Skip to content

ဆလိုဗက် နိုင်ငံထုတ် ၁၅၅မမ Zuzana 2 ယာဉ်တင် ဟောင်ဝစ်ဇာ

ဆလိုဗက် နိုင်ငံထုတ် Zuzana ၁၅၅ မမ ယာဉ်တင်အမြှောက်

ဆလိုဗက် လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်တဲ့ ကွန်စတွက်တာ ကာကွယ်ရေး (Konstrukta Defence) ကုမ္ပဏီက ဘီးတပ်ယာဉ်တင် ဟောင်ဝစ်ဇာ အမြှောက်တစ်မျိုးကို ထုတ်ဖေါ်ပြသ လိုက်ပါတယ်။ ဒီအမြှောက် စနစ်ကို ဇူဇားနား ၂ (Zuzana 2) လို့ အမည်ပေးထားပြီး 8 x 8 ဘီး ၈ ဘီးတပ် ၈ ဘီးမောင်း ယာဉ်ပေါ် တပ်ဆင်ထားပါတယ်။ ဒီ အမြှောက်စနစ်သစ်ကို ယခု ဂရိနိုင်ငံမှာ ပြသနေတဲ့ DEFEA 2021 လက်နက်ပြပွဲမှာ ထုတ်ဖော်ပြသလိုက်တာ ဖြစ်ပါတယ်။

ဒီအမြှောက်ကို ဆလိုဗက် ကုမ္ပဏီ Konstrukta Defence က ဒီဇိုင်းထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီယာဉ်ဟာ လက်ရှိ ဆလိုဗက် တပ်မတော်မှာ သုံးစွဲနေတဲ့ Zuzana အမြှောက် အပေါ်မှာ အဆင့်မြှင့်ထားတာပဲ ဖြစ်ပါတယ်။ ဒီ Zuzana အမြှောက်ဟာလဲ DANA 152 mm ယာဉ်တင်အမြှောက်ပေါ်မှာ အခြေခံပြီး တည်ဆောက်ထားခဲ့တာ ဖြစ်ပါတယ်။

ယခု အမြှောက်ကိုတော့ TATRA ၈ ဘီးမောင်း စစ်သုံး မော်တော်ယာဉ် ကိုယ်ထည်ပေါ်မှာ တပ်ဆင်ထားတာ ဖြစ်ပါတယ်။ ဒီစနစ်မှာ ယာဉ်မောင်းခန်းက ရှေ့ပိုင်းမှာ ရှိပြီး အမြှောက်ကိုတော့ ယာဉ်ရဲ့ အလယ်ပိုင်းမှာ တပ်ဆင် ထားပါတယ်။ တပ်ဆင်ထားတဲ့ အမြှောက်ကတော့ ၁၅၅ မမ / ၅၂ ကယ်လီဘာ အမြှောက်အမျိုးအစား ဖြစ်ပြီး နေတိုး တပ်ဖွဲ့ရဲ့ စံသတ်မှတ်ထားတဲ့ ၁၅၅မမ ကျည်အားလုံး ပစ်လို့ရမှာ ဖြစ်ပါတယ်။

အမြှောက်ကို အော်တိုမက်တစ် အလိုအလျှောက်ပစ် စနစ်နဲ့ရော လူ့ထိန်းချုပ်မှု (Manual) စနစ်နဲ့ရော ပစ်ခတ်နိုင်ပါတယ်။ အော်တိုမက်တစ် (automatic mdoe) စနစ်မှာ တစ်မိနစ်ကို ကျည် ၅ တောင့်နှုန်း ပစ်ခတ်နိုင်မှာ ဖြစ်ပြီး Manual Mode လူထိန်းချုပ်မှုနဲ့ ပစ်ခတ်ရင်တော့ တစ်မိနစ်ကို နှစ်တောင့်နှုန်း ပစ်ခတ်နိုင်ပါတယ်။ 

အမြှောက်ကျည်တွေကို အနီးဆုံး အကွာအဝေး ၅ ကီလိုမီတာကနေ အဝေးဆုံး ၄၁ ကီလိုမီတာအထိ ပစ်ခတ်နိုင်ပါတယ်။ ဒီလို ၄၁ ကီလိုမီတာထိ ပစ်ခတ်ဖို့ကတော့ တာဝေးပစ် (ERFB-BB) အမျိုးအစား ကျည်တွေကို သုံးစွဲ ပစ်ခတ်ရပါမယ်။

ယာဉ်ပေါ်မှာတော့ စုစုပေါင်း ၁၅၅ မမ ကျည်ထိပ်ဖူး အတောင့် ၄၀ နဲ့ ပစ်ဖို့ ယမ်းထုပ် ၄၀ ကို သယ်ဆောင်နိုင်ပါတယ်။ 

Zuzana 2 မှာ ယာဉ်အဖွဲ့သား ၄ ယောက် ပါဝင်မှာ ဖြစ်ပါတယ်။ ကျည်ကာကွယ် နိုင်စွမ်းကတော့ STANAG 4569  အဆင့်ရှိပါတယ်။ ဒီအဆင့်မှာ ၇.၆၂ ကျည်နဲ့ ပစ်ခတ်တာကို ခံနိုင်ရည်​ရှိပြီး မိုင်းဒါဏ်လဲ ခံနိုင်အောင် တည်ဆောက်ထားပါတယ်။

ညဖက်တွေမှာ လှုပ်ရှားတဲ့အခါ ပစ်မှတ်ရှာဖွေရလွယ်အောင် အပူရောင်ရှာ ကိရိယာနဲ့ ညကြည့်မှန်ပြောင်းတွေလဲ တပ်ဆင်ပေးထားပါတယ်။ ယာဉ်ပေါ်မှာလဲ ဒစ်ဂျစ်တယ် မြေပုံ၊ အမြောက်ပစ်ခတ်မှု ထိန်းချုပ်ရေး ကွန်ပြူတာ နဲ့ GPS လမ်းညွှန်စနစ်တွေ တပ်ဆင်ထားပါတယ်။ အမြှောက် ပစ်ခတ်မှုကို အဏုစိတ် ထိန်းချုပ်နိုင်ဖို့ ပြောင်းမှာ ကျည်ထွက်ရှိန် တိုင်းတဲ့ ကိရိယာ (muzzle velocity radar) ကိုလဲ တပ်ဆင်ပေး ထားမှာ ဖြစ်ပါတယ်။ 

ဒီ Zuzana 2 အမြှောက်တင်ထားတဲ့ Tetra ယာဉ်ဟာ ဆလင်ဒါ ၈ လုံးတပ် မြင်းကောင်ရေအား ၃၂၅ ကီလိုဝပ် ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒီယာဉ်ကို အမြန်ဆုံး တစ်နာရီ ကီလို ၉၀ နှုန်းနဲ့ မောင်းနှင်နိုင်ပြီး ကီလို ၆၅၀ အထိ ဆီပြန်မဖြည့်ပဲ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

Reference: DEFEA 2021: Zuzana 2 latest generation of 155mm 8×8 self-propelled howitzer from Slovakia

error: