားကြပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ အရည်ပျော် နေတဲ့ ရေရှိတဲ့ ဂြိုဟ် အရေ အတွက်ဟာ အတော်လေး နည်းပါးတာမို့ ဒီလို ဂြိုဟ်မျိုးဟာ သက်ရှိတွေ ရှာဖွေရေး အတွက် အလွန်ပဲ တန်ဖိုး ရှိတာမို့ ဖြစ်ပါတယ်။

နောက်ပြီး ဒီဂြိုဟ်ဟာ ဂျိမ်းစ်ဝက်ဘ် တနှစ်ပတ်လုံး လေ့လာနိုင်မယ့် ကောင်းကင်ရပ်ဝန်း မှာ တည်ရှိနေပါတယ်။

လက်ရှိမှာ ပညာရှင် တွေဟာ ဂျိမ်းစ်ဝက်ဘ် နဲ့ ဒီဂြိုဟ်ကို လေ့လာဖို့ အချိန်ဇယား ရေးဆွဲ နေတယ်လို့ သိရပါတယ်။

Ref: Astronomers Find a Waterworld Planet With Deep Oceans in the Habitable Zone | Universe Today

Image Credit: Benoit Gougeon, Université de Montréal.

error: