Skip to content

ကားတာယာ အဟောင်းများနဲ့ ခင်းတဲ့လမ်းက ကြာရှည်ပိုခံ

Old rubber car tires causing environmental pollution

အိမ်ပြင်ပ အဆောက် အဦတွေမှာ အများအားဖြင့် နေရဲ့ ဒါဏ်၊ ရာသီဥတု ဒါဏ်တွေ ခံနိုင်အောင် အကာအကွယ် သုတ်ဆေး သုတ်ထား တတ်ကြပါတယ်။ အဆောက်အဦ နံရံတွေကို ဆေးသုတ်တာ အလှ အပ သက်သက် အတွက်တင် မကပါဘူး၊ နေဒါဏ်၊ မိုးဒါဏ်၊ ရာသီဥတု ဒါဏ်တွေ ခံနိုင်အောင်လဲ ပါပါတယ်။

အဆောက် အဦ တွေနဲ့ မတူတာက မော်တော်ကား လမ်းတွေရဲ့ မျက်နှာပြင်မှာ ဘာမှ နေဒါဏ်၊ မိုးဒါဏ် ခံနိုင်အောင် အကာအကွယ် ပြုလုပ်ထားတာ မရှိပါဘူး။ ဒီတော့ အခြား မျက်နှာပြင် တွေနဲ့ ယှဉ်ရင် လမ်း မျက်နှာပြင် တွေဟာ ပိုပြီး ပျက်စီး လွယ်ပါတယ်။ (မော်တော်ကားတွေ သွားလို့ ပွန်းတိုက်တာ မပါရင်တောင် ပို အပျက်အစီး မြန်ပါတယ်။)

ဩစတြေးလျ နိုင်ငံ RMIT University က အင်ဂျင်နီယာ တွေဟာ ကားလမ်းတွေ နေဒါဏ်ကြောင့် အပျက်အစီး သက်သာစေမယ့် နည်းပညာ တစ်မျိုးကို တီထွင် အောင်မြင်ကြောင်း ကြေငြာ ခဲ့ပါတယ်။ 

သူတို့ရဲ့ တွေ့ရှိချက် ကတော့ ကားတာယာ အဟောင်းတွေကနေ ထုတ်ယူထားတဲ့ ရာဘာကို ကတ္တရာနဲ့ ရောပြီး လမ်းခင်းတဲ့ အခါမှာ ဒီ ရာဘာ အဟောင်း တွေဟာ ကတ္တရာ လမ်းတွေကို နေရောင်ခြည် ကနေ ကာကွယ်မှု ပေးတယ် ဆိုတာကို တွေ့ရှိ ခဲ့ရတာပါ။ ဒီလို ရာဘာ အဟောင်းနဲ့ ရောခင်းထားတဲ့ ကတ္တရာ လမ်းတွေဟာ သာမန် ကတ္တရာ လမ်းတွေထက် နှစ်ဆလောက် ပိုခံတယ် ဆိုတာကိုလဲ တွေ့ရှိ ခဲ့ကြပါတယ်။

ဒီလို ကားတာယာ တွေက ပြန်ထုတ်ယူတဲ့ ရာဘာ အဟောင်းတွေကို ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အသုံးပြုတာ အခုမှ မဟုတ်ပါဘူး။ ကွန်ကရစ် လောင်းတဲ့ အခါ ရောဘာ အဟောင်းနဲ့ ရောလောင်းတာဟာ ကွန်ကရစ်ရဲ့ အပူဒါဏ် ခံနိုင်အားနဲ့ ကြံခိုင်မှုကို ပိုပြီး အားကောင်းစေတယ် ဆိုတာကို ပညာရှင်တွေ တွေ့ရှိခဲ့တာ ကြာပါပြီ။

အခု သုတေသနမှာ ဒီ ရာဘာ အဟောင်း တွေဟာ ကတ္တရာ လမ်းရဲ့ မျက်နှာပြင်မှာ နေရောင်ကာ sun screen သဘောမျိုး ပြုမူကြတယ် ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ဒီ ရာဘာ အဟောင်းရဲ့ နေရောင် ကာကွယ်နိုင် စွမ်းဟာ ကောင်းလွန်းလို့ လမ်းတွေရဲ့ သက်တမ်း နှစ်ဆလောက် ပိုရှည်လာ စေမယ်လို့ ခန့်မှန်း ကြပါတယ်။

ဆက်စပ်ဆောင်းပါး – Graphene နဲ့ စမ်းသပ် လမ်းခင်း

ဒီ သုတေသန အတွက် သုတေသီ တွေဟာ လမ်းတွေကို နောက်ဆုံး အလွှာ နေနဲ့ ကတ္တရာ အချော လောင်းတဲ့ အခါမှာ ရာဘာအဟောင်း တွေကို ရောပြီး ထည့်လောင်း စမ်းသပ် ခဲ့ပါတယ်။ ဒီလို စမ်းသပ် ရာမှာ ရာဘာနဲ့ ကတ္တရာ အချိုးကို အမျိုးမျိုး စမ်းသပ် ခဲ့ပါတယ်။

ရာဘာ အဟောင်းကို အနည်းဆုံး ၇.၅ ရာနှုန်း၊ အလယ်အလတ် အနေနဲ့ ၁၅ ရာနှုန်း နဲ့ အမြင့်ဆုံး ၂၂.၅ ရာနှုန်း ဆိုပြီး အချိုး ၃ မျိုးနဲ့ စမ်းသပ် ခဲ့ပါတယ်။ 

နေရောင်ကြောင့် ပျက်စီးမှုကို တိုင်းတာဖို့ အတွက် ခရမ်းလွန် ရောင်ခြည် ထုတ်စက်နဲ့ စမ်းသပ် ခဲ့ပါတယ်။ ဒီ ခရမ်းလွန် ရောင်ခြည် (ultraviolet) ထုတ်စက်က ထုတ်ပေးတဲ့ စွမ်းအားပြင်း ခရမ်းလွန် ရောင်ခြည်တွေနဲ့ စမ်းသပ်လမ်း မျက်နှာပြင်ကို တစ်လခွဲ ကြာအောင် ရောင်ခြည် ပေးခဲ့ပါတယ်။ ဒီ ပမာဏ ဟာ ပုံမှန် လမ်းတွေမှာ တစ်နှစ်လောက် အတွင်း ကျရောက်တဲ့ ခရမ်းလွန် ရောင်ခြည် ပမာဏ နဲ့ ညီမျှ ပါတယ်။

ဒီလို အပြင်းစား ခရမ်းလွန် ရောင်ခြည်နဲ့ ထိတွေ့ ခံရတဲ့ စမ်းသပ် လမ်းတွေရဲ့ ကတ္တရာ သား အတွင်းက ဓါတု ပြောင်းလဲမှု နဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲ ပျက်စီး မှုတွေကို တိုင်တာ ခဲ့ကြပါတယ်။

သူတို့ရဲ့ တွေ့ရှိချက် အရ ကတ္တရာ ကို ရာဘာအဟောင်း အချိုးမြင့် (၂၂.၅%) နဲ့ ရောထားတဲ့ လမ်းတွေဟာ ရာဘာ လုံးဝ မရောထားတဲ့ လမ်းတွေနဲ့ နှိုင်းယှဉ်ရင် ခရမ်းလွန် ရောင်ခြည် ကြောင့် ပျက်စီးမှု ထက်ဝက် သက်သာတယ် ဆိုတာကို တွေ့ရှိ ခဲ့ကြပါတယ်။

ရာဘာ အဟောင်း အချိုး များများ သုံးခြင်းဟာ ခရမ်းလွန် ရောင်ခြည်ကြောင့် ပျက်စီးမှုကနေ ပိုပြီး ကာကွယ်မှု ပေးနိုင်မှာ ဖြစ်ပေမယ့် တဖက်ကလဲ ကတ္တရာ လမ်းရဲ့ ဝန်ခံနိုင် အားအပေါ် ထိခိုက်မှု မရှိတဲ့ အချိုးအဆ ဖြစ်ဖို့ လိုအပ်ပြန်ပါတယ်။

ဒီ သုတေသန ကို ပြုလုပ်ခဲ့တဲ့ အင်ဂျင်နီယာတွေက ရာဘာ အဟောင်း အချိုး ၁၈% ကနေ ၂၂% အကြား ထည့်သွင်း အသုံးပြုဖို့ အကြံပြု ထားပါတယ်။ ဒီအချိုးဟာ ကတ္တရာ လမ်းရဲ့ ခရမ်းလွန် ရောင်ခြည် ကာကွယ်နိုင်စွမ်းနဲ့ ဝန်ခံနိုင် စွမ်း နှစ်ခုကြား မျှတတဲ့ စွမ်းဆောင်ရည်ကို ပေးနိုင်တယ် ဆိုတာကို တွေ့ရှိလို့ပဲ ဖြစ်ပါတယ်။

ဒီလို ကားတာယာ အဟောင်းတွေက ရာဘာကို ကတ္တရာလမ်း ခင်းရာမှာ အသုံးပြု တာဟာ လမ်းတွေကို နေရောင်ခြည်ရဲ့ ဒါဏ်က အကာအကွယ် ပေးနိုင်ရုံတင် မဟုတ်ပါဘူး။ ဒီ ကားတာယာ တွေကို ဘယ်လို စွန့်ပစ် ရမလဲ ဆိုတဲ့ ပြဿနာ ကိုလဲ အထိုက်အလျောက် ဖြေရှင်းပြီးသား ဖြစ်သွားပါ လိမ့်မယ်။ အခုဆို ကား တာယာ အဟောင်းတွေ ဘယ်လို စွန်ပစ်ရမှန်း မသိလို့ အမှိုက်ပုံ တွေမှာ အမြောက်အများ စွန့်ပစ် ထားကြတာမို့ ကြာရင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု ဆိုးရွား လာပါလိမ့်မယ်။

ဒီ အင်ဂျင်နီယာ တွေရဲ့ သုတေသနဟာ ကားလမ်းတွေ ထိန်းသိမ်း ပြုပြင် စားရိတ်ကို အများကြီး လျော့ကျ စေနိုင်ရုံ မကပဲ သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီး မှုကိုလဲ အထိုက်အလျောက် အထောက်အကူ ဖြစ်စေနိုင်မှာ ဖြစ်လို့ ကြိုဆို သင့်ပါကြောင်း တင်ပြ အပ်ပါတယ်။

Ref: Roads built with recycled rubber tires could last twice as long | Inceptive Mind

error: