Skip to content

ကမ္ဘာနဲ့ အဖေါ်လိုက်နေတဲ့ ဂြိုဟ်သိမ်တစ်စင်း ရှာတွေ့

  • Space
2020 XL5 ထရိုဂျန် ဂြိုဟ်သိမ် ဟာ ကမ္ဘာနေ့ အတူ လိုက်ပါရင်း နေကို ပတ်နေတဲ့ ဂြိုဟ်သိမ်တစ်ခု ဖြစ်ပါတယ် (Credit: NOIRLab/NSF/AURA/J. da Silva/Spaceengine)

ကမ္ဘာနဲ့ အတူ လိုက်ပြီး နေကို ပတ်နေတဲ့ ဂြိုဟ်သိမ် တစ်စင်းကို နက္ခတ် ပညာရှင် များက ရှာဖွေ တွေ့ရှိ ထားပါတယ်။ ဒါဟာ ကမ္ဘာနဲ့ အတူ နေကို အတူတကွ လိုက်ပါလှည့်ပတ်နေတဲ့ ဒုတိယမြောက် ဂြိုဟ်သိမ် ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ကမ္ဘာနဲ့အတူ လိုက်ပြီး နေကို ပတ်နေတဲ့ ဂြိုဟ်သိမ်တွေကို ထရိုဂျန် ဂြိုဟ်သိမ် (Trojan asteroid) လို့ ခေါ်ပါတယ်။ ထရိုဂျန် ဆိုတာက ထရွိုင်မြို့မှာ မြင်းရုပ်ကြီးထဲ စစ်သည်တွေ ပုန်းအောင်းပြီး မြို့ထဲဝင်ကာ မြို့ကို သိမ်းပိုက်တဲ့ ဖြစ်စဉ်ကို ရည်ညွှန်းပြီ ထရိုဂျန် မြင်း လို့ ပြောတာပါ။ အခု ဂြိုဟ်သိမ်ကတော့ ကမ္ဘာ့ ပြင်ပက မဖိတ်ခေါ်ပဲ ရောက်လာပြီး ကမ္ဘာနဲ့အတူ လိုက်ပါ ခရီးသွားနေလို့ တင်စား ပြောတာ ဖြစ်ပါတယ်။

ဒီလို ထရိုဂျန် ဂြိုဟ်သိမ်တွေကို နေအဖွဲ့အစည်း ထဲက အခြားဂြိုဟ်တွေ ဖြစ်တဲ့ အင်္ဂါဂြိုဟ်၊ ကြာသပတေးဂြိုဟ် နဲ့ နက်ပ်ကျွန်း ဂြိုဟ် တွေမှာလဲ တွေ့ရှိရပါတယ်။ ဒီ ထရိုဂျန် ဂြိုဟ်သိမ်တွေဟာ သက်ဆိုင်ရာ ဂြိုဟ်ရဲ့ ဆွဲငင်အားနဲ့ နေရဲ့ ဆွဲငင်အား နှစ်ခု ညီတဲ့ ဆုံမှတ် နေရာကနေ နေကို ပတ်နေတာ ဖြစ်ပါတယ်။ ဒီလို ဆွဲငင်အား နှစ်ခု ညီနေတာမို့ ဒီ ဆုံမှတ် တွေဟာ ဂြိုဟ်သိမ်တွေ၊ ဂြိုဟ်တုတွေ တည်တည်ငြိမ်ငြိမ်နဲ့ ရပ်တည်နေနိုင်တဲ့ နေရာတွေ ဖြစ်လာပါတယ်။

ကမ္ဘာရဲ့ ပထမဆုံး ထရိုဂျန် ဂြိုဟ်သိမ်ကို ၂၀၁၀ ခုနှစ်က ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ 2010 TK7 လို့ အမည်ပေးထားတဲ့ အဲ့သည် ဂြိုဟ်သိမ်ဟာ L4 လာဂရန် အမှတ် ကနေ နေကို ပတ်နေတာ ဖြစ်ပါတယ်။ ဒီ အမှတ်ဟာ ကမ္ဘာက နေဆို ကီလိုမီတာ သန်းပေါင်းများစွာ ဝေးတဲ့ အရပ်မှာ ရှိပြီး ဒီ ဂြိုဟ်သိမ်ဟာ ကမ္ဘာရဲ့ အရှေ့ကနေ နေကို ပတ်နေတာ ဖြစ်ပါတယ်။

အခု အသစ်တွေ့တဲ့ ထရိုဂျန် ဂြိုဟ်သိမ်ကိုတော့ 2020 XL5 လို့ အမည်ပေးထားပါတယ်။ ဒီ ဂြိုဟ်သိမ်ဟာ အကျယ်အဝန်း အားဖြင့် ၁ ကီလိုမီတာလောက် ကျယ်ပါတယ်။ သူက L4 လာဂရန် အမှတ်မှာ ပတ်နေတာပါ။

ဒီ ဂြိုဟ်သိမ်ကို ၂၀၂၀ ဒီဇင်ဘာ လကမှ ရှာတွေ့ထားတာ ဖြစ်ပါတယ်။ အသေးစိတ် သုတေသန ပြုချက်တွေ အရ ဒီဂြိုဟ်သိမ် ပတ်နေတဲ့ နေရာဟာ လာဂရန် ပွိုင့် အမှတ် L4 ဖြစ်မယ်လို့ ယူဆ ခဲ့ပါတယ်။

လာဂရန် L4 အမှတ် တည်နေရာ (Image credit: NASA / WMAP Science Team)
လာဂရန် L4 အမှတ် တည်နေရာ (Image credit: NASA / WMAP Science Team)

သေချာအောင် ၂၀၂၁ ထဲမှာ အသေးစိတ် လေ့လာမှုတွေ ဆက်လက် ပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ အရွယ်အစားကိုတော့ အလင်းပြန်မှု ပမာဏ ပေါ်မူတည်ပြီး တွက်ချက်ယူ ထားတာ ဖြစ်ပါတယ်။ တွေ့ရှိချက် အရ အခု ဂြိုဟ်သိမ်ဟာ အရင် တွေ့ခဲ့တဲ့ ပထမဆုံး ထရိုဂျန် ဂြိုဟ်သိမ်ထက် ၃-၄ ဆ လောက် ပိုကြီးတယ်လို့ ဆိုပါတယ်။ ဒီ သုတေသန အရပဲ ဒီဂြိုဟ်သိမ်ကို ၂၀၁၂ ခုနှစ်ကတဲက အာကာသ လေ့လာရေး ဓါတ်ပုံတွေ ထဲမှာ တွေ့ခဲ့ရတယ် ဆိုတာ သိလာရ ပါတယ်။

အသေးစိတ် သုတေသနတွေ အပြီးမှာတော့ ဒီဂြိုဟ်သိမ်ဟာ ကမ္ဘာနဲ့ အတူ နေကို ပတ်နေတဲ့ ထရိုဂျန် ဂြိုဟ်သိမ် ဖြစ်တယ် ဆိုတာကို အတည်ပြုနိုင် ခဲ့ကြပါတယ်။ 

နက္ခတ် ပညာရှင် တွေရဲ့ တွက်ချက်မှု အခု နောက်ထပ် ရှာဖွေ တွေ့ရှိတဲ့ ထရိုဂျန် ဂြိုဟ်သိမ်ဟာ ကမ္ဘာနဲ့ အတူ နေကို အနည်းဆုံး နောက်ထပ် နှစ် ၄,၀၀၀ လောက် ပတ်နေလိမ့်မယ်လို့ ဆိုပါတယ်။ ပထမ ရှာဖွေ တွေ့ရှိခဲ့တဲ့ 2010 TK7 ဂြိုဟ်သိမ် ကတော့ ကမ္ဘာနဲ့ အတူ နောက်နှစ် ၁၀,၀၀၀ လောက် ရှိနေမယ်လို့ ဆိုပါတယ်။

အခုလို ကမ္ဘာဆီ အလည်လာရောက်တဲ့ ထရိုဂျန် ဂြိုဟ်သိမ်တွေကို ရှာဖွေ တွေ့ရှိ တဲ့ အတွက် ဒီလို ဂြိုဟ်သိမ်မျိုးတွေ နောက်ထပ် ရှိနေအုံးမလား ဆိုပြီး ရှာဖွေနေ ကြပါတယ်။ နက္ခတ် ပညာရှင် တွေကတော့ နောက်ထပ် ဒီလို ထရိုဂျန် ဂြိုဟ်သိမ်တွေ ရှိလိမ့်အုံးမယ်လို့ ယုံကြည်ကြပါတယ်။

Reference: Earth has a second known ‘Trojan asteroid’ that shares its orbit | Science News

error: