Skip to content

ကလေးတွေ ဘဝအောင်မြင်ရေးအတွက် Marshmallow Experiment ကပေးတဲ့ မိဘတွေအတွက် သင်ခန်းစာ

ကလေးတွေ ဘဝအောင်မြင်ရေးအတွက် Marshmallow Experiment ကပေးတဲ့ မိဘတွေအတွက် သင်ခန်းစာ (Credit: Jill111 | Pixabay)

၁၉၆၀ ခုနှစ်မှာ အမေရိကန်နိုင်ငံ စတင်းဖို့ တက္ကသိုလ်က စိတ်ပညာပါမေက္ခ ဝေါ်လ်တာမစ်ချဲ (Walter Mischel) ဟာ ကလေးတွေရဲ့ စိတ်နေစိတ်ထားနဲ့ ပါတ်သက်တဲ့ စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကတော့ ဒီစမ်းသပ်မှုကို ဘယ်သူမှ အရေးတယူ မရှိကြပါဘူး။ ဒါပေမယ့် နောက်နှစ် ၄၀ လောက်အကြာမှာတော့ ဒီစမ်းသပ်မှုရဲ့ ရလာဒ်တွေဟာ ကလေးစိတ်ပညာရှင်တွေ အကြားမှာ ရိုက်ခတ်လို့သွားပါတော့တယ်။

Marshmallow Experiment ဆိုတာဘာလဲ

ဒီစမ်းသပ်မှုက တကယ့်ကို ရိုးရိုးလေးပါ။ အခန်းတစ်ခန်းထဲမှာ စားပွဲတစ်လုံးနဲ့ ကုလားထိုင် တစ်လုံးရှိတယ်။ စားပွဲပေါ်မှာ ပန်းကန်တစ်ချပ်နဲ့ marshmallow တစ်ခုထည့်ထားတယ်။ Marshmallow ဆိုတာ အနောက်တိုင်းက ကလေးတိုင်းကြိုက်တဲ့ အချိုမုန့် တစ်မျိုးပါ။ (အောက်ကပုံမှာ ကြည့်ပါ)။

စမ်းသပ်မှုမှာ ပါဝင်တဲ့ ကလေးကို သုတေသန ပညာရှင်က အခန်းထဲ ခေါ်လာတယ်။ ပြီးတော့ ကလေးကို ပြောပြတယ်။ ကလေးကို အခန်းထဲမှာ တစ်ယောက်ထဲ ထားခဲ့မယ်။ တစ်ယောက်ထဲ ကျန်တဲ့ အချိန်မှာ ဒီစားပွဲပေါ်က မုန့်ကို စားနိုင်တယ်။ ဒါပေမယ့် သုတေသန ပညာရှင် ပြန်လာတဲ့ အချိန်အထိ ကလေးက မုန့်ကို မစားသေးပဲ စောင့်နေနိုင်မယ်ဆိုရင် ကလေးကို နောက်ထပ် မုန်တစ်ခု ထပ်ပေးမယ်။ ကလေးက မုန့်ကိုစားလိုက်ပြီးပြီ ဆိုရင်တော့ နောက်မုန့်တစ်ခု မရတော့ဘူး။ ပြီးတော့ သုတေသန ပညာရှင်က ကလေးကို အခန်းထဲမှာ ထားခဲ့ပြီး ၁၅ မိနစ်နေတော့ ပြန်လာကြည့်တယ်။ မုန့်မစားရသေးရင် ကလေးကို ကတိအတိုင်း နောက်မုန့်တစ်ခု ထပ်ပေးတယ်။

ကလေးတွေ အခန်းထဲမှာ တစ်ယောက်ထဲ ရှိချိန်မှာ ရုပ်ရှင်ရိုက်ထားပါတယ် (အဲဒီတုန်းက ဗီဒီယို မပေါ်သေးဘူးလေ)။ တချို့ကလေးတွေက တစ်ယောက်ထဲ ရှိတာနဲ့ မုန့်ကို ကောက်စားတော့တာပဲ။ တချို့ကလေးတွေက မိနစ်အနည်းငယ် တောင့်ခံနိုင်ပေမယ့် နောက်ဆုံးတော့ တောင့်မခံ နိုင်တော့ပဲ မုန့်ကို စားမိပါတယ်။ ကလေးအချို့ကသာ ၁၅ မိနစ်ပြည့်အောင် မုန့်ကို မစားပဲ တောင့်ခံနိုင် ကြပါတယ်။

စမ်းသပ်မှုက ဒါပါပဲ။ ဒါဆို ဘာ့ကြောင့် ဒီစမ်းသပ်မှုရဲ့ ရလာဒ်က ကလေးစိတ်ပညာရှင်တွေ အကြားမှာ ရိုက်ခတ်သွားရတာလဲ။ ဒီစမ်းသပ်မှုရဲ့ တကဲ့အဖြေက နောက် နှစ် ၄၀ အကြာမှာမှ ထွက်ပေါ်လာလို့ပါ။

စိတ်အလို ဆန္ဒနောက် မလိုက်ခြင်းရဲ့ အကျိုးရလဒ်

ပညာရှင်တွေဟာ စမ်းသပ်မှုပြီးတော့ ဒီရလဒ်တွေကို မေ့ပစ်လိုက်တာ မဟုတ်ပါဘူး။ ဒီစမ်းသပ်မှုမှာ ပါဝင်တဲ့ ကလေးတွေရဲ့ ဘဝအောင်မြင်မှုတွေကို နှစ် ၄၀ ကြာအောင် လိုက်ပါစောင့်ကြည့် ခဲ့ကြတာပါ။ ဒီနှစ် ၄၀ ကြာစောင့်ကြည့်မှုရဲ့ ရလဒ်က ကလေး စိတ်ပညာရှင်တွေကို တအံ့တဩ ဖြစ်သွားစေပါတယ်။

မုန့်မစားပဲ တောင့်ခံနိုင်တဲ့ ကလေးတွေ၊ တနည်းအားဖြင့် စိတ်အလိုဆန္ဒနောက် မလိုက်တဲ့ ကလေးတွေဟာ မုန့်ကောက်စားတဲ့ ကလေးတွေ (စိတ်အလိုဆန္ဒနောက် လိုက်တဲ့ ကလေးတွေ) နဲ့ယှဉ်ရင် ဘဝမှာ အစစ အရာရာ အောင်မြင်မှု ပိုရကြတာကို တွေ့ကြရပါတယ်။ လူငယ် ဘဝမှာဆိုရင် အထက်တန်းစာမေးပွဲတွေမှာ အမှတ်ကောင်ကောင်း ရကြသလို၊ မူးယစ်ဆေးသုံစွဲတာလဲ ပိုမိုလျော့နည်းပါတယ်။ လူမှုဆက်ဆံရေးလဲ ပိုမိုကောင်းမွန်ကြပြီး ကျန်းမာရေးလဲ ပိုမိုကောင်းမွန်တာ တွေ့ကြရပါတယ်။ အသက်ကြီးလာတဲ့ အခါမှာ ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်ကောင်းတွေ ရရှိကြပြီး ဝင်ငွေလဲ ပိုမိုကောင်းမွန် ကြပါတယ်။ စိတ်အလိုဆန္ဒကို ထိန်းချုပ်နိုင်တဲ့ ကလေးတွေဟာ စိတ်အလိုနောက်လိုက်တဲ့ ကလေးတွေထက် အစစ အောင်မြင်မှု ပိုရကြတာကို တွေ့ရှိခဲ့ ကြပါတယ်။

ဒီသုတေသနက ကလေးစိတ်ပညာရှင်တွေကို ဘာသင်ခန်းစာ ပေးသလဲဆိုတော့ “ကလေးတွေမှာ စိတ်အလို ဆန္ဒနောက် မလိုက်ပဲ ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ဟာ ဒီကလေးကို အောက်မြင်မှုရအောင် ဖန်တီးပေးနိုင်တယ်” ဆိုတာပါပဲ။

ကလေးတွေမှာ စိတ်အလိုဆန္ဒကို ထိန်းချုပ်နိုင်စွမ်းဟာ မွေးရာပါလား

ဒီသုတေသနရဲ့ ရလဒ်ထွက်ပေါ်လာ အပြီးမှာတော့ ကလေးစိတ်ပညာရှင်တွေ အကြားမှာ မေးခွန်းတစ်ခု ထွက်ပေါ်လာပါတယ်။ ဒါကတော့ “ကလေးတွေမှာ စိတ်အလိုဆန္ဒကို ထိန်းချုပ်နိုင်စွမ်းဟာ မွေးရာပါလား၊ သင်ပေးလို့ ရနိုင်မလား” ဆိုတာပါပဲ။ ဒါဟာ ကလေးစိတ်ကျန်းမာရေး၊ စိတ်ဓါတ်ဖွံ့ဖြိုးရေး အတွက် အလွန်အရေးကြီးတဲ့ မေးခွန်းပါ။ ဘာလို့လဲ ဆိုတော့ ဒီစွမ်းရည်က မွေးရာပါဆိုရင် ကလေးရဲ့ ဘဝအောင်မြင်ရေးဟာ သူမွေးကတဲက သတ်မှတ်ပေးလိုက်ပြီးသား ဖြစ်နေလို့ပါ။ အကယ်လို့ လေ့ကျင့်သင်ကြားပေးလို့ ရနိုင်တယ် ဆိုရင်တော့ ကလေးတွေ ဘဝအောင်မြင်ရေးအတွက် လိုအပ်တဲ့ စိတ်နေစိတ်ထားကို လေ့ကျင့်သင်ကြားပေးလို့ ရနိုင်တဲ့ အတွက်ပါ။

ဒီမေးခွန်းကို ဖြေကြားနိုင်ဖို့ ရိုချက်စတာ တက္ကသိုလ်က ပညာရှင်တွေဟာ ဒီ Marshmallow Experiment ကို ထပ်ပြီး စမ်းသပ်ခဲ့ ကြပါတယ်။ ဒါပေမယ့် ဒီစမ်းသပ်မှုက မူရင်းစမ်းသပ်မှုနဲ့ နဲနဲ ကွဲပါတယ်။​ ဘယ်လိုကွဲလဲဆိုတော့ ဒီစမ်းသပ်မှုမှာ ကလေးကို မုန့်တစ်ခုနဲ့ အခန်းထဲမှာ တစ်ယောက်ထဲ မထားခဲ့မီ အခြားအခန်းတစ်ခုထဲကို အရင် ခေါ်သွားပါတယ်။ ဒီအခန်းထဲမှာ တော့ ပညာရှင်က ကလေးကို ရောင်စုံခဲတံလေးတွေ ပေးပါတယ်။ ပြီးတော့ ခနနေရင် နောင်ထပ်ရောင်စုံခဲတံ တစ်ဘူး ထပ်ပေးမယ်လို့ ကတိပေးပါတယ်။ အချို့ကလေးတွေကိုတော့ ကတိအတိုင်း ရောင်စုံခဲတံ ထပ်ပေးပြီး အချို့ကလေးတွေကိုတော့ ကတိကို ဖျက်ပြီး ရောင်စုံခဲတံ ထပ်မပေးပါဘူး။ တခါ စတစ်ကာ လှလှလေးတွေပေးပြီး နောက်ထပ် ဒီထက်ပိုလှတဲ့ စတစ်ကာလေးတွေ ပေးဦးမယ်လို့ ကတိပေး ပြန်ပါတယ်။ ခုနက ကတိအတိုင်း ရောင်စုံခဲတံ ထပ်ရတဲ့ ကလေးတွေဟာ ဒီတခါမှာလဲ ကတိအတိုင် စတစ်ကာ လှလှ လေးတွေ ထပ်ရကြပါတယ်။ ခုနက ရောင်စုံခဲတံ ထပ်မရခဲ့တဲ့ ကလေးတွေကတော့ ဒီတခါလဲ စတစ်ကာ လှလှလေးတွေ ထပ်မရ ကြပြန်ပါဘူး။

ဒီကလေးတွေကို မုန့်တစ်ခုနဲ့ အခန်းထဲမှာ ထားခဲ့ပြီး နောက် ၁၅ မိနစ်နေလို့ မုန့်ကိုမစားသေးရင် နောက်မုန့်တစ်ခု ထပ်ရမယ်လို့ ပြောပြီး ထားခဲ့ရင် ဘာဖြစ်မယ် ထင်ပါသလဲ။ ခုနက ကတိဖျက် ခံရတဲ့ ကလေးတွေဟာ အခုအခါမှာလဲ သုတေသန ပညာရှင် ပြောတဲ့ကတိကို မယုံကြည်တဲ့အတွက် ၁၅ မိနစ် မစောင့်တော့ပဲ မုန့်ကို ကောက်စားကြပါတယ်။ ခုနက ကတိအတိုင်း ရောင်စုံခဲတံတွေ စတစ်ကာတွေ ထပ်ရတဲ့ ကလေးတွေကတော့ သုတေသန ပညာရှင်ပြောတာကို ယုံကြည်မှု ရှိတဲ့အတွက် မုန့်ကို မစားပဲ စောင့်နိုင်ကြတာကို တွေ့ရှိရပါတယ်။

ဒီဒုတိယ စမ်းသပ်မှုအရ ပညာရှင်တွေက အောက်ပါအတိုင်း ကောက်ချက်စွဲ ကြပါတယ်။ (သူတို့ကောက်ချက် မှန်နိုင် မမှန်နိုင် ဆိုတာကတော့ ကိုယ့်ဟာကို စဉ်းစားဆင်ချင် ကြည့်ကြပါ)။

၁။ ကလေးတွေကို ကတိအတိုင်း ဖြည့်ဆည်းပေးတဲ့ အခါတိုင်းမှာ ကလေးရဲ့ ဦးဏှောက်ဟာ စောင့်ရတာဟာ အကျိုးရှိတယ် ဆိုတဲ့အချက်ကို သင်ကြားပေးပါတယ်။

၂။ ကလေးကို ကတိအတိုင် ဖြည့်ဆည်းပေးတာဟာ ကလေးတွေကို စိတ်ရှည်ရှည်နဲ့ စောင့်နိုင်အောင် လေ့ကျင့်ပေးသလို ဖြစ်နေပါတယ်။

၃။ ကလေးတွေ စိတ်အလိုဆန္ဒကို ထိန်ချုပ်နိုင်စွမ်းဟာ မွေးရာပါ မဟုတ်ပဲ ဒီကလေးတွေကို သူ့ရဲ့ မိသားစုနဲ့ လူမှုပါတ်ဝန်းကျင်က ဘယ်လို ဆက်ဆံသလဲ ဆိုတာပေါ်မှာ အများကြီး မူတည်နေပါတယ်။

အချုပ်အားဖြင့်တော့ ကလေးတွေရဲ့ စိတ်ဆန္ဒ ထိန်းချုပ်နိုင်စွမ်းကို လေ့ကျင့်သင်ကြားပေးဖို့ မိဘတွေမှာ အဓိက တာဝန်ရှိတယ် ဆိုတာပါပဲ။ တနည်းအားဖြင့် ကလေးရဲ့ ဘဝတစ်သက်တာ အောင်မြင်မှုရဖို့ မိဘတွေဟာ တာဝန်အရှိဆုံး ဆိုတာပါပဲ။

ကလေးရဲ့ ဘဝတစ်သက်တာ အောင်မြင်မှုရဖို့ မိဘတွေဟာ တာဝန်အရှိဆုံး ဖြစ်ပါတယ်။

ကလေးရဲ့ ဘဝတစ်သက်တာ အောင်မြင်မှုရဖို့ မိဘတွေဟာ တာဝန်အရှိဆုံး ဖြစ်ပါတယ်။

ကလေးရဲ့ စိတ်ဆန္ဒ ထိန်းချုပ်နိုင်စွမ်း ရင့်သန်အောင် ဘယ်လိုလေ့ကျင့် သင်ကြားပေးမလဲ

ဒီစမ်းသပ်မှုနဲ့ အခြား စမ်းသပ်မှုတွေအရ ကလေးတွေ စိတ်အလိုနောက် မလိုက်ပဲ စိတ်ဆန္ဒကို ထိန်းချုပ်နိုင်စွမ်းဟာ ဘဝအောင်မြင်ရေးမှာ အရေးအကြီးဆုံး စိတ်ပိုင်းဆိုင်ရာ စွမ်းရည်ဆိုတာ ကလေး စိတ်ပညာရှင်တွေအားလုံး လက်ခံကြပါတယ်။ စိတ်ဆန္ဒနောက် မလိုက်တဲ့ ကလေးတွေဟာ –

  • လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို လုပ်ရမယ့်အချိန်မှာ လုပ်တယ် (ဥပမာ အိမ်စာလုပ်ရမယ်ဆို အချိန်ဆွဲ မနေဘူး၊ ပြီးအောင်လုပ်တယ်)
  • အရေးကြီးတဲ့ အလုပ်တွေကို ဦးစားပေး လုပ်တယ် (ဥပမာ အိမ်စာကို အရင်လုပ်ပြီးမှာ ကစားတယ်)
  • အလုပ်တခုကို အလွယ်လမ်းလိုက်ပြီး ပြီးစလွယ် မလုပ်ဘူး။ ဘာလုပ်လုပ် သေသေချာချာ လုပ်တယ်။

ဒီစိတ်စွမ်းရည် ဖြစ်ပေါ်လာအောင် ကလေးကို ဘယ်လို ပြုစုပျိုးထောင် လေ့ကျင့် သင်ကြား ပေးမလဲ။ ပထမဆုံး အနေနဲ့ကတော့ အပေါ်က စမ်းသပ်မှုမှာ လုပ်ခဲ့သလို ကလေးကို ကတိပေးပြီးရင် အဲ့ဒီကတိအတိုင်း ဖြည့်ဆည်းပေးပါ။ ဥပမာ အိမ်စာလုပ်ပြီးရင် ကစားရမယ်ဆိုရင် သူအိမ်စာလုပ်ပြီးချိန်မှာ ပေးကစားပါ။ ထမင်းစားပြီးရင် ချော့ကလက် စားရမယ်ဆိုရင် ထမင်းစားပြီး ကတိအတိုင်း ချော့ကလက် ကျွေးပါ။ ကလေးရဲ့ စိတ်ဆန္ဒ ထိန်းချုပ်နိုင်စွမ်း ရင့်သန်လာအောင်ဆိုရင် ကလေးရဲ့ မသိစိတ်ထဲမှာ (၁) စောင့်ရတာ (နေရိပ်အလာ နေပူကစောင့်ရတာ) စောင့်ရကျိုး နပ်တယ်ဆိုတဲ အသိစိတ် ဝင်သွားဖို့ လိုပါတယ် (၂) ငါ့မှာ ဒီလိုစောင့်နိုင်တဲ့ စွမ်းရည်ရှိတယ်ဆိုတဲ့ အသိဝင်ဖို့ လိုပါတယ်။ ဒီလို မသိစိတ်ထဲ စွဲသွားဖို့ဆုရင် –

  • နည်းနည်း (သေးသေး) ကနေ စပါ။ နည်းနည်းက စတဲ့အတွက် ကလေးက ဟင့်အင်းလို့ ပြောဖို့ ခက်သွားပါတယ်။ ပြီးကလေးရဲ့ စိတ်ထိန်းချုပ်နိုင်စွမ်း အားကောင်းလာမှာ ခက်တာတွေကို ပြောင်းပါ။
  • နေ့တိုင်း လေ့ကျင့်ပေးပါ။ မသိစိတ်ထဲ စွဲသွားဖို့ဆိုတာ အမြဲလေ့ကျင့်ပေးမှ ရနိုင်တာပါ။
  • ကလေးရဲ့ (စိတ်ထိန်းချုပ်နိုင်မှု) အောင်မြင်မှုကို အသိအမှတ်ပြုပါ။ ဥပမာ – တွေ့လား၊ အခုအိမ်စာပြီးသွားတော့ သားလွတ်လွတ်လပ်လပ် စိတ်တိုင်းကျ ကစားနိုင်ပြီ ဆိုတာမျိုး။ ဒါမှမဟုတ်လဲ အိမ်စာ လုပ်ပြီးတိုင်း ကြယ်တစ်ပွင့်ပေးပြီး ပြက္ခဒိန်မှာ ကပ်ထားပေးတာမျိုး။
  • ၂ မိနစ် လမ်းစဉ်ကို သင်ပေးပြီး လိုက်နာ ကျင့်သုံးပါ။ ၂ မိနစ် လမ်းစဉ်ဆိုတာကတော့ အကယ်လို့ လုပ်ရမယ့် အလုပ်တစ်ခုဟာ ၂ မိနစ်အတွင်း ပြီးနိုင်တဲ့ အလုပ်ဆိုရင် အချိန်မဆွဲပဲ ချက်ချင်းထလုပ်တာပါ။ ဥပမာ – အဝတ်ဟောင်းတွေ အဝတ်ဟောင် ခြင်းထဲ သွားထည့်တာ၊ စားပြီးတဲ့ မုန့်ခွံကို အမှိုက်ခြင်းထဲ ထည့်တာ၊ စာအုပ်တွေ စာအုပ်စင်ပေါ် အစီအစဉ်တကျ ပြန်ထားတာ။ ဒါတွေအားလုံ ချက်ချင်းထလုပ်ရင် ၂ မိနစ်အတွင်း ပြီးနိုင်တာမို့ ဒီလိုအလုပ်တွေကို ကလေးကို အချိန်မဆွဲစေပဲ ချက်ချင်း ထလုပ်ခိုင်းပါ။
  • အရေအကြီးဆုံး အချက်ကိုလဲ မမေ့ကြ ပါနဲ့ဦး။ အဲဒါကတော့ မိဘတွေ ကိုယ်၌က ကလေးအတွက် စံပြဖြစ်အောင် နေထိုင်ပြုမူကြဖို့ပါပဲ။ ဒါ့ကြောင့် မိဘကလဲ ကလေးတွေ စံပြဖြစ်အောင် စိတ်အလိုမလိုက်ပဲ လုပ်စရာ ရှိတာကို ပြီးမြောက်အောက် စံပြလုပ်ပြကြပါ။
error: