Skip to content

လူတိုင်းအတွက် စကြဝဠာ – အပိုင်း (၃)

  • Space
Astrophysics for people in a hurry by Neil DeGrasse Tyson

အပိုင်း (၁) မှ စဖတ်ရန် – လူတိုင်းအတွက် စကြာဝဠာ – အပိုင်း (၁) | Astrophysics for People in a Hurry by Neil DeGrasse Tyson

အပိုင်း (၂) ဖတ်ရန် – လူတိုင်းအတွက် စကြာဝဠာ – အပိုင်း (၂)

စကြာဝဠာ ဖြစ်တည်စ ကနေ အချိန်အားဖြင့် တစက္ကန့်ရဲ့ ၁ သန်းပုံ ၁ ပုံ ကာလကို ရောက်ရှိလို့ လာခဲ့ပါပြီ။

အခု အချိန်မှာတော့ စကြာဝဠာဟာ အရင် ဖြစ်တည်စ တုန်းကလောက် ပူပြင်းခြင်း မရှိတော့ သလို အရင်လောက်လဲ သိပ်သည်းခြင်း မရှိ တော့ပါဘူး။ ဒီတော့ အရင်က ပေါင်းအိုးထဲမှာ အပြုတ်ခံနေရတဲ့ ကွာက်တွေဟာ အခုဆို သက်သာရာ ရလာ ကြပါတယ်။ ဒီတော့ သူတို့ဟာ သူတို့နဲ့ တွဲဖို့ အဖော်လေးတွေ ထုံးစံအတိုင်း ရှာကြ တာပေါ့ဗျာ။

ဒီလို ကွာက်တွေ အချင်းချင်း အတွဲလေးတွေ ဖြစ်ပြီး ဖြစ်ပေါ်လာတဲ့ ကွာက်အတွဲ တွေကို ဟေဒရွန် (hadrons) တွေလို့ ခေါ်ပါတယ်။ သူတို့ဟာ အတော်လေး လေးလံတဲ့ အမှုန်တွေ ဖြစ်ကြပါတယ်။

ဒီ ဟေဒရွန် တွေထဲက ကွာက်တွေ အချင်းချင်း ပေါင်းစည်းမှုဟာ ခနတာ ပေါင်းစည်းမှု မဟုတ်ပဲ အမြဲ ထာဝရ ပေါင်းစည်းမှု ဖြစ်ပါတယ်။ တနည်းအားဖြင့် ခနတာ အပျော်တွဲတာ မဟုတ်ပဲ စကြာဝဠာ ဆုံးတိုင် ရာသက်ပန် လက်ဆက် ပေါင်းစပ် ကြတာ ဖြစ်ပါတယ်။

ဒီလိုနည်းနဲ့ ဖြစ်ပေါ်လာတဲ့ ဟေဒရွန် တွေထဲမှာ အများစုဟာ ပရိုတွန် နဲ့ နျူထရွန်တွေ ဖြစ်ကြပါတယ်။ ဒီ နှစ်ခု အပြင် အခြား သိပ် မထင်ရှားတဲ့ ဟေဒရွန် တွေလဲ ထွက်ပေါ် လာခဲ့ပါသေးတယ်။

ဒီ ဟေဒရွန် အမှုန်တွေ အားလုံးမှာ တူညီတာ ကတော့ အမျိုးအစား မတူညီတဲ့ ကွာက်တွေ အနည်းဆုံး နှစ်ခုနဲ့ အထက် ပေါင်းစည်း နေတာပဲ ဖြစ်ပါတယ်။

ဒီနေ့ခေတ် ကမ္ဘာပေါ်က ဥရောပတိုက်မှာ ဆွစ်ဇာလန် ဆိုတဲ့ တိုင်းပြည်ကို ကြားဖူး ကြမှာပါ။ အဲ့တိုင်းပြည် ထဲမှာ အလွန် ကြီးမားတဲ့ မြေအောက် လှိုင်ခေါင်းကြီးနဲ့ တည်ဆောက်ထားတဲ့ ဓါတ်ခွဲခန်း ကြီးထဲမှာ ဟေဒရွန် အမှုန်တွေကို အလွန် လျှင်မြန်တဲ့ အရှိန်နဲ့ ပစ်ခတ်ပြီး အချင်းချင်း တိုက်မိအောင် ဖန်တီး ကြပါတယ်။ ဒီနည်းနဲ့ စကြာဝဠာ အစဦးက ဖြစ်ခဲ့တဲ့ အခြေအနေ မျိုးကို တုပယူဖို့ ကြိုးစားနေ ကြပါတယ်။

ဒီ ဟေဒရွန် အမှုန်တွေ အချင်းချင်း ပစ်လွှတ် တိုက်ခတ် စမ်းသပ်တဲ့ ဓါတ်ခွဲခန်း ကြီးဟာ ကမ္ဘာ့ အကြီးဆုံး ဖြစ်ပြီး သူ့ကို Large Hadron Collider လို့ အမည် ပေးထားပါတယ်။

အရင် ဆောင်းပါးမှာ တုန်းက ဒြပ် – ဆန့်ကျင်ဒြပ် (matter-antimatter) နှစ်ခုကြား အချိုး မညီမျှမှု အနည်းငယ် ရှိခဲ့တယ် ဆိုတာ ပြောခဲ့ပါတယ်။ ဒီ ကွာက် တွေနဲ့ ဆန့်ကျင် ကွာက် တွေ အကြားက မညီမျှ မှုဟာ သူတို့တွေ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတဲ့ ဟေဒရွန် တွေ ဆီကိုပါ ဆက်လက်ပြီး လက်ဆင့်ကမ်း  ပါလာကြပါတယ်။ 

စကြာဝဠာရဲ့ အပူချိန် ဆက်လက် ကျဆင်း လာတာနဲ့ အမျှ အခြေခံ အမှုန်တွေကို အလိုအလျှောက် ဖန်တီး ပေးနိုင်ဖို့ ရနိုင်တဲ့ စွမ်းအင်ဟာလဲ နည်းပါးလို့ လာပါတယ်။ ဟေဒရွန်တွေ ခေတ် ရောက်တဲ့ အချိန်မှာတော့ စကြာဝဠာထဲမှာ ပြန့်နှံ့နေတဲ့ ဖိုတွန်တွေဟာ အရင် ခေတ်ကလို ကွာက် – ဆန့်ကျင်ကွာက် (quark-antiquark pairs) အတွဲတွေ အဖြစ် ပြောင်းလဲဖို့ မတတ်နိုင် ကြတော့ပါဘူး။

ဒီလို အမှုန် အသစ်တွေ မဖန်တီး ပေးနိုင်တော့ရုံ မကသေး ပါဘူး။ လက်ကျန်  ဒြပ် – ဆန့်ကျင်ဒြပ်တွေ အချင်းချင်း တိုက်မိရာက ထွက်ပေါ်လာတဲ့ ဖိုတွန်တွေ က သယ်ဆောင်ထားတဲ့ စွမ်းအင်တွေ ဟာလဲ အလျှင်အမြန် ပြန့်ကားလာ နေတဲ့ စကြာဝဠာ ကြီးအတွင်းမှာ ပျောက်ဆုံးလို့ သွားကြပါတယ်။ 

ရလဒ်ကတော့ ဒီကာလမှာ ဖိုတွန်တွေဟာ ဟေဒရွန်-ဆန့်ကျင် ဟေဒရွန် (hadron-antihadron pairs) အတွဲတွေ အဖြစ် ပြောင်းလဲနိုင်စွမ်း မရှိ ကြတော့ပါဘူး။

အရင် ဆောင်းပါးမှာ တုန်းက ဒြပ် – ဆန့်ကျင်ဒြပ် အချိုးဟာ ဆန့်ကျင်ဒြပ် မှုန် အလုံး သန်း ၁၀၀၀ ရှိတိုင်း ဒြပ်မှုန်က အလုံး သန်း ၁၀၀၀ နဲ့ တစ်လုံး ရှိတယ်ဆိုတာ ပြောခဲ့တာ မှတ်မိပါ လိမ့်မယ်။ 

ဒီကာလမှာ ဟေဒရွန် နဲ့ ဆန့်ကျင် ဟေဒရွန် သန်း ၁၀၀၀ တိုက်မိပြီးရင် ဖြစ်လာတဲ့ ဖိုတွန် သန်း ၁၀၀၀ ဟာ မူလ ဟေဒရွန် – ဆန့်ကျင် ဟေဒရွန် တွေ အဖြစ် ပြန်ပြောင်းနိုင်စွမ်း မရှိ ကြတော့ပါဘူး။ ဒါပေမယ့် ဒီလို တိုက်မိပြီး ဖိုတွန်အဖြစ် ပြောင်းသွားတဲ့ အလုံးတွဲ သန်း ၁၀၀၀ တိုင်းမှာ လွတ်နေတဲ့ ဟေဒရွန် တစ်လုံးက တိုက်စရာ အတွဲ မရှိပဲ ကြွင်းကျန် နေရစ် ခဲ့ပါတယ်။

ဒီ ကြွင်းကျန် ရစ် ခဲ့တဲ့ ဟေဒရွန် တွေကနေ ယခု လက်ရှိ စကြာဝဠာ ကြီးထဲက ဒြပ်ဝတ္ထု အားလုံး ပေါက်ဖွား လာကြတာ ဖြစ်ပါတယ်။ ယခု မြင်နေရတဲ့ ဂြိုဟ်တွေ၊ ကြယ်တွေ၊ ဂလက်ဆီတွေ၊ ဘလက်ဟိုးတွေ နဲ့တကွ သက်ရှိ လူသားတွေ အားလုံးဟာ ဒီ ကြွင်းကျန်ရစ် ခဲ့တဲ့ ဟေဒရွန် တွေကနေ ဖြစ်ပေါ်လာ ကြတာ ဖြစ်ပါတယ်။

အကယ်လို့ များသာ စကြာဝဠာ အစောပိုင်းက ဒြပ်-ဆန့်ကျင်ဒြပ် မညီမျှမှုသာ မရှိခဲ့ဘူး ဆိုရင် ကျွန်တော်တို့ရဲ့ စကြာဝဠာ ကြီး အတွင်း ရှိသမျှသော ဒြပ်တွေဟာ သူတို့ရဲ့ ဆန့်ကျင်ဒြပ် တွေနဲ့ တိုက်မိပြီး အကုန် ပျက်သုန်း သွားခဲ့ကြမှာ ဖြစ်ပါတယ်။ 

ဒီလိုသာ ဖြစ်ပေါ်လာ ခဲ့တဲ့ စကြာဝဠာမှာ ဖိုတွန်တွေက လွဲလို့ ဘာမှ ရှိနိုင်မှာ မဟုတ်ပါဘူး။ 

ပြောရရင်တော့ ကျွန်တော်တို့ လူရယ်လို့ ဖြစ်လာ ရတာဟာ ဒီ စကြာဝဠာ အစဦးက ဆန့်ကျင်ဒြပ် သန်း ၁၀၀၀ နဲ့ ဒြပ် သန်း ၁၀၀၀ နဲ့ တစ်လုံး အချိုး မညီမျှမှု ကလေးကနေ ပေါက်ဖွားလာ ခဲ့တာပါ။

— အပိုင်း (၄) ဆက်ဖတ်ရန် – လူတိုင်းအတွက်် စကြဝဠာ (Astrophysics for People in a Hurry) – အပိုင်း (၄)

error: