Skip to content

မစ်ကီးဝေးထဲ ပုန်းနေတဲ့ Wormhole ကို ဘယ်လိုရှာမလဲ

  • Space
မစ်ကီးဝေးရဲ့ ဗဟိုမှာ ပုန်းနေတဲ့ wormhole ကို ရှာဖို့ ဖြစ်နိုင်မယ်လို့ ဆိုပါတယ်

အကယ်လို့ ကျွန်တော်တို့ နေထိုင်တဲ့ မစ်ကီးဝေး ဂလက်ဆီကြီးရဲ့ တစ်နေရာမှာသာ Wormhole တစ်ခု ရှိနေမယ် ဆိုရင် အဲ့သည် wormhole ကို ဘယ်လို ရှာတွေ့နိုင်မလဲ။ လက်ရှိ တင်ပြထားတဲ့ သုတေသန စာတမ်း တစ်စောင် အရတော့ မစ်ကီးဝေး ဂလက်ဆီ ကြီးရဲ့ ဗဟိုမှာ ရှိတဲ့ မဟာ တွင်းနက်ကြီး (Supermassive Black Hole) ကို နီးကပ်စွာ ပတ်နေတဲ့ ကြယ်တစင်းရဲ့ လှုပ်ရှားပုံတွေကို အနီးကပ် သေခြာ စောင့်ကြည့် လေ့လာခြင်းအားဖြင့် wormhole ကို ရှာဖွေဖို့ နည်းလမ်းတွေ ရရှိလာနိုင်မယ်လို့ ဆိုပါတယ်။

Wormhole ဆိုတာကို မြန်မာလိုတော့ တီတွင်း လို့ ဘာသာပြန်လို့ ရမယ် ထင်ပါတယ်။ ဒီ ဆောင်းပါး မှာတော့ wormhole လို့ပဲ သုံးပါမယ်။ ဒီ wormhole ဆိုတာက စကြာဝဠာ ကြီးထဲက မတူညီတဲ့ အရပ်ဒေသ နှစ်ခုကို ဆက်စပ် ပေးထားတဲ့ လှိုင်ခေါင်း တစ်ခု ဖြစ်ပါတယ်။ အခုထက်ထိတော့ ဒီ wormhole တွေဟာ သီအိုရီ အရပဲ ဖြစ်နိုင်သေးပြီး လက်တွေ့မှာတော့ ရှာဖွေ တွေ့ရှိခြင်း မရှိသေးပါဘူး။ 

Wormhole တွေကို ရုပ်ရှင်တွေ ထဲမှာတော့ မကြာခန တွေ့ကြရမှာပါ။ အထူးသဖြင့် Interstellar ရုပ်ရှင်ထဲမှာ Wormhole ထဲ ဝင်ပြီး စကြာဝဠာရဲ့ အခြားအရပ်ဒေသကို ခရီးသွားတာ မှတ်မိကြ မှာပါ။ အာကာသ သိပ္ပံ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေမှာ မပါမဖြစ် ဇာတ်လိုက်ကျော်ပေါ့။

ဆက်စပ်ဆောင်းပါး – Wormhole တွေ တကယ်ရှိလား

ဖြတ်သန်းနိုင်သော Wormhole

ရူပဗေဒ ပညာရှင် နှစ်ယောက်ဟာ မစ်ကီးဝေး စကြာဝဠာ ကြီးရဲ့ အလယ်ဗဟိုမှာ အချို့ ရူပဗေဒ ပညာရှင်တွေ အဆိုပြုကြ သလို Wormhole တစ်ခု ပုန်းအောင်းပြီး ရှိနေမနေ ဘယ်လို ရှာဖွေမလဲ ဆိုတဲ့ မေးခွန်းကို အဖြေထုတ်ဖို့ ကြိုးစားခဲ့ ကြပါတယ်။ 

သူတို့ရဲ့ တွက်ချက်မှု အရ ဒီလို Wormhole တစ်ခုကို ထောက်လှမ်းရှာဖွေ နိုင်ဖို့ ဆိုရင် ဒီ Wormhole ဟာ ဖြတ်သန်းသွားလို့ ဖြစ်နိုင်တဲ့ Wormhole တစ်ခု ဖြစ်ရမယ်လို့ ဆိုပါတယ်။ ဒီလို Wormhole မျိုးမှာ ဟင်းလင်းပြင်နဲ့ အချိန်ဟာ Wormhole ရဲ့ တစ်ဖက်တစ်ချက်ကနေ ကွေးညွတ်သွားပြီး ကျဉ်းမြောင်းတဲ့ ကတော့ပုံ တစ်ခု အဖြစ်နဲ့ အလယ်မှာ သွားပြီး စုသွားပါတယ်။ ဘာနဲ့ တူလဲဆိုရင် ကတော့ နှစ်ခုရဲ့ အပေါက်ကျဉ်း နှစ်ခုကို တေ့ပေးထားတဲ့ ပုံစံမျိုးပါ။ အဲ့သည် စုသွားတဲ့ လှိုင်ခေါင်းကျဉ်း နေရာလေးမှာ black hole တွင်းနက် တစ်ခု ရှိနေမှာ ဖြစ်ပါတယ်။

Black hole နဲ့ White hole ကို wormhole နဲ့ ဆက်ပေးထားပါတယ်
Black hole နဲ့ White hole ကို wormhole နဲ့ ဆက်ပေးထားပါတယ် (Photo: Wikipedia)

ဆက်စပ်ဆောင်းပါး – Black hole ဆိုတာဘာလဲ

ဒီလို ဖြတ်သွားလို့ ရတဲ Wormhole တွေဟာ တစ်ဖက်ခြမ်းက အချက်အလက် တွေကို အခြားဖက်ကို ဖြတ်သန်းခွင့် ပေးပါတယ်။ ဒီနေရာမှာ အချက်အလက် ဆိုတာက ရူပဗေဒ သဘောအရ အလင်းဖိုတွန်တွေ၊ မိုက်ကရိုဝေ့ လှိုင်းတွေ၊ X-ray လှိုင်းတွေ နဲ့  ဆွဲငင်အား သက်ရောက်မှု တွေကို ဆိုလိုတာပါ။

ဒီလို အချက်အလက် တွေကို တစ်ဖက်ခြမ်းကနေ နောက်တဖက်ခြမ်းကို ဖြတ်သန်းခွင့် ပြုခြင်းဟာ Wormhole တစ်ခုကို ထောက်လှမ်းရှာဖွေဖို့ အရေးပါတဲ့ အဓိက အချက် ဖြစ်ပါတယ်။ အကယ်လို့ ကျွန်တော်တို့ နေထိုင်ရာ မစ်ကီးဝေး ဂလက်ဆီရဲ့ ဗဟိုနဲ့ အခြားဂလက်ဆီ တစ်ခုရဲ့ ဗဟိုတို့ကို ဆက်ပေးထားတဲ့ Wormhole တစ်ခု ရှိနေမယ် ဆိုရင် ဒီ Wormhole နား ကပ်နေတဲ့ အရာ ဝတ္ထုတွေဟာ Wormhole ရဲ့ တစ်ဖက်ခြမ်းမှာ ရှိတဲ့ အရာဝတ္ထုတွေရဲ့ ဆွဲငင်အား သက်ရောက်မှုကို ခံကြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ (တဖက်ခြမ်းက ကြယ်တွေ၊ တွင်းနက်တွေရဲ့ ဆွဲအားက Wormhole က ဖြတ်ပြီး ဒီဖက်က ကြယ်တွေအပေါ် သက်ရောက်မှာ ဖြစ်ပါတယ်။)

သေးငယ်သောဆွဲငင်အားပြောင်းလဲမှုလေးများ

ဒီ ရူပဗေဒ ပညာရှင်တွေဟာ မစ်ကီးဝေးရဲ့ ဗဟိုမှာ ရှိနေတဲ့ မဟာတွင်းနက်ကြီး အနားကနေ ကပ်ပြီး ဒီ တွင်းနက်ကြီးကို ပတ်နေတဲ့ S2 အမည်ရ ကြယ်ကို ဒီ တွက်ချက်မှု အတွက် ရွေးချယ်ခဲ့ကြပါတယ်။ ဒီကြယ်က တွင်းနက်ကြီး နဲ့ အရမ်း နီးကပ်နေတာမို့ တဖက်က လာတဲ့ ဆွဲအားသက်ရောက်မှု စက်ကွင်းထဲ ရောက်နေမယ်လို့ ယူဆလို့ ဖြစ်ပါတယ်။ 

ဆက်စပ်ဆောင်းပါး – မစ်ကီးဝေး ဂလက်ဆီရဲ့ အလယ်မှာ ဘာရှိသလဲ

သူတို့ရဲ့ တွက်ချက်မှု အရ Wormhole ရဲ့ အခြားတဖက်ခြမ်းမှာ နေထက် အဆ အနည်းငယ် ပိုကြီးတဲ့ ကြယ်တစင်း ရှိနေမယ် ဆိုရင် ဒီကြယ်ရဲ့ ဆွဲအား သက်ရောက်မှုဟာ S2 ကြယ်ပေါ် ကျရောက်လိမ့်မယ်လို့ ဆိုပါတယ်။ ဒီ ဆွဲအား သက်ရောက်မှုကြောင့် S2 ကြယ်ရဲ့ ဆွဲအား အပေါ်မှာ မဆိုစလောက်လေး ပြောင်းလဲ သွားမယ် ဆိုပါတယ်။ ဒီ ဆွဲအား ပြောင်းလဲမှုကို ရှာဖွေ နိုင်မယ်ဆို မစ်ကီးဝေး ဗဟိုမှာ Wormhole ရှိမရှိ ထောက်လှမ်း ရှာဖွေ နိင်လိမ့်မယ်လို့ အဆိုပြု ထားပါတယ်။

ဒီနေရာမှာ အခက်အခဲ တစ်ခုတော့ ရှိနေပါတယ်။ ဒါကတော့ ဒီလို S2 ရဲ့ ဆွဲငင်အား ပြောင်းလဲမှုဟာ အလွန် သေးငယ်တာပဲ ဖြစ်ပါတယ်။ ဘယ်လောက်တောင် သေးငယ်သလဲ ဆိုရင် လက်ရှိ ကမ္ဘာ့ဆွဲအားနဲ့ ယှဉ်ရင် ကမ္ဘာ့ ဆွဲအားရဲ အပုံ တစ်သန်းပုံ တစ်ပုံလောက် ပမာဏ လေးပဲ ပြောင်းသွားတာပါ။

လက်ရှိ အချိန်ထိတော့ ရူပဗေဒ ပညာရှင်တွေဟာ ကမ္ဘာ့ဆွဲအားရဲ့ အပုံ ၁၀၀ ပုံ တစ်ပုံလောက် ရှိတဲ့ ဆွဲငင်အား ပြောင်းလဲမှုအထိပဲ တိုင်းတာ နိုင်ပါသေးတယ်။ အကယ်လို့ ဆွဲငင်အား ပြောင်းလဲမှုက ၁၀၀ ပုံ ၁ ပုံထက် ငယ်မယ်ဆိုရင် ဒီ ပြောင်းလဲမှုကို တိုင်းတာနိုင်မှာ မဟုတ်ပါဘူး။

တနည်းအားဖြင့် ပြောရရင် wormhole ကို ရှာဖွေဖို့ သီအိုရီ အားဖြင့် ဖြစ်နိုင်သော်လဲ လက်တွေ့အားဖြင့်တော့ လက်ရှိ နည်းပညာ တွေနဲ့ဆို မဖြစ်နိုင် သေးပါဘူး။ ဒါပေမယ့် အခု တွက်ချက် အဆိုပြုထားတဲ့ သိပ္ပံ ပညာရှင် တွေကတော့ “မဖြစ်နိုင်လောက်အောင်ထိ ခက်ခဲမှာ မဟုတ်ဘူး” လို့ ဆိုပါတယ်။ သူတို့ရဲ့ အဆိုအရ အကယ်လို့ ဒီ S2 ကြယ်ကို အချိန်ယူပြီး သေချာ စောင့်ကြည့်နိုင်မယ် ဆိုရင် ဒီလို ဆွဲငင်အား ပြောင်းလဲမှုကြောင့် ဖြစ်လာတဲ့ သက်ရောက်မှု တွေကို လာမယ့် ဆယ်စုနှစ် တစ်ခု နှစ်ခု အတွင်း တွေ့မြင် နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ဒီနေရာမှာ ထောက်ပြစရာ တစ်ခု ရှိတာကတော့ ဒီလို သေးငယ်တဲ့ ဆွဲငင်အား ပြောင်းလဲမှုကို ရှာဖွေ နိုင်သည့်တိုင်အောင် ဒီ ပြောင်းလဲမှုဟာ wormhole ကြောင့် ဖြစ်လာတဲ့ ပြောင်းလဲမှုပါ ဆိုတာကို သက်သေပြနိုင်ဖို့ မလွယ်တာပဲ ဖြစ်ပါတယ်။ ဒီ ပြောင်းလဲမှုဟာ မစ်ကီးဝေးထဲက အခြား ကြယ်တွေ၊ အရာဝတ္ထုတွေ ဆီက ဆွဲအား သက်ရောက်ှု ကြောင့်လဲ ဖြစ်နိုင်ပါ သေးတယ်။ 

ဒါ့ကြောင့် ဆွဲငင်အား ပြောင်းလဲမှုကို ရှာဖွေ နိုင်ခဲ့ပြီဆို ဒီ ပြောင်းလဲမှု ဘာကြောင့် ဖြစ်လာလဲ ဆိုတာ နားလည်နိုင်ဖို့ ဖြစ်နိုင်ခြေတွေ အားလုံးကို ထည့်သွင်း တွက်ချက် အဖြေရှာဖို့ လိုမှာ ဖြစ်ပါတယ်။ အကယ်လို့ အခြား ဖြစ်နိုင်ခြေတွေ အားလုံးကို မဟုတ်ဘူးလို့ သက်သေ ပြနိုင်မှာသာလျှင် ဒါဟာ wormhole ကြောင့်  ဖြစ်နိုင်တယ် ဆိုပြီး ပြောနိုင်မှာ ဖြစ်တယ်လို့ ဒီ စာတမ်း တင်သွင်းတဲ့ ပညာရှင်တွေက ရှင်းပြခဲ့ပါတယ်။

Reference: How could we find a wormhole hiding in the Milky Way? | Astronomy

error: