Skip to content

မစ်ကီးဝေး ဂလက်ဆီတွင်းက ကြယ်သင်္ချိုင်းကြီး

  • Space
center-of-milky-way

ကျွန်တော်တို့ မှီတင်း နေထိုင်တဲ့ မစ်ကီးဝေး ဂလက်ဆီ (Milky Way Galaxy) ကြီးဟာ အခုဆို သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၃.၆ ဘီလီယံ (နှစ် သန်း ၁၃,၆၀၀) ခန့် ရှိပြီလို့ ခန့်မှန်း ကြပါတယ်။ ဒီ ကာလ အတွင်းမှာ သန်းထောင်ပေါင်း များစွာသော ကြယ်တွေဟာ ပြင်းထန်တဲ့ ဆူပါနိုဗာ ပေါက်ကွဲမှု (supernova) တွေ ဖြစ်ပွားပြီး အသက် သေဆုံး ခဲ့ကြရပါတယ်။

ဒါဆို ဒီ ပေါက်ကွဲ ပျက်စီး သွားတဲ့ ကြယ်သေတွေရဲ့ အကြွင်းအကျန် ရုပ်ကြွင်းတွေ၊ တနည်းအားဖြင့် ဒီ သန်းထောင်ပေါင်း များစွာသော ကြယ်သေတွေရဲ့ ရုပ်ကြွင်းတွေ ရှိတဲ့ ကြယ်သင်္ချိုင်း ကြီးဟာ ဘယ်နေရာမှာ ရှိနေမလဲ။ ဘယ်နေရာမှာ ပုန်းအောင်း နေမလဲ။

ဒီမေးခွန်းရဲ့ အဖြေကို သိရဖို့ သိပ္ပံ ပညာရှင် တွေဟာ ကွန်ပြူတာနဲ့ ဖြစ်စဉ်အတု (computer simulation) တစ်ခုကို ပြုလုပ် ဖန်တီးပြီး အဖြေရှာခဲ့ ကြပါတယ်။ သူတို့ရဲ့ တွေ့ရှိမှု ရလဒ်ကို ဩဂုတ်လ ၂၅ ရက်နေ့ထုတ် Monthly Notices of Royal Astronomical Society သုတေသန ဂျာနယ်မှာ တင်ပြခဲ့ ကြပါတယ်။

ဒီ ကွန်ပြူတာ စင်မြူလေးရှင်း အတွက် သိပ္ပံ ပညာရှင် တွေဟာ ပထမဆုံး မစ်ကီးဝေး အစဦး ပိုင်းက ကြယ်တွေရဲ့ တည်နေရာကို ကွန်ပြူတာထဲ ထည့်သွင်း ခဲ့ကြပါတယ်။ ဒီ့နောက်  ဒီ ကြယ်တွေရဲ့ အချိန်နဲ့ အမျှ ဖြစ်ပေါ်လာတဲ့ ဆင့်ကဲ ဖြစ်စဉ် ပြောင်းလဲမှုကို တွက်ချက် ယူခဲ့ ကြပါတယ်။

တနည်းအားဖြင့် ကြယ်တွေရဲ့ မူလ အခြေအနေ ကို အခြေတည်ပြီး နောက် ဘာဆက်ဖြစ်လာသလဲ ဆိုတာကို ကွန်ပြူတာနဲ့ ပုံဖော်ကြည့် ခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒီလို စင်မြူလေးရှင်း လုပ်ကြည့်ပြီး ရရှိလာတဲ့ ကြယ်အကြွင်း အကျန်တွေရဲ့ လက်ရှိ အခြေအနေနဲ့ တည်နေရာကို မြေပုံ ရေးဆွဲခဲ့ ကြပါတယ်။ အထူး သဖြင့် ဒီ ကြယ်သေတွေ ကနေ ဖြစ်ပေါ်လာ ခဲ့တဲ့ black hole တွင်းနက်တွေနဲ့ နျူထရွန် ကြယ် (neutron stars) တွေရဲ့ တည်နေရာကို အဓိက တွက်ချက်ပြီး မြေပုံ ရေးဆွဲခဲ့ ကြတာ ဖြစ်ပါတယ်။

star-map-milky-way
မစ်ကီးဝေး ဂလက်ဆီ အတွင်းမှ ကြယ်များ၏ တည်နေရာပြ မြေပုံ (Image credit: University of Sydney)

ဒီ တွက်ချက်မှု အရ မစ်ကီးဝေးရဲ့ ကြယ်သင်္ချိုင်း ကြီးဟာ လက်ရှိ မစ်ကီးဝေး ဂလက်ဆီရဲ့ အတိုင်းအဆထက်တောင် ပိုမိုပြီး ကျယ်ပြန့် ကြီးမားတယ်လို့ ဆိုပါတယ်။ 

ဒီ သုတေသန အရ မစ်ကီးဝေးရဲ့ ကြယ်သင်္ချိုင်း ကြီးဟာ လက်ရှိ မစ်ကီးဝေး ဂလက်ဆီရဲ့ အမြင့်ထက် ၃ ဆလောက် ပိုမြင့်တယ်လို့ ဆိုပါတယ်။ နောက်ပြီး ကြယ်သေတွေရဲ့ ၃ ပုံ ၁ ပုံလောက်ဟာလဲ​လက်ရှိ ဆူပါနိုဗာ ပေါက်ကွဲမှု အရှိန်အဟုန်ကြောင့် မစ်ကီးဝေးရဲ့ အဝန်းအဝိုင်း ပြင်ပ အာကာသ ဟင်းလင်းပြင် ထဲကို လွင့်မြော ထွက်ခွာ သွားခဲ့ကြတယ်လို့ ဆိုပါတယ်။

“ဆူပါနိုဗာ ကြယ်ပေါက်ကွဲမှု တွေဟာ ညီညီညာညာ ဝန်းဝန်း ဝိုင်းဝိုင်း ပေါက်ကွဲကြတာ မဟုတ်ပါဘူး။ ဒီတော့ ပေါက်ကွဲမှု အားပိုကောင်းတဲ့ တဖက်ဖက် ကနေ တွန်းကန်လိုက်တဲ့ အားကြောင့် ကျန်ရစ်တဲ့ ကြယ်သေ အပိုင်းအစ တွေဟာ တစ်နာရီကို ကီလိုမီတာ သန်းပေါင်းများစွာသော အမြန်နှုန်းနဲ့ လွင့်စင် ထွက်ကုန် ကြပါတယ်။ ဒီလိုနဲ့ ကြယ်သေတွေရဲ့ ၃၀% လောက်ဟာ မစ်ကီးဝေး အပြင်ဖက် အာကာသ ဟင်းလင်းပြင် ထဲအထိ လွင့်စင် ထွက်ကုန်ကျတာ ဖြစ်ပါတယ်” လို့ ဩစတြေးလျ နိုင်ငံ ဆစ်ဒ်နီ တက္ကသိုလ် (University of Sydney) က သုတေသီ ဒေးဗစ် ဆွီနီ (David Sweeney) က ရှင်းပြပါတယ်။

အခု သုတေသနမှာ သုတေသီ တွေဟာ ကြယ်သေပြီး ဖြစ်ပေါ်လာတဲ့ ရုပ်ကြွင်းတွေ အနက်က အရေးပါတဲ့ ရုပ်ကြွင်း နှစ်မျိုးကို အဓိက လေ့လာ ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီ ရုပ်ကြွင်း နှစ်ခုကတော့ ဘလက်ဟိုး တွင်းနက် တွေနဲ့ နျူထရွန် ကြယ်တွေပဲ ဖြစ်ပါတယ်။ 

star-map-dead-stars-milky-way
မစ်ကီးဝေး၏ ကြယ်သေ များ ပြန့်နှံ့ တည်ရှိနေရာ ပြ မြေပုံ (Image credit: University of Sydney)

ဒီ နှစ်မျိုးကို အဓိက လေ့လာရတာ ကလဲ​အကြောင်း ရှိပါတယ်။ ဒီ တွင်းနက် တွေနဲ့ နျူထရွန် ကြယ်တွေဟာ ဒြပ်ထု ကြီးမားတဲ့ ကြယ်တွေ သေပြီး ဖြစ်လာကြတာ ဖြစ်ပြီး သူတို့ရဲ့ ဒြပ်ထုနဲ့ ဆွဲငင်အား ကလဲ​ အခြား ကြယ်သေးလေးတွေ သေပြီး ဖြစ်လာကြတဲ့ ရုပ်ကြွင်းတွေထက် သိသိသာသာ ပိုပြီး ကြီးမားပါတယ်။​တနည်းအားဖြင့် မစ်ကီးဝေး အတွင်းမှာ ဆွဲငင်အား gravity အမြောက်အများကို ဒီ ကြယ်သေရုပ်ကြွင်း တွေကနေ ထုတ်ပေးနေ ကြတာ ဖြစ်ပါတယ်။

ကျွန်တော်တို့ နေထက် ဒြပ်ထု ၈ ဆနဲ့ အထက်ရှိတဲ့ ကြယ်ကြီးတွေ သေဆုံး သွားတဲ့ အခါမှာ နျူထရွန် ကြယ်တွေ ဖြစ်ပေါ် မွေးဖွားလာ ကြပါတယ်။ အကယ်လို့ ဒီ သေဆုံးသွားတဲ့ ကြယ်တွေဟာ နေရဲ့ ဒြပ်ထုထက် ၂၅ ဆ နဲ့ အထက် ပိုကြီးတဲ့ ဧရာမ ကြယ်ကြီးတွေ ဆိုရင်တော့ ဒီကြယ်ကြီးတွေ သေဆုံး သွားကြတဲ့ အခါမှာ black hole တွင်းနက်တွေ အဖြစ် ပြောင်းလဲ မွေးဖွား သွားကြပါတယ်။

နက္ခတ် ပညာရှင် တွေဟာ အခု အချိန် အထိ မစ်ကီးဝေး အတွင်းမှာ တွင်းနက်နဲ့ နျူထရွန် ကြယ် အများအပြားကို ရှာဖွေ တွေ့ရှိ ထားပါတယ်။ ဒါပေမယ့် ကြယ်သေတွေကနေ ဖြစ်လာတဲ့ သန်းထောင်ပေါင်း များစွာသော တွင်းနက် နဲ့ နျူထရွန်ကြယ် အများစု ကိုတော့ အခု အချိန်အထိ ရှာဖွေ တွေ့ရှိခြင်း မရှိ ကြသေးပါဘူး။ 

ဒီ တွင်းနက်တွေနဲ့ နျူထရွန် ကြယ်တွေကို ရှာဖွေဖို့ ဆိုတာ လက်တွေ့မှာ သိပ်မလွယ် လှပါဘူး။ ပထမ အကြောင်းရင်းက လွန်ခဲ့တဲ့ နှစ်သန်း ၁၃,၀၀၀ ကျော် အတွင်းမှာ မစ်ကီးဝေးရဲ့ ပုံသဏ္ဍာန်ဟာ မမှတ်မိနိုင် လောက်အောင် ပြောင်းလဲ သွားခဲ့ပါတယ်။ တနည်းအားဖြင့် ဒီ ကြယ်သေ သင်္ချိုင်းဟာ သူ့ချည်း သီးသန့် ရှိမနေ တော့ပဲ လက်ရှိ ရှင်သန်နေဆဲ ကြယ်တွေ ကြားထဲမှာ ထွေးရော သွားပါတယ်။  

Black Hole တစ်ခုကို ရိုက်ထားတဲ့ ဓါတ်ပုံ
ကြယ်ကြီးတွေ သေဆုံး သွားတဲ့ အခါ Black Hole တွေ ဖြစ်လာ ကြပါတယ် (Credit: EHT Collaboration)

ဒုတိယ အကြောင်းရင်းက ဆူပါနိုဗာ ပေါက်ကွဲမှုကြောင့် သေဆုံးသွားတဲ့ ကြယ်သေတွေဟာ သူ့မူရင်း နေရာကနေ အလွန် ဝေးကွာတဲ့ နေရာ တွေကို လွင့်မြော ရောက်ရှိ သွားကြလို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ ကြယ်သေကနေ ဖြစ်လာတဲ့ တွင်းနက် (သို့) နျူထရွန် ကြယ် တွေဟာ ဂလက်ဆီရဲ့ အနားစွန်း (သို့) အပြင်ဖက် အာကာသ ဟင်းလင်းပြင် ထဲကို လွင့်မြော သွားတာမျိုး ဖြစ်ကောင်း ဖြစ်နေ နိုင်ပါတယ်။

သုတေသီ တွေဟာ အခု စင်မြူလေးရှင်း ပြုလုပ်ရာမှာ ဒီ အချက် တွေကိုပါ ထည့်သွင်း စဉ်းစားပြီး တွက်ချက် ခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ပြီး မစ်ကီးဝေး ဂလက်ဆီရဲ့ ပုံသဏ္ဍာန် ပြောင်းလဲမှု ကိုလဲ ထည့်သွင်းပြီး တွက်ချက်ခဲ့ ကြပါတယ်။

ရရှိလာတဲ့ ကြယ်သေ မြေပုံ အရ ကြယ်သေ အများစု ကတော့ မစ်ကီးဝေး ဗဟိုချက်ကို ဗဟိုပြုပြီး ဘောလုံး ပုံသဏ္ဍာန် ဝိုင်းရံ နေကြတာကို တွေ့ရှိခဲ့ ကြပါတယ်။ ဒါကလဲ မစ်ကီးဝေး ဗဟိုမှာ ရှိတဲ့ ဧရာမ မဟာ တွင်းနက်ကြီး (Supermassive black hole) ကြီးရဲ့ ပြင်းထန်တဲ့ ဆွဲငင်အား ကြောင့်လဲ ဖြစ်နိုင်ပါတယ်။

ကျန်ရစ်တဲ ကြယ်သေ အကြွင်းအကျန် တွေကတော့ အာကာသ ဟင်းလင်းပြင် ထဲကို အရပ်မျက်နှာ အနှံ့ လွင့်စင် ပြန့်ကျဲ ထွက်နေတာကို တွေ့ကြရ ပါတယ်။

အမ်စတာဒမ် တက္ကသိုလ်က ပညာရှင် တွေရဲ့ တွက်ချက်မှု အရ မြင်းခွာပုံ သံလိုက် ဝင်ရိုးကို တောင်ဝင်ရိုးစွန်းမှာ တွေ့ရှိ ရပါတယ်
အရွယ် သိပ်မကြီးတဲ့ ကြယ်တွေကတော့ သေဆုံးပြီးနောက် နျူထရွန် ကြယ်တွေ အဖြစ် အသွင် ပြောင်းသွား ကြပါတယ် (Credit: NASA)

ဒီ ကြယ်သေတွေရဲ့ ပြန့်နှံ့ပုံဟာ လက်ရှိ ရှင်သန်နေဆဲ ကြယ်တွေရဲ့ ပြန့်နှံ့နေ ပုံနဲ့ သိသိသာသာ ကွာခြား နေပါတယ်။ 

အခု သုတေသန အရတော့ ဒီ ကြယ်သင်္ချိုင်း အတွင်းက ကြယ်သေတွေရဲ့ ဒြပ်ထု ပမာဏဟာ မစ်ကီးဝေး တခုလုံးရဲ့ ဒြပ်ထု ပမာဏရဲ့ ၁% လောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီ ကြယ်သေ ရုပ်ကြွင်းတွေဟာ ကျွန်တော်တို့ အနီးအနားမှာ အမြဲတမ်း ရှိနေတယ်လို့ ဆိုပါတယ်။ ဥပမာ ကမ္ဘာနဲ့ အနီးဆုံး ကြယ်သေဟာ အလင်းနှစ် ၆၅ ပဲ ကွာဝေးပါတယ်။ စကြာဝဠာ အတိုင်းအတာ နဲ့ဆိုရင်တော့ ဒါဟာ အတော်နီးတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

အခု ကြယ်သင်္ချိုင်း မြေပုံဟာ black hole တွင်းနက်နဲ့  နျူထရွန် ကြယ်တွေ ရှာဖွေနေ ကြတဲ့ သုတေသီ တွေအတွက် အတော် အရေးပါတဲ့ ရလဒ် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ မြေပုံကနေ တွင်းနက်နဲ့ နျူထရွန် ကြယ်တွေကို ဘယ်နေရာ တွေမှာ ရှာဖွေ ရမလဲ ဆိုတာ ဆုံးဖြတ်ဖို့ အထောက်အကူ ပြုလိမ့်မယ်လို့ ပညာရှင် တွေက မျှော်လင့် ကြပါတယ်။

Ref: A ‘galactic underworld’ of ancient, blown-up stars lurks just beneath the Milky Way’s surface | Live Science

error: