Skip to content

နေအဖွဲ့အစည်း ဘယ်လောက်ကျယ်လဲ

  • Space
နေအဖွဲ့အစည်းရဲ့ အရွယ်အစားနဲ့ သတ်မှတ်ချက်နဲ့ ပတ်သက်လို့ ပညာရှင်တွေ အကြား သဘောထား ကွဲပြားနေကြပါတယ်

နေအဖွဲ အစည်းရဲ့ အကျယ်အဝန်း ဘယ်လောက် ရှိလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေဟာ တကယ်တော့ အမျိုးမျိုး ရှိနိုင်ပါတယ်။ ဒီမေးခွန်းရဲ့ အဖြေဟာ နေအဖွဲ အစည်းရဲ့ အကျယ်အဝန်းကို ဘယ်နေရာ အထိ သတ်မှတ် မလဲ ဆိုတာ အပေါ်မှာ အများကြီး မူတည် နေလို့ပါ။

တနည်း အားဖြင့်တော့ နေအဖွဲ့ အစည်းရဲ့ အကျယ်အဝန်းကို တိုင်းတဲ့ အခါ ဘယ်နေရာ အထိကို နေအဖွဲ့အစည်းထဲ ပါတယ်လို့ သတ်မှတ်ပြီး တိုင်းမှာလဲ ဆိုတာပေါ် မူတည် နေပါတယ်။

ဥပမာ ပြောရရင် နေ အဖွဲ့အစည်းရဲ့ အကျယ် အဝန်းကို နေကို ပတ်နေတဲ့ ဂြိုဟ်တွေ အထဲက အဝေးဆုံး ဂြိုဟ်ရဲ့ ပတ်လမ်းအထိ တိုင်းမှာလား။ ဒါမှ မဟုတ် သူ့ထက် ပိုဝေးတဲ့ နေရာမှာ ရှိတဲ့ နေကနေ တိုက်ခတ်လာတဲ့ ဆိုလာလေ (Solar Wind) ခေါ် လျှပ်စစ်သံလိုက် မှုန်တွေ အဝေးဆုံး ရောက်တဲ့ နေရာ အထိကို တိုင်းမှာလား။

ဒါမှ မဟုတ်လဲ နေကို ပတ်နေတဲ့ အရာဝတ္ထုတွေ ထဲက အဝေးဆုံးမှာ ပတ်နေတဲ့ အရာဝတ္ထု အထိ တိုင်းမှာလား။

ဒီ အတိုင်းအတာ အကွာအဝေး ၃ ခုက တစ်ခုနဲ့ တစ်ခု မတူပါဘူး။ ဒီတော့ ကျွန်တော်တို့ သမာသတ် မျှတအောင် ဒီ အတိုင်းအထွာ ၃ ခုလုံးရဲ့ အကွာအဝေးတွေကို ကြည့်လိုက် ကြရအောင်ပါ။

ဆက်စပ်ဆောင်းပါး – နေအဖွဲ့အစည်း

ဂြိုဟ်များ၏အကွာအဝေးဖြင့်သတ်မှတ်ခြင်း

နေ အဖွဲ့ အစည်းမှာ နေ အပါအဝင် ဂြိုဟ်ကြီး ၈ လုံး ရှိပါတယ်။ အရင်ကတော့ ၉ လုံးပေါ့။ နောက်တော့ ပလူတိုကို ဂြိုဟ်စဉ် မမှီဘူး ဆိုပြီး ရာထူးချလိုက် ကြလို့ အခုတော့ ၈ လုံးပဲ ရှိပါတော့တယ်။

ဒီ ၈ လုံးမှာ အဝေးဆုံးမှာ ပတ်နေတာသည် နက်ပ်ကျွန်းဂြိုဟ် (Neptune) ဖြစ်ပါတယ်။ ဒီဂြိုဟ်ရဲ့ ပါတ်လမ်းက စက်ဝိုင်းပုံ မဟုတ်ပဲ ဘဲဥပုံ ရှည်မျောမျော ဖြစ်နေတာပါ။ ဒီတော့ ဒီဂြိုဟ်ရဲ့ နေကနေ အဝေးဆုံး ရောက်တဲ့ နေရာ အထိကို နေ အဖွဲ့အစည်းရဲ့ အကျယ် အဝန်း အဖြစ် သတ်မှတ်လို့ ရပါတယ်။

ဒီ အကျယ်အဝန်းဟာ နေရဲ့ ဗဟိုကနေ တိုင်းရင် အချင်းဝက် ကီလိုမီတာ သန်းပေါင်း ၄၅၄၅ ရှိပါတယ်။ တစ်ဖက်စွန်း ကနေ အခြား တစ်ဖက်စွန်း အထိဆို ကီလိုမီတာ သန်းပေါင်း ၉၀၉၀ တောင် ရှိပါတယ်။

ဆက်စပ်ဆောင်းပါး – နေအဖွဲ့အစည်းရဲ့ နယ်နိမိတ်ကို ရှာဖွေခြင်း

အဝေးဆုံးဂြိုဟ်သိမ်၏အကွာအဝေးဖြင့်သတ်မှတ်ခြင်း

ကမ္ဘာကနေ အခုထိ ရှာတွေ့ထား သမျှ ဂြိုဟ်သိမ် ဂြိုဟ်မွှားတွေ ဂြိုဟ်ပု တွေ အထဲမှာ အဝေးဆုံး ဂြိုဟ်သိမ်ကတေ့ Sedna လို့ ခေါ်တဲ့ ဂြိုဟ်သိမ်ပဲ ဖြစ်ပါတယ်။ သူဟာ ပလူတို ဂြိုဟ်ပု ထက် အကွာအဝေး ၃ ဆ လောက် ပိုပြီး ဝေးတဲ့ နေရာကနေ နေကို ပတ်နေတာပါ။ 

ဒီ Sedna ဂြိုဟ်သိမ်ဟာ နေကနေ ဆိုရင် အကွာအဝေးအားဖြင့် ကီလိုမီတာ ၁၄၃.၇၃ ဘီလီယံ (၁ ဘီလီယံ = သန်း ၁၀၀၀) အကွာအဝေးမှာ ရှိပါတယ်။ အကယ်လို့ ဒီ Sedna ကို နေအဖွဲ့အစည်းရဲ့ နယ်နိမိတ် အဖြစ် သတ်မှတ်မယ် ဆိုရင် နေအဖွဲ့အစည်းရဲ့ အကျယ်အဝန်းဟာ အချင်း ကီလိုမီိတာ ၂၈၇.၄၆ ဘီလီယံ ရှိမှာ ဖြစ်ပါတယ်။

Sedna ဂြိုဟ်သိမ်ဟာ လက်ရှိ ရှာဖွေ တွေ့ရှိသမျှ ဂြိုဟ်သိမ်တွေ အနက် အဝေးဆုံး ဖြစ်ပါတယ်
Sedna ဂြိုဟ်သိမ်ဟာ လက်ရှိ ရှာဖွေ တွေ့ရှိသမျှ ဂြိုဟ်သိမ်တွေ အနက် အဝေးဆုံး ဖြစ်ပါတယ် (Photo: NASA/JPL-Caltech)

Astronomical Unit (AU)

နေ အဖွဲ့အစည်း ထဲက အကွာအဝေးတွေကို ပြောတဲ့ အခါ နောက်က သုည တွေ များလွန်းတာမို့ ပြောရတာ လွယ်အောင်ဆိုပြီး ပညာရှင်တွေက အတိုင်းအတာ ယူနစ် တစ်ခုကို သတ်မှတ်ထား ကြပါတယ်။ ဒီ ယူနစ်ကတော့ Astronomical Unit (AU) ပဲ ဖြစ်ပါတယ်။

1 AU ရဲ့ အကွာအဝေးကို ကမ္ဘာနဲ့ နေရဲ့ အကွာအဝေးနဲ့ သတ်မှတ် ထားပါတယ်။ ဒါ့ကြောင့် 1 AU ဟာ 149,597,870.691 km အကွာအဝေး ရှိပါတယ်။ ဒီ အကွာအဝေး ယူနစ်နဲ့ တွက်လိုက်ရင် အပေါ်က ပြောခဲ့တဲ့ Sedna ဂြိုဟ်သိမ်ရဲ့ နေကနေ အကွာအဝေးဟာ ၉၆၀.၇၈ AU ကွာဝေးပါတယ်။ (တနည်းအားဖြင့် နေနဲ့ Sedna အကွာအဝေးဟာ နေနဲ့ ကမ္ဘာကြား အကွာအဝေးရဲ့ အဆပေါင်း ၉၆၀ ကျော် ရှိပါတယ်။)

ဒီ နည်းနဲ့ တွက်မယ်ဆိုရင် နေအဖွဲ့အစည်းရဲ့ အကျယ်အဝန်းဟာ ဒီဖက် တစ်ဖက်စွန်း ကနေ ဟိုဖက် တစ်ဖက်စွန်းထိ အချင်း ၁၉၂၁.၅၆ AU ရှိမှာ ဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါး – နေ အကြောင်း သိကောင်းစရာများ

ဟီလီယိုစဖီးယား (Heliosphere) ဖြင့်သတ်မှတ်ခြင်း

နေအဖွဲ့အစည်းရဲ့ အကျယ်အဝန်းကို နောက်တနည်း သတ်မှတ်လို့ ရတာကတော့ ဟီလီယို စဖီးယား (heliosphere) ရဲ့ အကျယ်အဝန်းနဲ့ သတ်မှတ်တာပဲ ဖြစ်ပါတယ်။

နေကနေ လျှပ်စစ် သံလိုက် ဓါတ်ဆောင်တဲ့ အမှုန်လေးတွေ အမြဲမပြတ် လွင့်စဉ်ပြီး ထွက်လာနေ ကြပါတယ်။ ဒီအမှုန်လေးတွေဟာ နေကနေ ဝေးရာကို အရှိန်အဟုန်နဲ့ ပြေးထွက်သွားနေကြပါတယ်။ ဒီ ပြေးထွက်လာ နေတဲ့ အမှုန်လေးတွေကို ဆိုလာလေ (Solar Wind) လို့ ခေါ်ပါတယ်။

ဒါပေမယ့် နေရဲ့ ဆွဲငင်အား သက်ရောက်မှု နည်းသွားတဲ့ အစွန်းနား ရောက်တဲ့ အခါမှာ အခြား ကြယ်တွေ ကနေ တိုက်ခတ်လာတဲ့ အလားတူ အမှုန်အမွှား တွေရှိတဲ့ ရပ်ဝန်းနဲ့ တိုးမိကြပါတယ်။ ဒီ အခါ ဝေးလွန်းလို့ အားကုန် လုလု ဖြစ်နေတဲ့ အမှုန်လေးတွေဟာ ရှေ့ဆက် မတိုးနိုင်တော့ပဲ တန့်သွား ကြပါတယ်။ 

Heliosphere ရဲ့ နယ်နိမိတ်
Heliosphere ရဲ့ နယ်နိမိတ် (Photo: Wikipedia)

ဒီလို တန့်သွားတဲ့ နေရာကို Heliopause လို့ ခေါ်ပါတယ်။ ဒီနေရာမှာ နေက တိုက်ခတ်လာတဲ့ ဆိုလာလေ ဟာ ရပ်တန့်သွား သလို နေရဲ့ ဆွဲငင်အားလဲ လျှော့ကျသွားပြီး ပြင်ပက ကြယ်တွေရဲ့ ဆွဲအား သက်ရောက်မှုကို စတင် ခံစား ကြရမှာ ဖြစ်ပါတယ်။

ဒီ ဟီလီယို ပေါ့စ် နေရာဟာ နေကနေဆို 90 AU လောက် ဝေးတဲ့ နေရာမှာ ရှိပါတယ်။ ဒီ heliopause နေရာကို နေရဲ့ နယ်နိမိတ် အဖြစ် သတ်မှတ်မယ်ဆို နေ အဖွဲ့အစည်းရဲ့ အကျယ်အဝန်းဟာ အချင်း 180 AU ရှိမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မေးစရာ ရှိလာတာက အကယ်လို့ နေရဲ့ ဆွဲငင်အား သက်ရောက်မှုက ၉၀ AU ရှိတယ်ဆို ၉၆၀.၇၈ AU ဝေးတဲ့ နေရာက Sedna ဂြိုဟ်သိမ်က ဘယ်လိုလုပ် နေအဖွဲ့အစည်းထဲ ရောက်နေရတာလဲ ဆိုတာပဲ ဖြစ်ပါတယ်။

Sedna က နေကို ပတ်နေတဲ့ လမ်းကြောင်းဟာ စက်ဝိုင်းပုံ ဝိုင်းစက်စက် မဟုတ်ပါဘူး။ သူ့လမ်းကြောင်းက ဘဲဥပုံ ရှည်မြောမြော ဖြစ်နေပါတယ်။​

ဘယ်လောက်ထိတောင် ရှည်မြောမြော ဖြစ်နေလဲဆိုတော့ ဒီ ဂြိုဟ်သိမ် နေနားနီးနီး ရောက်လာတဲ့ အချိန်မှာ အကွာအဝေးက ၇၆ AU ထိ နီးကပ် လာပါတယ်။ ၇၆ AU ဆိုတာ ဟီလီယို စဖီးယားရဲ့ အတွင်းထဲမှာ ဝင်နေတာပါ။  ဒီလို နေနား ကပ်လာလိုက်၊ အဝေးကြီးကို ဝေးသွားလိုက်နဲ့ နေကို ပတ်နေတာ ဖြစ်ပါတယ်။

ဒီလောက် ဆိုရင် နေရဲ့ အကျယ်အဝန်း ဘယ်လောက် ရှိလဲ ဆိုတဲ့ မေးခွန်းကို ဖြေနိုင်လောက်ပြီလို့ ယူဆပါတယ် ခင်ဗျာ။

Reference: Diameter of the Solar System | Universe Today

error: