Skip to content

Black Hole တွေဟာ အမှောင်ဒြပ် Dark Matter လား

  • Space
စကြာဝဠာ အစဦးက black hole တွေဟာ အခုထိ ရှာမတွေ့ သေးတဲ့ dark matter တွေ ဖြစ်တယ်လို့ အချို့ ပညာရှင်များက ဆိုပါတယ်

စကြာဝဠာထဲကမမြင်ရတဲ့အမှောင်ဒြပ် Dark Matter တွေဟာတကယ်တော့စကြာဝဠာအစဦးကမွေးဖွားလာခဲ့တဲ့အစဦးပိုင်းတွင်းနက် (Primordial Black Holes) တွေဖြစ်တယ်လို့သုတေသီအချို့ကတင်ပြလာပါတယ်။ဒါဟာအစဉ်အလာယူဆချက်နဲ့မတူညီတဲ့တင်ပြချက်တစ်ခုဖြစ်ပါတယ်။

စကြာဝဠာရဲ့ အစဦးနဲ့ ပါတ်သက်လို့ လေ့လာနေကြတဲ့ သိပ္ပံ ပညာရှင် တစ်စုက စကြာဝဠာရဲ့ အစပိုင်းမှာ အရွယ်အစား မျိုးစုံတဲ့ black hole တွင်းနက်ပေါင်း မြောက်များစွာ ဖန်တီး ဖြစ်ပေါ် လာခဲ့တယ်လို့ ဆိုပါတယ်။ ဒီ အစဦး တွင်းနက် (primordial black holes) တွေဟာ ပင်အပ်ခေါင်းထိပ်လောက် အရွယ်ကနေ မဟာ ဧရာမ တွင်းနက်ကြီး တွေအထိ အရွယ်အစား အမျိုးမျိုး ရှိကြတယ်လို့ ဆိုပါတယ်။ ဒီ အစဦး တွင်းနက်တွေဟာ ဂလက်ဆီတွေထဲမှာ ရှာမတွေ့ပဲ ပျောက်ဆုံးနေတဲ့ အမှောင်ဒြပ် (Dark Matter) တွေ ဖြစ်တယ်လို့ သူတို့က အဆိုပြုလိုက်ပါတယ်။

စကြာဝဠာ အစဦးမှာ တွင်းနက်တွေ အမြောက်အများ မွေးဖွားလာ ခဲ့တယ် ဆိုတဲ့ အယူအဆက အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ဒီ အယူအဆကို ပထမဆုံး စတင် အဆိုပြုခဲ့ သူက နာမည်ကျော် ရူပဗေဒ ပညာရှင် တစ်ဦးဖြစ်တဲ့ စတီဗင် ဟော့ကင်း (Stephen Hawking) ပဲ ဖြစ်ပါတယ်။ 

စကြာဝဠာ အစဦးမှာ black hole တွေ ဖြစ်လာခဲ့တယ်လို့ စတီဗင် ဟော့ကင်းက ပထမဆုံး အဆိုပြုခဲ့ပါတယ်
စကြာဝဠာ အစဦးမှာ black hole တွေ ဖြစ်လာခဲ့တယ်လို့ စတီဗင် ဟော့ကင်းက ပထမဆုံး အဆိုပြုခဲ့ပါတယ် (Photo: Wikipedia)

ဆက်စပ်ဆောင်းပါး – Black Hole ဆိုတာဘာလဲ

အခု အဆိုပြုချက်ကို တင်ပြလာသူ တွေဟာ အမေရိကန် ပြည်ထောင်စု မိုင်ယာမီ တက္ကသိုလ် (University of Miami)၊ ယေးလ် တက္ကသိုလ် (Yale University) နဲ့ ဥရောပ အာကာသ အေဂျင်စီ (European Space Agency) က သုတေသီတွေ ဖြစ်ကြပါတယ်။ သူတို့ရဲ့ အယူအဆ အရ အခုထက်ထိ ရှာဖွေလို့ မတွေ့ရှိ သေးတဲ့ dark matter အမှောင်ဒြပ်ဟာ တကယ်တော့ သီးသန့် ဒြပ်အမျိုးအစား အသစ် မဟုတ်ပဲ စကြာဝဠာ အစပိုင်း ကတဲက ဖြစ်တည်လာခဲ့တဲ့ မြောက်များလှ စွာသော အစဦး တွင်းနက်တွေ ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

Dark Matter အမှောင်ဒြပ်ဆိုတာဘာလဲ

ဒီ အဆိုကို နားလည်ဖို့ဆို Dark Matter ဆိုတဲ့ အယူအဆ ဘယ်လို ဖြစ်လာလဲ ဆိုတာ အရင် ရှင်းပြမှ ရပါလိမ့်မယ်။ (အသေးစိတ် ဆောင်းပါးတစ်စောင် သပ်သပ် ထပ်ရေး ပေးပါမယ်။)

ကမ္ဘာကနေ လှမ်းမြင်ရတဲ့ ဂလက်ဆီ တွေရဲ့ လည်ပတ်နှုန်းကို လေ့လာခဲ့ကြတဲ့ နက္ခတ် ပညာရှင် တွေဟာ ထင်မှတ်မထားတဲ့ ထူးဆန်းမှု တစ်ခုကို တွေ့ကြရပါတယ်။ ထုံးစံက ဂလက်ဆီရဲ့ ဗဟို နားကနေ ဂလက်ဆီရဲ့ အစွန်းနား ရောက်လာလေလေ ကြယ်တွေရဲ့ ဂလက်ဆီ ဗဟိုကို ဗဟိုပြုပြီး ပတ်တဲ့နှုန်း နှေးလာလေလေ ဖြစ်ရပါမယ်။ (အောက် ဂရမ်မှာ A လိုင်းပြတ်နဲ့ ပြထား ပါတယ်)

ဒါပေမယ့် တကယ်တမ်း လေ့လာလိုက်တော့ ထင်ထားသလို ဖြစ်မလာ ခဲ့ပါဘူး။ ကြယ်တွေရဲ့ လည်ပတ်နှုန်း နှေးသွားရမယ့် အစား နှေးမသွားပဲ အရှိန်မသေတာကို တွေ့ကြရပါတယ်။ (လိုင်း B)။ ဒီလို ဖြစ်ရတာဟာ ဒီ ကြယ်တွေကို ဆွဲထားတဲ့ ဆွဲငင်အား ရှိနေလို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဂလက်ဆီ ထဲက ကြယ်တွေနဲ့ ဓါတ်ငွေ့တွေ အကုန် ပေါင်းလိုက်ရင်တောင် ဒီ ဆွဲငင်အားကို မပေးနိုင် ပါဘူး။

မစ်ကီးဝေး ဂလက်ဆီ အတွင်း ကြယ်များ လှည့်ပတ်သော အမြန်နှုန်းပြ ဂရပ်
မစ်ကီးဝေး ဂလက်ဆီ အတွင်း ကြယ်များ လှည့်ပတ်သော အမြန်နှုန်းပြ ဂရပ်။ လိုင်း A မှာ ခန့်မှန်း အမြန်နှုန်း ဖြစ်ပြီး လိုင်း B မှာ တိုင်းထွာ ရရှိသော အမြန်နှုန်း ဖြစ်ပါတယ်။ (Credit: Wikipedia)

ဒီတော့ သိပ္ပံ ပညာရှင် တွေဟာ ဒီ ပျောက်ဆုံးနေတဲ့ (တနည်း) ရှာမတွေ့တဲ့ ဆွဲငင်အားဟာ မမြင်ရတဲ့  ဒြပ်အမျိုးအစား တစ်မျိုးကနေ လာတယ်လို့ သီအိုရီထုတ် မှန်းဆ ကြပါတယ်။ ဒီ မမြင်ရတဲ့ ပျောက်နေတဲ့ ဒြပ်ကို အမှောင်ဒြပ် (Dark Matter) လို့ အမည်ပေးလိုက်ပါတယ်။

အခုထိ ဒီ အမှောင်ဒြပ်ကို ရှာမတွေ့ သေးပါဘူး။ ဒါပေမယ့် အမှောင်ဒြပ် ရှိမှန်းကိုတော့ ကြယ်တွေနဲ့ ဓါတ်ငွေ့ တိမ်တိုက်တွေ အပေါ်မှာ သက်ရောက်နေတဲ့ ဆွဲငင်အား ကိုကြည့်ပြီး တွက်ချက် ကြည့်နိုင်ပါတယ်။

ရူပဗေဒ နိယာမ အရ ဂလက်ဆီရဲ့ ဗဟိုနားမှာ ကြယ်တွေရဲ့ အလျင် မြန်ပြီး အနားစွန်းနားရောက်ရင် နှေးသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အနားစွန်းက ကြယ်တွေရဲ့ အမြန်နှုန်း နှေးမသွားတာ တွေ့ရပါတယ်။
ရူပဗေဒ နိယာမ အရ ဂလက်ဆီရဲ့ ဗဟိုနားမှာ ကြယ်တွေရဲ့ အလျင် မြန်ပြီး အနားစွန်းနားရောက်ရင် နှေးသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အနားစွန်းက ကြယ်တွေရဲ့ အမြန်နှုန်း နှေးမသွားတာ တွေ့ရပါတယ်။ (Image credit: ESA/Hubble & NASA, A. Riess et al.; Acknowledgment: M. Zamani)

Black Hole တွေဟာ Dark Matter လား

အခု အဆိုပြုတဲ့ အယူအဆ အရဆို အမှောင်ဒြပ် dark matter ဆိုတာ မရှိဘူးလို့ ဆိုပါတယ်။ ဒီအစား စကြာဝဠာ အစကတဲက ဖြစ်ထွန်းလာခဲ့တဲ့ အရွယ်အစား အမျိုးမျိုး ရှိတဲ့ တွင်းနက်တွေဟာ စကြာဝဠာ အနှံ့မှာ ပြန့်နှံ့နေပြီး ပျောက်ဆုံးနေတဲ့ ဆွဲငင်အား တွေကို ပေးနေတယ်လို့ ဆိုပါတယ်။ 

အခု အဆိုပြုတဲ့ ပညာရှင်တွေရဲ့ အဆိုအရ အရင်လက လွှတ်တင်ခဲ့တဲ့ ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ်ကြီးနဲ့ စကြာဝဠာ ကနဦးပိုင်းကို လေ့လာပြီး သူတို့ရဲ့ အဆိုပြုချက် မှန်မမှန် ဆိုတာကို အဆုံးအဖြတ် ပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ အကယ်လို့သာ ဒီ သီအိုရီ မှန်ကန်ကြောင်းကို သက်သေ ပြနိုင်ရင် စကြာဝဠာနဲ့ ပါတ်သက်တဲ့ မဖြေရှင်းနိုင်တဲ့ ပဟေဠိ နှစ်ခုကို တစ်ခါထဲ ရှင်းပြီးသား ဖြစ်သွားမှာ ဖြစ်ပါတယ်။

Milky Way Galaxy ကြီးရဲ့ အလယ်ဗဟိုမှာ ဧရာမ တွင်းနက်ကြီးတစ်ခု ရှိနေပါတယ်
Milky Way Galaxy ကြီးရဲ့ အလယ်ဗဟိုမှာ ဧရာမ တွင်းနက်ကြီးတစ်ခု ရှိနေပါတယ် (Photo: NASA)

ဒီ ပဟေဠိ နှစ်ခု အနက်က တစ်ခုကတော့ အပေါ်က တင်ပြခဲ့တဲ့ အမှောင်ဒြပ် ပြဿနာပဲ ဖြစ်ပါတယ်။ နောက် ပြဿနာ ကတော့ ဂလက်ဆီ ကြီး တွေရဲ့ အလယ် ဗဟိုမှာ ရှိတဲ့ မဟာ ဧရာမ တွင်းနက်ကြီးတွေ ဘယ်လို ဖြစ်လာသလဲ ဆိုတဲ့ ပဟေဠိပဲ ဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါး – မစ်ကီးဝေးဂလက်ဆီရဲ့ဗဟိုမှာဘာရှိလဲ

အခု သုတေသနက စကြာဝဠာရဲ့ အစဦးမှာ ရှိနေနိုင်တဲ့ အခြေအနေ တွေကို တွက်ချက် ကြည့်ထားတာ ဖြစ်ပါတယ်။ သူတို့ရဲ့ တွက်ချက်မှု အရ ၁၉၇၀ ဝန်းကျင်က စတီဗင် ဟော့ကင်း အကြံပြုခဲ့ သလိုမျိုး Big Bang မဟာ ပေါက်ကွဲမှုကြီး အတွင်းမှာ black hole တွင်းနက်တွေ ဖြစ်လာ ခဲ့တာကို တွေ့ကြရ ပါတယ်။

သူတို့ရဲ့ တွက်ချက်မှု အတိုင်းသာ မှန်ကန်မယ် ဆိုရင် အာကာသ ရူပဗေဒ နဲ့ ပါတ်သက်ပြီး အရေးပါတဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။ ပထမဆုံး အချက်ကတော့ သိပ္ပံ ပညာရှင်တွေ အသဲအသန် ရှာနေတဲ့ ဘာမှန်း မသိတဲ့ အမှောင်ဒြပ် (Dark Matter) ဆိုတာလဲ ရှာစရာ လိုတော့မှာ မဟုတ်ပါဘူး။ စကြာဝဠာထဲက ပျောက်ဆုံးနေတဲ့ ဒြပ်ထုတွေဟာ အစဦး တွင်းနက်တွေထဲ ရောက်နေတာ ဖြစ်တဲ့ အတွက် ရှာမတွေ့တဲ့ အမှောင်ဒြပ် ကိုလဲ​တီထွင် ဖန်တီး စရာ လိုတော့မှာ မဟုတ်လို့ပါ။

နောက်တခုကတော့ ဂလက်ဆီ တွေရဲ့ အလယ် ဗဟိုက မဟာ တွင်းနက်ကြီးတွေ ဘယ်လို ဖြစ်လာလဲ ဆိုတဲ့ ပဟေဠိလဲ အဖြေရှိသွားမှာ ဖြစ်ပါတယ်။ ဒီ တွင်းနက်ကြီးတွေ ဘယ်လိုကြောင့် ဒီလောက် အချိန် တိုတို အတွင်းမှာ ဒီလောက် ကြီးလာလဲ ဆိုတာကို အခုထိ သိပ္ပံ ပညာရှင်တွေ ဖြေရှင်းနိုင်စွမ်း မရှိကြ သေးပါဘူး။ ဒီတွင်းနက်ကြီးတွေ ဘယ်လို ဖြစ်လာလဲ ဆိုတာလဲ အဖြေရှာ မရကြ သေးပါဘူး။ စကြာဝဠာရဲ့ သက်တမ်းနဲ့ နှိုင်းယှဉ်ရင် ဒီလောက်ကြီးတဲ့ တွင်းနက်ကြီးတွေ ဖြစ်လာနိုင်ဖို့ အချိန် မလုံလောက် ပါဘူး။

ဒီ သုတေသန တွက်ချက်မှုကို မူလက စတီဗင် ဟော့ကင်းနဲ့ ဘားနတ် ကား (Bernard Carr) တို့ ၁၉၇၀ ပြည့်နှစ်တွေက အဆိုပြုခဲ့တဲ့ သီအိုရီကို အခြေခံပြီး တွက်ချက်ခဲ့ကြတာ ဖြစ်ပါတယ်။ စတီဗင် ဟော့ကင်းက မဟာ ပေါက်ကွဲမှု Big Bang ဖြစ်ပြီးစ ပထမ ၁ စက္ကန့် အတွင်းမှာ အာကာသ ဟင်းလင်းပြင် ကြီးအတွင်းမှာ သိပ်သည်းဆ မတူတဲ့ နေရာတွေ ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။ ဒီလို သိပ်သည်းဆ ပိုများတဲ့ နေရာတွေက ဒြပ်ထုတွေဟာ အချင်းချင်း ပူးကပ်သွားပြီး ဆွဲငင်အားကြောင့် တွင်းနက်တွေ အဖြစ် ကူးပြောင်းသွားတယ်လို့ အဆိုပြုခဲ့ပါတယ်။

အဲ့သည် အဆို ပြုခဲ့ စဉ်က သိပ္ပံ ပညာရှင် အများစုက ဒီ အဆိုပြုချက်ကို လက်မခံ ခဲ့ကြပါဘူး။ ဒါပေမယ့် အခု တွက်ချက်မှုမှာတော့ ဒီ မူလ အဆိုပြုချက်ကို အနည်းငယ် ပြုပြင်ပြီး ပြန်လည် တွက်ချက် ကြည့်ခဲ့တာ ဖြစ်ပါတယ်။ 

အခု တွက်ချက်မှု အရ စကြာဝဠာ အစဦးက ပေါ်လာတဲ့ တွင်းနက်တွေရဲ့ ဝန်းကျင်မှာ ကြယ်တွေနဲ့ ဂလက်ဆီ တွေ ဖြစ်ထွန်းလာတယ်လို့ ဆိုပါတယ်။ နောက်ပြီး ဒီ အစဦး တွင်းနက်တွေဟာ အချင်းချင်း ပေါင်းစပ်သွား ခြင်းဖြင့် သော်လည်းကောင်း၊ ပတ်ဝန်းကျင်က ဓါတ်ငွေ့တွေကို ဝါးမြိုခြင်းဖြင့် သော်လည်းကောင်း မဟာ ဧရာမ တွင်းနက်ကြီးတွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။

အစောဦး တွင်းနက်တွေ နဲ့ ပတ်သက်တဲ့ အဆိုပြုချက်ဟာ ယခု သုတေသန စာတမ်း တစ်စောင်ထဲတော့ မဟုတ်ပါဘူး။ အမှောင်ဒြပ် ကို ဆယ်စုနှစ် တစ်ခုကျော် ကြာအောင် ရှာဖွေခဲ့ ပေမယ့် မတွေ့ရှိတာကြောင့် ဒီ primordial black holes တွေ အပေါ် နက္ခတ် သိပ္ပံ ပညာရှင်တွေ ဒီနှစ်ပိုင်း အတွင်း ပြန်လည် စိတ်ဝင်စားလာကြတာ ဖြစ်ပါတယ်။ ဒီ နှစ်ပိုင်း အတွင်းမှာ အခု သုတေသန စာတမ်းနဲ့ အတူ အခြား သုတေသန စာတမ်းတွေလဲ အများအပြား ထွက်ပေါ်လို့ လာနေပါတယ်။ဒီ စာတမ်းတွေနဲ့ အတူ Dark Matter ပညာရှင် အုပ်စုနဲ့ Primordial black hole ပညာရှင် အုပ်စုတွေကြားက ငြင်းခုန်ပွဲဟာလဲ အသံ ကျယ်လောင်စ ပြုလို့ လာနေပါတယ်။

James Webb Space Telescope (Photo: NASA)
James Webb Space Telescope (Photo: NASA)

အခု အဆိုပြုချက်ကို မှန်တယ် မမှန်ဘူး ဆိုတာ သက်သေပြနိုင်ဖို့ သိပ်တော့ စောင့်ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ လက လွှတ်တင်ခဲ့တဲ့ James Webb တယ်လီစကုပ် ကြီးမှာ တပ်ဆင်ထားတဲ့  ကိရိယာ တွေနဲ့ စကြာဝဠာ ရဲ့ အစောပိုင်း ကာလကို ကြည့်ရှုနိုင်မှာ ဖြစ်လို့ပါ။ 

အခု အဆိုပြုချက်အရ အကယ်လို့သာ Dark Matter ဟာ အစဦး တွင်းနက် (Primordial Black holes) တွေ ဖြစ်မယ် ဆိုရင် ဒီ တွင်းနက်တွေရဲ့ ဝန်းကျင်မှာ ကြယ်တွေ ဂလက်ဆီ တွေ အများအပြား တွေ့မြင်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ပြီး စကြာဝဠာ အဦးပိုင်းက တွင်းနက်တွေ အချင်းချင်း ပေါင်းမိရာက ထွက်လာတဲ့ ဆွဲငင်အားလှိုင်းတွေကိုလဲ ဖမ်းယူနိုင်မှာ ဖြစ်ပါတယ်။

အခု အဆိုပြုချက် မှန်မမှန် ဆိုတာ မကြာမီ ဂျိမ်စ်ဝက်ဘ် တယ်လီစကုပ်ကြီးက ပေးပို့တဲ့ ပုံရိပ်တွေက အဆုံးအဖြတ် ပေးနိုင်မှာမို့ သိပ်မကြာမီ နှစ်အနည်းငယ် အတွင်း အဖြေပေါ်မှာ ဖြစ်ကြောင်းပါ။

— မောင်သူရ —

Reference: Are Black Holes and Dark Matter the Same? Astrophysicists Upend Textbook Explanations | Science Tech Daily

error: